ကလေးဝ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်လူတဦး ထိုးကြိတ်မှု ဖြစ်ပွား
ရွှေအောင်
·
March 5, 2017
ကလေးဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ခရီးသွားပြည်သူတဦးကို ထိုးကြိတ်ခဲ့လို့ အထိုးခံရတဲ့သူက ရဲစခန်းကို အကြောင်းကြားထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့ဇက် ဆိပ်မှာ ဒီနေ့မနက် ၉ နာရီလောက်က ကားနေရာချရင်း အခင်းဖြစ်ကြတာဖြစ်ပြီး အထိုးခံရတဲ့ ကလေးဝမြို့က အသက် ၆၁ နှစ်ရှိ ဦးအောင်ကျော်စိုးက သူ့ကို လွှတ်တော်ကိုယ်စားလှယ်က ကားပေါ်က ဆွဲချပြီး ထိုးခဲ့တာလို့ ပြောပါတယ်။
“ကလေးဝ ကနေ ဇက်ကူးတဲ့ဆိပ်ပေါ့၊ ကလေးဝ ဘက်ကမ်း၊ သူက ကျနော်တို့ မရောင်ခင်လေးက ဟိုကားကို ဟိုနေရာထား၊ ဒီ ကားကို ဒီ နေရာထား၊ ဟိုလိုရွှေ့ဒီလိုရွှေ့၊ ဒီကားက ဒီနေရာ မထားရဘူး ဆိုပြီးတော့ လုပ်နေတာ။ ကျနော်က ပထမ သူ့ ကားရှေ့မှာ ရပ်လိုက်တယ်။ ဟိုကားတွေက တက်လာတော့ ကျနော် နောက်ဆုတ်ပြီးတော့ တနေရာ ရွှေ့ပေးလိုက်တာ၊ သူက နောက်ဆုတ်ပြီး ကျနော့်ဆီ ၀င်လာပြီးတော့ ခင်ဗျားက ဟိုရွှေ့လိုက် ဒီရွှေ့လိုက်နဲ့ ဘာလုပ်တာလဲ ဆိုပြီးတော့ တံခါးဖွင့်ပြီး ဆွဲထိုးပါတယ်။ သူ့ ပါးစပ်က ဘာပြောသလဲဆိုတော့ သူ လွှတ်တော်ကိုယ်စားလှယ်တဲ့။”
မိသားစုနဲ့ ခရီးထွက်လာတာမို့ ခရီးကအပြန်ကျမှ ကိုယ်ထိလက်ရောက်စော်ကားတဲ့အမှုနဲ့ အမှုဖွင့်မယ်၊ အခုတော့ သူကိုယ်တိုင် ကလေးဝ ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့လည်း ပြောပါတယ်။
ကလေးဝမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်ကတော့ ဇက်ဆိပ်မှာ သူ ကား ရှင်းပေးနေတုန်း ဖြတ်ဝင်လာလို့ တားရင်း ဦးအောင်ကျော်စိုးက သူ့ကိုတွန်းထိုးသွားတာလို့ ပြောပါတယ်။
“အဲဒီကားက ဇွတ်ကြီး ထွက်လာလို့ ကျနော်က နေဦး၊ နေဦး၊ နေဦးလို့ တားတာကို တားရမလားဆိုပြီးတော့ တံခါးဖွင့်ပြီး သူက ထွက်လာတာပေါ့။ ကားတံခါးဖွင့်ပြီး ထွက်လာတော့ လူကလည်း ခန္ဓာကိုယ် ထွားထွားကျိုင်းကျိုင်းနဲ့ နည်းတဲ့ကောင်ကြီး မဟုတ်ဘူး ဆိုတော့ ကိုယ်ကလည်း နည်းနည်း စိုးရိမ်ပြီးတော့မှ ကိုယ့်ဘက်ကနေ ပြင်ဆင် ထားလိုက်တာပေါ့ဗျာ။ ပြင်ဆင်ထားလိုက်ပြီးတော့ သူက တွန်းတော့ ကျနော် နည်းနည်း လဲသွားတာပေါ့၊ အဲဒါပါပဲ။”
ကလေးဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်ဟာ အသက် ၅၀ ကျော်ဖြစ်ပြီး သည်းညည်းခံတတ်သူ တဦး ဖြစ်တယ်လို့ သူနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပါတယ်။