ယူအန်အက်ဖ်စီအဖွဲ့ဝင် အားလုံးပါဝင်မှ အစိုးရနှင့် ဆက်လက် ဆွေးနွေးမည်
နော်နိုရင်း
·
December 26, 2011
[caption id="attachment_19188" align="alignleft" width="300" caption="ဆွေးနွေးနေစဉ်"][/caption]
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့ဝင်တွေ အားလုံးပါဝင်မှ အစိုးရနဲ့ ဆက်လက် ဆွေးနွေးမယ်လို့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို) က ပြောပါတယ်။
ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ဟာ ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ချိန်မှာ ပြောကြားခဲ့တာလို့ အဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဥက္ကာက ပြောပါတယ်။
“တွေ့တဲ့ ခေါင်းစဉ်ကတော့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ဘာတွေလိုချင်လဲ။ ဘာဖြစ်ချင်လဲ မေးတာပါ။ ကျနော်တို့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်က အဖွဲ့ငယ် ဖြစ်ပါတယ်။ အင်အားလည်း နည်းပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ သီးခြားတွေ့ဆုံဆွေးနွေးခြင်း၊ သီးခြားသဘောတူခြင်း၊ သီးခြား ညှိနှိုင်းခြင်း မရှိပါဘူး။ မလုပ်ပါဘူး။ ကျနော်တို့ပါဝင်နေတဲ့ ယူအန်အက်ဖ်စီနဲ့ပဲ ပူးတွဲပြီးတော့ ယူအန်အက်ဖ်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆွေးနွေးသွားမယ်၊ ပါဝင်သွားမယ်လို့ အကြောင်းပြန်ကြားပါတယ်။ အဲ့လိုပြန်ပြောတဲ့ အတွက် သူတို့က သီးသန့် ပီအန်အယ်လ်အိုနဲ့ ဆွေးနွေးတာတော့ မရှိတော့ဘူးပေါ့။”
ဝန်ကြီးဦးအောင်မင်း အနေနဲ့လည်း ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေ အားလုံး ပါဝင်တဲ့ တွေ့ဆုံမှုမျိုး တွေ့ဆုံမယ်လို့ ပြောဆိုခဲ့ကြောင်း ဦးခွန်ဥက္ကာက ဆက်ပြောပါတယ်။
“ဦးအောင်မင်းရဲ့ သဘောထားကတော့ အဖွဲ့ကြီးလည်း တွေ့မယ်။ အဖွဲ့ငယ်လည်း တွေ့မယ်။ မခွဲခြားထားဘူးပေါ့။ ငြိမ်းချမ်းရေးကိစ္စမှာ တဖွဲ့ဖွဲ့ကျန်နေလို့ မကောင်းဘူးပေါ့။ အားလုံးတပြိုင်တည်း တွေ့မယ်လို့ ပြောတော့ ကျနော်တို့ကလည်း ယူအန်အက်ဖ်စီနဲ့တွေ့ပါ။ တဖွဲ့ချင်းတွေ့လို့ သူရင်ဆိုင်ရတဲ့ အခက်အခဲတွေကလည်း များပါတယ်။ တဖွဲ့ချင်းတွေ့လို့ မပြေလည်တာလည်းရှိတော့ ဒီတခါတော့ တဖွဲ့ချင်းမဟုတ်ဘဲ ယူအန်အက်ဖ်စီက တောင်းဆိုတဲ့အတိုင်း ယူအန်အက်ဖ်စီ အစုအဖွဲ့နဲ့ တညီတညွတ်တည်း တွေ့ဖို့ဆိုတဲ့ သဘောမျိုး သူက သဘောထားပြောင်းပြီးတော့ ပြောတာရှိပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ယူအန်အက်ဖ်စီ အဖွဲ့တွေအချင်းချင်း တိုင်ပင်ပြီးတော့ လိုလားချက်တွေကို စာနဲ့ရေး၊ အဖွဲ့ခေါင်းဆောင်တယောက်ကပြော၊ ကျန်တဲ့အဖွဲ့ဝင်တွေက ဝိုင်းနားထောင်ပြီးတော့ အဲ့ဒီ မူနဲ့ဆိုရင် ယူအန်အက်ဖ်စီ အစုအဖွဲ့နဲ့တွေ့ဖို့ အလားအလာ ရှိနေပါတယ်။ ယူအန်အက်ဖ်စီဘက်က အဆင့်သင့်ဖြစ်ရင် ပြောပါတဲ့။ ချိန်းတဲ့နေရာ လာတွေ့မယ်လို့ ပြောတယ်။”
ယူအန်အက်ဖ်စီကို ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီတိုးတက်ရေးပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦး၊ မွန်ပြည်သစ် ပါတီနဲ့တခြား လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့ ၁၂ဖွဲ့ ပူးပေါင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အစိုးရကနေ စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာရင် စုပေါင်း ခုခံကာကွယ်နိုင်ရေး အတွက် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အခုလ ၂၂ရက်နေ့က ဝန်ကြီးဦးအောင်မင်းရဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မွန်ပြည်သစ်ပါတီကတို့ တွေဆုံခဲ့သလို ၂၁ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး လာမယ့် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အပစ်ခတ်ရပ်စဲရေးအတွက် ဘားအံမြို့ကို သွားရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။