မြောက်ကိုရီးယားက ဂျပန်ရေပိုင်နက်ဘက်ကို ဒုံးကျည် ၄ စင်း ပစ်လွှတ်ခဲ့

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားနိုင်ငံက မတ် ၆ ရက်နေ့ မနက်ပိုင်းမှာ ဂျပန်ရေပိုင်နက်ဘက်ကို တိုက်ချင်းပစ်ဒုံးကျည် ၄ စင်း ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။ ဒုံးကျည် ၃ စင်းဟာ ပစ်လွှတ်လိုက်တဲ့နေရာကနေ မိုင် ၆၀၀ ကျော်အရောက် ဂျပန်အထူးစီးပွားရေဇုန်ထဲကို ကျရောက်ခဲ့ပါတယ်။ ဘယ်လိုဒုံးကျည်မျိုးဖြစ်တယ်ဆိုတာကို အတိအကျ မသိရသေးပေမယ့် မြောက်ကိုရီးယားနိုင်ငံ အနောက်ပိုင်း တရုတ်နယ်စပ်နားက ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ ပစ်လွှတ်လိုက်တာလို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ဘယ်လိုဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုနဲ့ နျူကလီးယားနည်းပညာ စမ်းသပ်မှုတွေကိုမှ မလုပ်ဖို့ ကုလသမဂ္ဂအဖွဲ့က ပိတ်ပင်ထားပေမယ့်လည်း အခုလို ဒုံးကျည်ပစ်လွှတ်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာခဲ့တာပါ။ ပြီးခဲ့တဲ့လကလည်း တိုက်ချင်းပစ်ဒုံးကျည်နည်းပညာသစ်တမျိုးကို ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ကွပ်ကဲမှုနဲ့ အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောဆိုခဲ့ပြီး ကုလသမဂ္ဂ၊ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေက အပြင်းအထန် ပြစ်တင်ရှုတ်ချခဲ့ကြတာပါ။ မြောက်ကိုရီးယားနိုင်ငံကတော့ သူ့ရဲ့ အာကာသအစီအစဉ်တွေဟာ ဘယ်သူ့ကိုမှ ရန်ပြုဖို့ မဟုတ်ဘူးလို့ ဆိုနေပေမယ့် အမေရိကန်ပြည်ထောင်စုကို ပစ်ခတ်နိုင်မယ့် ဒုံးကျည် စမ်းသပ်နေတယ်လို့ မြောက်ကိုရီးယား အနီးကပ်စောင့်ကြည့်သူတွေက ယုံကြည်နေကြပါတယ်။ ဒုံးကျည်တွေမှာ နျူကလီးယားထိပ်ဖူး တပ်ဆင်ပစ်ခတ်နိုင်အောင်လည်း ကြိုးစားနေတယ်လို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေက ယုံကြည်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up