ကြံ့ခိုင်ရေးပါတီ မုံရွာမြို့တွင်း လှည့်လည်မဲဆွယ် စည်းရုံး
ရန်နိုင်စိုး
·
March 1, 2017
မုံရွာမြို့မှာ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီအနေနဲ့ မတ်လ ၁ ရက် နေ့လယ်ပိုင်းက မြို့အလယ် ဗိုလ်ချုပ်လမ်းတလျှောက်မှာ ကားတွေနဲ့ လှည့်လည်စည်းရုံးလှုံ့ဆော် မဲဆွယ်ခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ယခုလို မြို့တွင်းလမ်းမတလျှောက် လှည့်လည်ကာ စည်းရုံးရေး စတင်တာဖြစ်တယ်လို့ သိရပါတယ်။
အခုလို စည်းရုံးရေးလှည့်လည်ပြုလုပ်ရာမှာ မုံရွာခရိုင်တွင်း မြို့နယ်များက ပြည်ခိုင်ဖြိုး ပါတီဝင်တွေ စုပေါင်းပြီးပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံတွင်းရှိ လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလောင်းနေရာ ၁၈ နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
မုံရွာမြို့မှာတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်သွားတဲ့ ပြည်သူလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ပါတီ ၅ ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးညွှန့်အောင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒေါက်တာဝင်းမြင့်အောင်၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီက ဦးစိန်မောင်း၊ အမျိုးသားတိုးတက်ရေးပါတီက ဦးညွန့်လှိုင်နဲ့ ပြည်သူ့ဒီမိုကရေစီပါတီက ဒေါက်တာသန်းထိုက်ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလောင်းတွေအနေနဲ့ ဇန်န၀ါရီ ၃၀ ရက်က စတင်ကာ မတ်လ ၂၉ ရက်အထိ မဲဆွယ်စည်းရုံးခွင့်ကို ပြည်ထောင်စုကော်မရှင်က ခွင့်ပြုထားခြင်းဖြစ်ပြီး ဧပြီ ၁ ရက်နေ့မှာတော့ ရွေးကောက်ပွဲကျင်းပသွားမှာ ဖြစ်ပါတယ်။
ရန်နိုင်စိုး