မလေးရှားနိုင်ငံသို့ တရားမဝင် ခိုးဝင်သည့် မြန်မာ ၂၅ ဦးကို ထိုင်းနယ်စပ်တွင် ဖမ်းမိ
DVB
·
March 1, 2017
မလေးရှားနိုင်ငံနဲ့ နယ်စပ် ထိုင်းနိုင်ငံ၊ ဆဒုံခရိုင်ထဲမှာ မလေးရှားနိုင်ငံဘက်ကို ခိုးဝင်ဖို့ ကြိုးစားနေတဲ့ အမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ၁ ဦး ပါဝင်တဲ့ မြန်မာနိုင်ငံသား ၂၅ ဦးကို ဒီကနေ့ ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနယ်စပ် ဆမ်နက်ခ်ခမ်ဒေသတွင်း ရဲတွေက လုံခြုံရေးကင်းလှည့်ချိန်မှာ သူတို့ကို ဖမ်းမိခဲ့တာဖြစ်ပြီး သူတို့ဟာ ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင်းကိုလည်း တရားမဝင် ဝင်ရောက်လာခဲ့ကာ ဒီနေရာဆီ ပစ်ကပ်ကားတစီးနဲ့ ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။
သူတို့ဟာ ထိုင်း-မြန်မာနယ်စပ်ခြံစည်းရိုးကို ဖြတ်တောက်ကာ အပေါက်တွေကတဆင့် တဘက်ခြမ်း မလေးရှားနိုင်ငံဆီ ကူးသွားဖို့ လုပ်ဆောင်ခဲ့ကြတာပါ။
အဲဒီ ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ အသက် ၁၅ နှစ်အောက်ကလေးတဦးလည်း ပါဝင်ပြီး သူ့ကိုတော့ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
ဖမ်းဆီးခံ မြန်မာတဦးက သူတို့အုပ်စုဟာ ထိုင်း-မြန်မာ ချိတ်ဆက်ပွဲစား အုပ်စုတစုကနေတဆင့် မလေးရှားနိုင်ငံမှာ လစာကောင်းကောင်းနဲ့ အလုပ်တွေ ရနိုင်တယ်ဆိုပြီး ဆွဲဆောင်ခံခဲ့ရတယ်လို့ ပြောပါတယ်။
ပစ်ကပ်ကားနဲ့ ခုဖမ်းမိတဲ့ နေရာဆီ မရောက်ခင်မှာ သူတို့ဟာ ပွဲစားတွေကို မြန်မာငွေ ကျပ် ၂ သိန်း (ဘတ်ငွေ ၅၀၀၀) စီ ပေးခဲ့ကြရကာ ၂ ရက်လုံးလုံး ဘာမှမစားရဘဲ စောင့်နေကြချိန်မှာ ခုလို ဖမ်းဆီးခံခဲ့ရတာပါ။
ထိုင်းအစိုးရ တာဝန်ရှိသူတဦးကတော့ မလေးရှားနိုင်ငံဟာ နိုင်ငံတွင်း ဝင်ရောက်လာတဲ့ တရားမဝင် ရွှေ့ပြောင်းလာသူတွေကို ပြည်နှင်ဒဏ်ပေးတာမျိုးတွေ အရေးယူ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံမှာ စက်ရုံအလုပ်ရုံတွေအတွင်း အလုပ်သမားတွေရဲ့ ၆၀ ရာခိုင်နှုန်းကို မလေးရှားနိုင်ငံသားတွေ ဖြစ်ရမယ်လို့ သတ်မှတ်ထားပြီး ၄၀ ရာခိုင်နှုန်းကျော်ဟာ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ရင် စက်ရုံပိတ်သိမ်းရမယ်လို့ သတ်မှတ်ထားတာပါ။