ကသာမြို့တွင် တရားမ၀င် သစ်ခွဲသားများနှင့် မီးသွေးအိတ်များ ဖမ်းမိ
DVB
·
March 1, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကချင်ပြည်နယ် နယ်စပ်၊ ချောင်းဝကျေးရွာအနီး ကောက်ကွေ့ချောင်းနဲ့ ဧရာဝတီမြစ်ဘေးမှာ ဖေဖော်ဝါရီ ၂၈ ရက်မနက်ပိုင်းက တရားမဝင် သစ်ခွဲသားနဲ့ မီးသွေးအိတ်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။
တိုင်းသစ်တော ညွှန်ကြားရေးမှူး လမ်းညွှန်ချက် အရ ကသာခရိုင် လ/ ထ ညွှန်ကြားရေးမှူး ဦးဆောင်တဲ့အဖွဲ့က ချောင်းဝကျေးရွာအနီး နယ်မြေရှင်းလင်းရေး ဆောက်ရွက်ရာ တရားမဝင် ကျွန်းခွဲသားတွေ တင်ဆောင်ထားတဲ့ မော်တော် ၁ စီး၊ တရားမဝင် မီးသွေးအိတ်တွေ တင်ဆောင်ထားတဲ့ ထော်လာဂျီ ၁ စီး တရားခံ ၂ ဦး တို့ကို ဖမ်းမိခဲတယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။
ကျွန်းခွဲသား ဆိုက်စုံ ၂၃၁ ချောင်း၊ မီးသွေးအိတ် ၁၄၀၁ အိတ်၊ အစိမ်းရောင် မော်တော် ၁ စီး ၊ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် ၆၁၉၃၇၀၀ ကျပ်ခန့် ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
“အခုလို ကျွန်းခွဲသားနဲ့ မီးသွေးအိတ်တွေဟာ နယ်စပ်ဒေသဈေးကွက်မှာ ဈေးကောင်း ပေးဝယ်နေတာကြောင့် မီးသွေးဖုတ်သူနဲ့ သစ်ခုတ်သူတွေ များလာနေတာဖြစ်ပြီး ဧရာဝတီ မြစ်ကြောင်းကတဆင့် ဗန်းမော်ဘက်ကို သယ်ယူမှု များလာတာ” လို့ ဒေသခံတွေက ပြောပါတယ် ။
တရားမဝင် ကျွန်းခွဲသားနဲ့ မီးသွေးအိတ် သယ်ဆောင်သူ မလဲ့ နဲ့ သိန်းဇော် တို့နှစ်ဦးကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးမှု ဥပဒေပုဒ်မတွေနဲ့ အရေးယူ ဆောင်ရွက်နေတယ်လို့ ကသာခရိုင် သစ်တော ဦးစီးဌာနက သိရပါတယ်။
သီဟဆွေ (ကသာ)