Home
ရုပျသံ
မြန်မာမီဒီယာလောက ဖွံ့ဖြိုးတိုးတက်မှုနဲ့ လွတ်လပ်မှု ဘယ်လောက်ရှိပြီလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
March 1, 2017
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသက်တမ်း ၁ နှစ် ပြည့်ပါတော့မယ်။ သက်တမ်း ၁ နှစ်အတွင်းမှာ မြန်မာမီဒီယာလောက ဖွံ့ဖြိုးတိုးတက်မှုနဲ့ လွတ်လပ်မှု ဘယ်လောက်ရှိပြီလဲဆိုတာ ကျနော်တို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ဦးဇေယျာလှိုင်တို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) မြန်မာပြည်ရဲ့ မီဒီယာလောက အခုအစိုးရသက်တမ်း ၁ နှစ်အတွင်းမှာ ဘာတွေများ ဖွံ့ဖြိုးတိုးတက်လာတယ်၊ ဘယ်လောက် လွတ်လပ်မှုရှိလဲ။ အဲဒါနဲ့စပြီး ဆွေးနွေးပေးပါခင်ဗျ။ ဦးကျော်မင်းဆွေ (အယ်ဒီတာချုပ်၊ The Voice Weekly, The Voice Daily) ပွင့်ပွင့်လင်းလင်းပြောရရင် ဖွံ့ဖြိုးတိုးတက်မှုကတော့ ကျနော်တို့ ဘာမှ မတွေ့ဘူးပေါ့။ အရင်တုန်းကအတိုင်းပဲ။ တချို့ဟာတွေ အရင်တုန်းကထက်တောင် ပိုပြီးတော့ ခက်သွားတာတွေ ရှိတယ်။ ဘာဖြစ်လို့ ပိုခက်သွားတာရှိလဲ ပြောရင် ကျနော်တို့ မျှော်လင့်ထားတာက ဒီမိုကရေစီ Elected Government ဖြစ်တယ်။ ကျနော်တို့ကိုယ်တိုင်လည်း မဲပေးထားတဲ့အစိုးရ ဖြစ်တယ်။ အဲဒီအစိုးရဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲရေး မျှော်လင့်ချက် ရှိတယ်။ အဲဒီမျှော်လင့်ချက်နဲ့ ယှဉ်ကြည့်ရင်တော့ နောက်ဆုတ်သွားတယ်လို့ ပြောလို့ရတယ်။ ပြောချင်တာက ၁ နှစ်အတွင်း အခုအချိန်အထိ ကြည့်တဲ့အခါ ဖွံ့ဖြိုးတိုးတက်မှုက မီဒီယာလောကမှာ မရှိသလောက်ပဲ။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) လွတ်လပ်မှုနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာတုန်းက မဏ္ဍိုင်ကြီး ၃ ရပ်က သတင်းတွေ အချိန်မီထုတ်ပြန်ပေးမယ်။ ဒါကတော့ ရွေးကောက်ပွဲ ကြေညာစာတမ်းထဲမှာလည်း ပါခဲ့ပါတယ်။ အဲဒီတော့ မီဒီယာလွတ်လပ်ခွင့်ဆိုရင် Access to Information အထိပါ ပါလာတာပေါ့။ အဲဒါနဲ့ပတ်သက်လို့ ဘယ်လောက်များ ဖွံ့ဖြိုးတိုးတက်လာလဲ၊ ဘယ်အခြေအနေရောက်လဲ ကိုဇေယျာလှိုင် ဆွေးနွေးပေးပါဦးခင်ဗျ။ ဦးဇေယျာလှိုင် (အယ်ဒီတာ၊ မော်ကွန်းမဂ္ဂဇင်း) ၂၀၁၀ မှာရှိတဲ့ ကိန်းဂဏန်းတွေအရဆိုရင်တော့ ဂဏန်းတွေတော့ တက်လာတယ်ပေါ့။ ၂၀၁၀ မှာတုန်းက ဦးသိန်းစိန်အစိုးရ ၅ နှစ်မှာတော့ ၁၇၄ ကနေ ၁၄၄ ကို တက်လာတာပေါ့လေ။ မနှစ်ကနဲ့ ဒီနှစ် ယှဉ်ကြည့်မယ်ဆိုရင် ဒီနှစ်ကတော့ ၁၄၃ ဆိုတော့ တနေရာပဲ တက်သွားတယ်ဆိုတဲ့သဘော။ ဒါကတော့ ကိန်းဂဏန်းအရပေါ့လေ။ အဲဒီတော့ ဘယ်လောက်ထိ လွတ်လပ်ခွင့်ရှိလဲဆိုတာကတော့ အန်အယ်လ်ဒီအစိုးရ တက်လာလာချင်းပဲ လွှတ်တော်မှာ ကျနော်တို့ သတင်းစာဆရာတွေ စပြီး ကန့်သတ်ပိတ်ပင်ခံရတယ်ပေါ့။ ဒါကတော့ စပြီး မြင်သာတဲ့အပိုင်းပေါ့။ နောက်ပြီးတော့ သတင်းပေးမယ်ဆိုရင် အစိုးရအဖွဲ့ရဲ့သတင်းကို အစိုးရအဖွဲ့က ဘယ်သူက ပြောမလဲဆိုတာ မသိဘဲနဲ့ ပါတီကို သွားမေးရတဲ့ကိစ္စ။ ပါတီကလည်း ပြောချင် ပြောတယ်၊ မပြောချင် မပြောဘူးပေါ့။ ဒါ တပိုင်းပေါ့လေ။ နောက်တခုရှိတာက အနီးစပ်ဆုံး ပြန်ပြောမယ်ဆိုရင် ဦးကိုနီ ကိစ္စပေါ့နော်။ ဦးကိုနီကိစ္စဆိုရင် သတင်းထုတ်ပြန်တာ နှေးသလို မနေ့ကပဲ သတင်းဌာနက ရေးတယ်ပေါ့နော်။ ပုဂ္ဂလိကသတင်းဌာနကနေ နောက်ထပ်နှစ်ယောက်ကို ထပ်ဖမ်းမိပါတယ်လို့ ရေးတယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီး အခုအချိန်အထိပေါ့လေ တာဝန်ရှိတဲ့ပုဂ္ဂိုလ်ဘက်ကနေ သတင်းထုတ်ပြန်တာမျိုး မတွေ့သေးဘူးပေါ့လေ။ လွတ်လပ်ခွင့်ရှိလား၊ မရှိလားလို့ မေးရင် လူတွေက ပြောလိမ့်မယ်။ ဆင်ဆာမရှိတော့ဘူးဆိုတာပဲ လူတွေ ပြောလိမ့်မယ်။ သတင်းစာဆရာ နှစ်ခု လုပ်ရတာက Report and Writing ပေါ့။ ပြောမယ်ဆိုရင် Presentation ပေါ့၊ Reporting လုပ်ဖို့ သတင်းတွေ ထောက်လှမ်းဖို့၊ သတင်းရယူဖို့အတွက်ကို လက်ရှိက အချက်အလက်တွေ အစိုးရဆီက မရနိုင်သေးဘူး ဖြစ်နေတယ်။ နောက်ပြီးတော့ ဥပဒေပြုပြင်ပြောင်းလဲရေးတွေမှာလည်း အခက်အခဲတွေ ရှိနေသေးတယ်။ အယ်ဒီတာစကားဝိုင်းအပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနားဆင်နိုင်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024