ထိုင်းဘဏ်များ မြန်မာပြည်တွင် သွားရောက်ဖွင့်လှစ်မည်
Published By
DVB | 27 December, 2011
8.2K
0
Share
0
Comment
0
Likes

ထိုင်းနိုင်ငံက ထိပ်တန်း ပုဂ္ဂလိကဘဏ်တချို့ဟာ မြန်မာနိုင်ငံမှာ သွားရောက်ဖွင့်လှစ်ဖို့ စီစဉ်နေကြတယ်လို့ ဒီကနေ့ ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းစာမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ တိုးချဲ့ဖို့ပြင်ဆင်နေတဲ့ ဘဏ်တွေကတော့ Krung Thai Bank (KTB) ဘဏ်နဲ့ Siam Commercial Bank (SCB) ဘဏ်တွေဖြစ်ပါတယ်။
KTB ဘဏ် ဥက္ကဋ္ဌ အဖိဆတ် တန်တိဝိုရာဝေါင်ကတော့ မြန်မာနိုင်ငံဟာ အာဆီယံမှာ ဈေးကွက်တခုဖြစ်လာပြီး ဘဏ်လုပ်ငန်းအပါအဝင် စီးပွားရေး လုပ်ငန်းအားလုံးမှာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်မယ့် အလားအလာတွေ မြင်တွေ့နေရတဲ့အတွက် မြန်မာ့စီးပွားရေးမှာ ပိုမိုပါဝင်ပတ်သက်ဖို့ စောင့်ကြည့်နေတယ်လို့ပြောပါတယ်။
SCB ဘဏ် ဥက္ကဋ္ဌ ကန်နီကာ ချာလိတာပွန်းကတော့ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးဖွင့်လှစ်ဖို့ ထိုင်းဗဟိုဘဏ်ကနေ ခွင့်ပြုချက်စောင့်နေတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေ ဖွင့်လှစ်ခွင့်လိုင်စင်ချပေးတာနဲ့ဘဏ်ခွဲသွားဖွင့်ဖို့အသင့်ဖြစ်နေပြီလို့ပြောပါတယ်။
မြန်မာပြည် တွင်းဘဏ်တွေက အာဆီယံနိုင်ငံတချို့မှာ ဘဏ်ခွဲတွေသွားဖွင့်ဖို့ပြင်နေတယ်လို့ သတင်းတွေထွက်နေချိန်မှာ ထိုင်းဘဏ်တွေကလည်း မြန်မာပြည်ဝင်ဖို့ပြင်နေတာပါ။