ဇာဂနာ – ခေတ်များကို ဖြတ်သန်းသောအခါ (အပိုင်း ၁)

နိုင်ငံရေးပြက်လုံးတွေနဲ့ နာမည်ကျော်ခဲ့တဲ့ ဇာဂနာဟာ ဦးနေ၀င်းရဲ့ မဆလခေတ်ကနေ စစ်အစိုးရအုပ်ချုပ်တဲ့ န၀တ၊ နအဖခေတ်၊ အခုနောက်ဆုံး ရွေးကောက်ပွဲအလွန် ဦးသိန်းစိန် အစိုးရခေတ်အထိ ခေတ်တိုင်းမှာ ထောင်ချခံခဲ့ရသူ​ ဖြစ်ပါတယ်​။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့၊ နိုင်ငံရေးအဖြစ်အပျက်တွေမှာ ထဲထဲဝင်ဝင်ပါခဲ့တဲ့ သူရဲ့ အတွေ့အကြုံ၊ ခံစားချက်တွေ၊ အမြင်တွေကို ဒီဗွီဘီ အယ်ဒီတာ ဦးခင်မောင်စိုးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဇာဂနာ​ ​ရောက်လာတုန်း​ ​တွေ့ဆုံ ဆွေးနွေးထားပါတယ်။ ဇာဂနာကို မွေးထုတ်ပေးခဲ့တဲ့ မဆလခေတ်ကနေ ၂၀၀၇​ ​ရွှေဝါရောင် တော်လှန်ရေးကာလအထိ အခြေအနေတွေကို ဒီပထမပိုင်းမှာ ဆွေးနွေးထားပါတယ်။ ခင်​မောင်​စိုး​-ကျနော်က ထိန်ထိန်ပြောတဲ့စကားလေး သွားသတိရတယ်။ ကြောက်မွေးပါ ဇာဂနာနဲ့နုတ်ဆိုတဲ့ သူ့ရဲ့ဆောင်းပါးလေးပေါ့နော်။ အဲဒီထဲမှာလည်း မဆလ ခေတ်တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တခုကို ပြောဖြစ်တာ။ အဲလိုပဲ ပြက်လုံးလုပ်ရင်းက အမှုတွေဖြစ်ပြီးတော့ တရားစွဲခံရတယ်။ နောက်ဆုံးတော့ အဲဒီတုန်းက ရှိနေတဲ့ တရားသူကြီးက လူပြက်ပဲကွာ အဲဒီလောက်တော့ ပြက်မှာပေါ့ ဆိုတာမျိုး။ တဆက်တည်းမှာ သူက အဲဒီစကားပြောတာကလည်း အဲတုန်းက ရှိခဲ့တဲ့ ဥက္ကဋ္ဌကြီး ဦးနေ၀င်းက ပြောခဲ့တာ။ အဲဒီအဖြစ်အပျက်ကလေးက ဘယ်လိုဖြစ်ခဲ့တာလဲ။ “အဲဒါက ၁၉၈၆ ဆရာ။ ကျနော့်ဘ၀မှာ ပြက်လုံးပြက်လို့ ပထမဆုံး အဖမ်းခံရတဲ့ပွဲပေါ့။ ပုသိမ်ကို အလံတော်ရောက်တာ၊ အလံတော်ရောက်တော့ မြန်မာပြည်ကို တလောတုန်းက လာလည်တဲ့ သိန်းတန်(မြန်မာပြည်)နဲ့ပွဲပေါ့။ အလံတော်ရောက်တော့ သူတို့က စတိတ်ရှိုး၊ ကျနော်တို့က အငြိမ့်ကတယ်။ ကျနော်၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျော်ကြော်၊ ဂေါ်ဇီလာ၊ မင်းသမီးက ၀င့်သိင်္ဂီနဲ့ မြပုဏ္ဏမာအငြိမ့်ဆိုပြီး ကျနော်တို့ကကြတယ်။ အဲဒီမှာက ကျနော် ဘာပြက်လုံး သွားတည်လိုက်တာလဲဆိုတော့ ခေါင်းပေါင်းစ ဘယ်ချ၊ ညာချ ပြက်လုံးပြက်ရင်းနဲ့ ဖြစ်တာ။ အဲတုန်းက လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အမတ်တွေက ညာချနေကြတာ၊ ဘယ်ဟာတုန်း ခေါင်းပေါင်းစဆိုပြီး ပြောတာကို၊ အဲဒီပြက်လုံးက အခု ဒီလိုသာပြောရတာလေ၊ အဲဒီရောက်အောင် ကျနော်တို့က မနည်းတည်လာတာ။ တည်လာပြီးတော့ အဲဒီနေ့ညပဲ ဖြစ်ချင်တော့ ၁၁ နာရီလောက်ပဲ တည်းခိုဆောင်ကိုလည်း ပြန်ရောက်ရော တခါတည်း လာဖမ်းသွားတာ။ ကျနော်တို့ကို တညလုံးစစ်တယ်။ ကျနော်နဲ့ အရိုင်းနဲ့  နှစ်ယောက်ကို။ ကျနော်က နောက်ဆုံးခေါင်းခံလိုက်တယ်။ ကျနော် တာဝန်ရှိတယ်။ ကျနော့်ညီတွေကို ပြန်လွှတ်လိုက်။ ခင်ဗျားတို့ဖြစ်စရာရှိရင် ကျနော့်ကိုလုပ်၊ ကျနော်ပြောတာ။ အဲဒါ ကျနော်နဲ့ အရိုင်းနဲ့ကို ဆက်ထားတယ်။ နောက်တနေ့ကျတော့ ပွဲရှိနေလျက်နဲ့ ကျနော်တို့ကို ပုသိမ်ကနေ ရန်ကုန်ကို ရဲအစောင့်အရှောက်နဲ့ လွှတ်လိုက်တယ်။ စတီးဝတ်အချုပ်မှာထားတယ်။ ရုံးမှာစစ်တော့ ကျနော်တို့က အမှန်အတိုင်းပြောတယ်။ ဒါကပြက်လုံးပဲ၊ ပြက်လုံးမှာ ကျနော်တို့ပြောတာ၊ ခေါင်းပေါင်းစ ဘယ်ချ၊ ခေါင်းပေါင်းစ ညာချ၊ ဒီဟာနဲ့သွားတာ။ မဟုတ်ဘူးတဲ့။ မင်းတို့က လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောတာ။ ဟုတ်တယ်၊ ဒီလိုပြောမှ ဒီလိုရယ်ရမယ်။ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေ ညာချနေတာပဲ။ ဒါကို ကျနော်တို့က ပြောတာ။ ဒါက နိုင်ငံတော်ကို စော်ကားတာ၊ ဘယ်နှနှစ်ကျသွားမယ်ပြောတယ်။ ကျချင်လည်းကျ၊ ဖြစ်ချင်တာဖြစ်လို့ဆိုပြီး အဲဒီအချိန်မှာ အသက်ကလည်း ငယ်သေးတယ်။ ၈၆ ခု အသက် ၂၅ ပဲပေါ့။ အိမ်ထောင်ကလည်း ကျခါစ၊ လူတွေကတော့ စိုးရိမ်တဲ့စိတ်တော့ လူတွေကရှိတာပေါ့။ ကျနော်ကဖြစ်ချင်တာဖြစ်ပဲ။ ဒါပေမယ့် ကံအားလျော်စွာပဲ ဦးနေ၀င်းဆီကို ဒီသတင်းပို့လိုက်တဲ့အခါကျတော့ အဲဒါမျိုး မလုပ်နဲ့၊ ပြန်လွှတ်လိုက်ဆိုပြီးတော့ လွှတ်ခိုင်းတယ်။ အဲလိုလွှတ်ပြီးတော့ ဖြစ်ချင်တော့၊ ကျနော်တို့ပြဿနာဖြစ်တာ ပြည်ထောင်စုနေ့၊ အဲဒီနောက်မှာ တော်လှန်ရေးနေ့က မတ်လ ၂၇ ရက်နေ့မှာဆိုတော့ ကျနော်တို့ကို ခေါ်ပြီးကခိုင်းတယ်။ အဲဒီပြက်လုံးကိုပဲ ပြန်ပြက်တယ်။ အဲဒီကျတော့ မဖမ်းတော့ဘူး။ အဲဒီထက်တောင် ဆိုးတဲ့ပြက်လုံးတွေကို ထပ်ပြီးတော့ ပြက်ရတာတွေ ရှိတယ်။ ဥပမာ ဟိုကောင်စီလည်း မကောင်းဘူး၊ ဒီကောင်စီလည်း မကောင်းဘူး။ သူတောင်းစားတို့၊ ကျနော်တို့ အဲဒီမှာတင် ကိုင်တော့တာ။ ဒါပေမယ့်  အဲဒီလိုလုပ်တာတွေက လူတယောက်ကို ရပ်တန့်သွားစေချင်လို့ အရေးယူတာလို့ ထင်တယ်။ ဒါပေမယ့် ကျနော့်စိတ်ထဲမှာတော့ ပိုပိုတိုးစေချင်လို့ လုပ်ပေးလိုက်တယ်လို့ ထင်တယ်။ တွန်းအားတွေဖြစ်တယ်။ ကျနော် ဒါကြောင့် ခုန ကဗျာလိုပေါ့။ မီးပြင်းနဲ့တိုက်၊ တိုက်ချင်တိုက်၊ ပေမှာတင်ထု၊ ထုချင်ထု၊ မီးတိုက်တဲ့အခါ၊ နီရဲလာမယ်။ တူထုတဲ့အခါ ကျစ်မာလာမယ်။ နာနာထုလေ၊ ဓားကောင်းလေ ဆိုတဲ့ ကဗျာကို သွားသွားသတိရတယ်။ အမြဲသတိရတယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုဖြစ်လေ အကောင်ပိုပိုကြီးလာတယ်။ မာရီယိုလားမသိဘူး။ တခုစားလိုက်တိုင်း အကောင်ကြီးကြီးလာသလိုပဲ၊ ကျနော်အဲသလိုဖြစ်လာလေ အကောင်ပိုကြီး လာတယ်။ ထပ်ထပ်လုပ်ချင်လာတယ်။ အဲလိုမလုပ်ရင် ကျနော်ပြက်လုံး ရှာမတတ်တော့ဘူး။” ခင်​မောင်​စိုး​-အဲတော့ မဆလခေတ်တုန်းက မီးပြင်းတိုက်တာတွေကို ဖြတ်သန်းလာတယ်။ အဲလိုကနေ ၈၈ အရေးအခင်းကြီးမှာရော လူရွှင်တော် တယောက်၊ အနုပညာသမား တယောက်အနေနဲ့ ခုနပြောတဲ့ မီးပြင်းကြီးမှ တကယ့် အကြီးစားကြီး။ တကယ့် ကိုယ့်တွန်းအားကြီး တခုလို အဲဒါတွေကို ဘယ်လိုဖြတ်သန်းခဲ့ရလဲ။ “၈၈ ခုနှစ်၊ အရေးတော်ပုံကြီး တကယ်စတာ မောင်ဖုန်းမော်နေ့ ဖြစ်တဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ မြောက်ဥက္ကလာ ဘုရားပွဲမှာ ကနေတာ။ အဲဒီအချိန်တုန်းက ဟန်းဖုန်းတွေဘာတွေလည်း မပေါ်သေးဘူး။ ဒါပေမယ့် သတင်းကရောက်လာတော့ လူက ဒီမတိုင်ခင် ၈၇ က ပိုက်ဆံသိမ်းကတည်းက ကျနော်နဲ့ အရိုင်းနဲ့က မန္တလေးမှာ ရုပ်ရှင်ရိုက်ဖို့ ရောက်နေတယ်။ တော်တော်စိတ်ထိခိုက်တယ်။ စိတ်ထိခိုက်တယ်ဆိုတာ မကျေနပ်တာ။ ဘာလုပ်တာလဲ။ အဲဒီတုန်းကတည်းက အနာက ရှိနေတော့ ဇာတ်ခုံပေါ် ရောက်တိုင်း ကျနော် အဲဒီပြက်လုံးပြက်တယ်။ ဒီပိုက်ဆံနဲ့ ပတ်သက်တဲ့ အကြောင်းကို ပြောတယ်။ အစိုးရကို အနည်းနဲ့အများ စင်ပေါ်မှာ ပြောနေတဲ့အချိန်၊ အဲဒီနေ့မှာ မောင်ဖုန်းမော်နေ့ မြောက်ဥက္ကလာ ဘုရားပွဲမှာ​ ရှိတော့ အဲဒီနေ့က ည ၁၂ နာရီထိုးချိန်မှာ ဘာမှမဆိုင်ဘဲနဲ့ ပြဇာတ်တခုလုပ်ပြီးတော့ အဲဒီပြဇာတ်က တိုက်ထားတဲ့ ပြဇာတ်မဟုတ်ဘူး။ ပါးစပ်နဲ့ပြောပြီးတော့ ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်တဲ့ အစိုးရဆိုပြီးတော့ တခန်းရပ်ပြဇာတ်ကလေးကို ချက်ချင်း ကောက်တည်တာ။ ဟိုကသတင်းရပြီ။ ကျနော်တို့မှာ ဖြစ်နေတာ။ အဲဒီမှာ ကျနော်တို့က စိတ်ကရှိနေပြီ။ ကျနော့်စိတ်ထဲမှာ မကျေနပ်တာက ရှိနေတော့ အဲဒီပြဇာတ်က မကောင်းဘူး။ မကောင်းဘူးဆိုတာ မကျေနပ်တာကို သိပ်ရှေ့တန်းပို့လိုက်တဲ့အတွက် အနုပညာအရ မကောင်းဘူး။ အဲဒီအချိန်မှာ ကျနော်တို့ လုပ်တဲ့အလုပ်တွေကလည်း နည်းနည်းမာတယ်။ မောင်ဖုန်းမော် ဖြစ်တာ မတ်လ ၁၃၊ အဲဒီမှာ ပွဲမိန့်တွေပိတ်ပြီးတော့ ဧပြီ သင်္ကြန်နားနီးမှာ သန်လျင် ကျိုက်ခေါက်ဘုရားပွဲကရတယ်။ မကောင်းဘူးဆရာ။ အမာတွေ၊ အရမ်းကို တရားလွန် စိတ်ရှေ့ရောက်ပြီးတော့ စိတ်ဆိုးတာတွေများပြီး အနုပညာက မကောင်းတော့ဘူး။ ဒါပေမယ့် ကံအားလျော်စွာ သင်္ကြန်ကျော်ပြီး တာမွေရာပြည့်ကွင်းမှာ ကတော့ မင်းသားကြီး ဦးမြတ်လေးနဲ့ စကားပြောဖြစ်တယ်။ သူက ကျနော်တို့ပွဲကို လာကြည့်တယ်။ လာကြည့်ပြီးတော့ ဘာပြောလည်းဆိုတော့။ မျက်နှာမာရင် လေသံလျှော့၊ လေသံမာရင် မျက်နှာပျော့။ ဒိန်းဆိုကျနော်သိသွားတယ်။ ဟုတ်တယ်။ အဲဒီနေ့ညကစပြီး သူတောင်းစား ပြဇာတ်ကိုတင်တာ၊ ၀က်ဝက်ကွဲပဲ၊ ဆရာတို့ဆီမှာ လွှင့်တာ။ သူတောင်းစား ပြဇာတ်က အသာလေးနဲ့ မျှော့ထိုးနေတာ။ တနိုင်ငံလုံး လှည့်ကလိုက်ရတာ။ အဲဒီ ၈၈ ခုနှစ် အရေးတော်ပုံကြီး ဖြစ်ခါနီးထိ၊ အဲဒီနေ့ကစပြီး ပြောင်းသွားတဲ့ သူတောင်းစားက ကျနော် တောက်လျှောက်တွန်းတော့တာ။ အဲဒီ သူတောင်းစား ပြဇာတ်က ခုချိန် ကလည်းရတယ်။ အခုလွှတ်တော်ကြီးရှိတယ်။ ပိုတောင်ကလို့ ကောင်းသေးတယ်။ ဘာကြောင့်လည်းဆိုတော့ သူတောင်းစား ပြဇာတ်က အလုံးအ၀န်းပဲပြောင်းတာ။ ဖရိန်က ဒါပဲလေ။ ခေတ်ကာလရဲ့ အချိန်ကို ကြိုက်တာထည့်သွားလို့ ရတယ်။ အဲဒီမှာ သူတောင်းစားပြဇာတ်က ဦးမြတ်လေး ပြောလိုက်တဲ့ မင်းမျက်နှာမာရင် လေကိုပျော့၊ လေမာချင်ရင် မျက်နှာလျှော့ဆိုတဲ့ဟာက ကျနော့်စိတ်ထဲမှာ အလိုလိုနေရင်း ၀င်သွားတော့ သူတောင်းစားပြဇာတ်က အပျော့နဲ့ထိုးတဲ့အချိန်၊ ပရိသတ်ကလည်း သိပ်ကြိုက်၊ လူတွေကလည်း အဲဒီအချိန်က မဆလ အစိုးရ၊ အဲဒီအရှိန်က ၈၈ အရေးတော်ပုံ ၈၈၈၈ ထိပါသွားလိုက်တော့ ကျနော်က ပြည်သူ့ဘက်က ရပ်တည်သော အနုပညာသည်လိုလို လူပြက်လိုလို ရောက်သွားပြီးတော့ စင်ပေါ်တက်၊ ဟောပြော လမ်းမတွေပေါ် ထွက်ဆိုတဲ့လူ ဖြစ်သွားတာပေါ့။ ဒီလိုနဲ့ပဲ သူငယ်ချင်းတွေ​ အားလုံးနဲ့ ထောင်ထဲ​ ​ရောက်သွားတာပဲ။ အဲဒီ ၈၈ ခုနှစ်မှာ တကယ်ပြောရင် လမ်းပေါ်ထွက်ပြီး အဖမ်းခံရတဲ့ထဲမှာ ကျနော်ပထမဆုံး၊ ကျနော်ရယ်၊ ကိုဇင်ဝိုင်းရယ်၊ အောက်တိုဘာ ၂ ရက်မှာ အဖမ်းခံရတယ်။ ကျနော်အစောဆုံး။ အဆော်ခံရဆုံး၊ တော်တော်ဆော်ခံရတယ်။ မင်းလားကွ၊ ခေါင်းပေါင်းစ ဘယ်ချ၊ ညာချ၊ မင်းလားကွ ဟိုကောင်စီ၊ ဒီကောင်စီနဲ့ ပြောပြီးတော့ကို ကန်တာ။ တော်တော်အဆော်ခံလိုက်ရတယ်။ ဒါက ဒီထောင်ဘ၀တွေကို နာကြည်းပြီး ပြောတာမဟုတ်ဘူး။ လုပ်တာတော့လုပ်တယ်။ မေ့လို့မရဘူး။ ခုထိလက်စားပြန်မချေဘူး။ သို့သော် အဲဒီစိတ်တွေရှိတော့ လုပ်ဦးမယ်ဆိုတဲ့ စိတ်က ပြန်ပေါ်တယ်။ တကယ်လည်း လုပ်ဖြစ်တယ်။ အဲဒါက စပြီး ဆက်ပြောရရင် ၈၉ ကျနော် ထောင်ကထွက်ပြီး ကျနော်ရယ်၊ ကိုဇင်ဝိုင်းရယ်၊ မိုးဝင်းရယ်ဆို ပျဉ်းမနားမှာ သွားကတယ်။” ခင်​မောင်​စိုး​-အဲဒါ ပထမဆုံး အစိုးရက ခွင့်ပြုတဲ့ပွဲ ဖြစ်မယ်ထင်တယ်။ “၈၈ မှာ ပိတ်လိုက်တယ်။ ၈၉ မှာ မမျှော်လင့်ဘဲ ပျဉ်းမနားမှာ ပေးကတယ်။ ကျနော့် အဲဒီစိတ်က အခံရှိတာကို၊ လုပ်ဦးမှာပဲဆိုတဲ့ စိတ်ကလည်း ရှိနေတော့၊ အဲဒီမှာ လုပ်ချလိုက်တဲ့အခါကျတော့ ကျနော်တို့ကို မြို့ကနေ သေနတ်တွေနဲ့ ပိတ်ပြီးတော့ နှင်တာ။ အဲဒီကနေ ဘီအီးဒီ အောင်သိုက်နဲ့ ကဖို့ဆိုပြီး ပခုက္ကူကို သွားရတာ။ ပခုက္ကူမှာ မြို့ထဲပေးမ၀င်တော့ဘူး။ ကမ်းနားမှာတင် ပြန်တဲ့။ လုံးဝပေးမကဘဲနဲ့ နေလိုက်တာ တပတ်ကြီးလည်သွားတယ်။ ၈၉ ခုနှစ် ကုန်သွားတယ်။ ကျနော့်ကိုပိတ်လိုက်တယ်။ အဲဒီမှာ ၉၀ ရွေးကောက်ပွဲမတိုင်ခင် ပဲခူးမှာ သွားဝင်တာ။ ပဲခူးမှာ ကလဲကရော သူများအဖွဲ့နဲ့။ မှတ်မိသလောက်တော့ လူငယ်ကြည်ခိုင် ဇာတ်သဘင်အဖွဲ့နဲ့တွဲပြီး အငြိမ့်ခန်းလေးပဲ ကရတာ။ အဲဒီမှာ သူတောင်းစား ပြဇာတ်ကို ထည့်တာ။ အဲဒီမှာ ကခဲ့တဲ့အခွေက ဆရာတို့ အခုပြနေတဲ့ အခွေ၊ အဲဒါက ၉၀ ဖြစ်သွားပြီ။ အဲဒီ ၉၀ မှာ သင်္ကြန်လုပ်တယ်။ အဲဒီ ၉၀ မှာ ပဲခူးမှာ ကတယ်။ အဲဒီ ၂ ခုလုံးက ကျနော်ဒုက္ခရောက်တာပဲ။ ဘာလို့လည်းဆိုတော့ ၉၀ မှာ ပဲခူးမှာကတဲ့ပွဲကို အဲဒီနေ့ညမှာ စစ်တပ်နဲ့ဝိုင်းတယ်။ စစ်တပ်နဲ့ ဘုန်းကြီးနဲ့ ပြဿနာ တက်တယ်။ နောက် ကျနော်တို့လည်း တသက်လုံး ဘယ်တော့မှမကနဲ့ဆိုတဲ့ အပေါက်ဖြစ်သွားတယ်။ လူတွေလည်း ရန်ကုန်လည်းပြန်ရောက်ရော အဖမ်းခံရတယ်။ ထိုနည်းတူပဲ အဲဒီအချိန်မှာ ဇာဂနာသင်္ကြန်ဆိုတာကို ကျနော်တို့ လုပ်တယ်။ အဲဒါလည်း ဆရာတို့ဆီက လွှင့်ပြီးပါပြီ။ အဲဒီသင်္ကြန်ခွေကလည်း ဆင်ဆာတင်လိုက်တယ်။ တော်တော်အငြိုးခံရတယ်။ အဲဒီထဲမှာ အများကြီးပဲ ကျနော်တို့ သံချပ်တွေလည်း ဆရာတို့လည်း တွေ့မှာပါ။ အဲဒီ ၂ ခုရဲ့ အငြိုးက ကျနော့်ကို ထောင် ၅ နှစ် ကျစေတဲ့၊ အမှုရဲ့ ၅၀ ရာခိုင်နှုန်းပါတယ်လို့ ပြောလို့ရတယ်။” ခင်​မောင်​စိုး​-၈၈ နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်တဲ့အခါမှာ ကျနော့်ကို ဆရာ မောင်ဝံသ ပြောသွားတာ ရှိတယ်။ အဲဒီတုန်းက ကိုသူရကို သူတို့က အန်အယ်လ်ဒီ လူငယ်အဖွဲ့မှာ ၀င်ပြီး နိုင်ငံရေး လုပ်ဖို့ ပြောခဲ့ပေမယ့် ကိုသူရက ငြင်းခဲ့တယ်တဲ့။ နိုင်ငံရေးတော့ မလုပ်ပါရစေနဲ့၊ အားတော့ အားပေးမယ်။ အနုပညာသမားအနေနဲ့ လွတ်လွတ်လပ်လပ် ရပ်တည်ချင်ပါတယ်လို့ ပြောတယ်။ ဒါပေမယ့် အမေကိုယ်တိုင် တသီးပုဂ္ဂလနဲ့ ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ၀င်တော့ အမေဆိုတော့လည်း သူမနေသာဘူးထင်ပါတယ်တဲ့။ အဲဒီနောက်ကစပြီး နိုင်ငံရေးထဲမှာ သံသရာ ပြန်လည်နေတာပေါ့ဗျာတဲ့။ အဲဒီအဖြစ်အပျက်လေး နည်းနည်း ပြန်ပြောပြပါလား။ “အမှန်က ၈၉ ဧပြီ ၂၁ ရက်မှာ ကျနော် လွတ်တဲ့အခါကျတော့ ဆရာဦးဝံသ၊ ဦးမိုးသူ  ကျနော့်ကို ခေါ်တယ်။ အန်တီစမ်း (ဒေါ်စမ်းစမ်းနွဲ့ သာယာဝတီ)၊ ဦးကိုယုလည်း ပါပါတယ်။ ကျနော့်ကို အန်အယ်လ်ဒီကို လာဖို့ ခေါ်တယ်။ အဲဒီအချိန်မှာ ကျနော်က နာမည်က တအား ဖြစ်နေပြီပေါ့။ အသက်ကလည်း ငယ်သေးတယ်။ နိုင်ငံရေး လောကမှာလည်း ကျနော်ဝင်လာမယ်ဆိုရင် သူတို့က ကြိုဆိုတယ်။ နေရာလည်း အဆင်သင့် ရှိတယ်။ ဒါပေမယ့် ကျနော့်ရဲ့ မူလစိတ်ထဲကိုက ကျနော် လွတ်လွတ်လပ်လပ် နေချင်တယ်ဆိုတဲ့ စိတ်၊ ကျနော့်ခေါင်းပေါ်မှာ အလံမရှိချင်ဘူး။ အဲဒီတုန်းကဆိုရင် အင်မတန် နိုင်ငံရေးလမ်းကြောင်းမှာ လှေကြုံစီးလို့ ကောင်းတဲ့အချိန်၊ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးအရရော၊ အနုပညာအရရော၊ နာမည်အရမ်းထွက်နေတဲ့ အချိန်၊ ကျနော်မလုပ်ချင်ဘူး။ တကယ်လို့ အဲဒီအချိန်တုန်းက ရွေးကောက်ပွဲမှာ  အန်အယ်လ်ဒီ နိုင်သွားဦးတော့ ကျနော် အန်အယ်လ်ဒီကို ဝေဖန်ရင် ဝေဖန်လို့ ဘယ်ရမလဲ။ ဘာလို့လဲဆိုတော့ ကျနော်က အန်အယ်လ်ဒီ ဖြစ်နေမှာကိုး။ ဘယ်သူနိုင်နိုင်၊ ဘယ်သူ အစိုးရ ဖွဲ့ဖွဲ့၊ ဖွဲ့တဲ့သူကို ကျနော် သရော်ချင်တယ်ဆိုရင် ကျနော်က အန်အယ်လ်ဒီ ဖြစ်နေရင် ကျနော် ဘယ်လို သရော်ရမလဲ။ ကိုယ့်အန်အယ်လ်ဒီကို ကိုယ် ပြောလို့ မရတော့ဘူး။ ဆိုတော့ အန်အယ်လ်ဒီထဲ မ၀င်ချင်ဘူးလို့ ကျနော်ထောင်က ထွက်လာပြီးတဲ့နောက်မှာ ဦးဝံသတို့ကိုပြောတယ်။ ဒါပေမယ့် ကျနော်ကူညီပါ့မယ်လို့။ တကယ်လည်း ကူညီခဲ့ပါတယ်။ ၉၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဗမာတပြည်လုံးလှည့်ပြီး ရုံးတွေ မဲဆွယ်တဲ့ကိစ္စ ကျနော်လိုက်လုပ်ခဲ့တယ်။ ဥပမာဆိုပါတော့ ပုဂံ၊ ကျောက်ဆည်၊ မန္တလေး၊ မေမြို့၊ မင်းဘူး၊ ပြည်၊ ပေါင်းတည်၊ ကျနော်လှည့်ပြီး မဲဆွယ်ပေးတာ။ အဲဒီလို တပတ်ကြီး လှည့်လာတဲ့အချိန်မှာ ပြဿနာက ဘာဖြစ်လာလဲဆိုတော့ ကိုယ့်အမေ အရင်းခေါက်ခေါက်လုံး တသီးပုဂ္ဂလ အမတ်အနေနဲ့ ၀င်ပြိုင်တာကျတော့ မဲ မဆွယ်ပေးတော့ဘူးလားလို့ ဖြစ်လာတာပေါ့။ အန်အယ်လ်ဒီနဲ့ကျတော့ မဲတွေ လျှောက်ဆွယ်နေတာဆိုပြီး ကျနော့်အမေက စကားနာထိုးတော့ ပြောမယ် အမေရာ ဆိုပြီး စင်ပေါ်တက်သွားတာ အဖမ်းခံရတာပဲ။ တကယ်လည်း ကျနော်ပြောခဲ့တာပဲ လွတ်လွတ်လပ်လပ် နေချင်ပါတယ်လို့ ပြောတဲ့အတိုင်း နေခဲ့တာပဲ။ ခုချိန်ထိလည်း လွတ်လွတ်လပ်လပ်နေတာပဲ။ အခုလည်း အန်အယ်လ်ဒီထဲ ၀င်တာမှ မဟုတ်ဘဲ။ မြန်မာပြည်တပြည်လုံး အန်အယ်လ်ဒီအတွက် လှည့်ပြီး မဲဆွယ်တဲ့အလုပ်တွေ အဲဒီတုန်းက စုနိုင်မှ ချမ်းသာမည်တို့ လုပ်ပေးပြီးတော့မှ ကိုယ့်အမေ ရွေးကောက်ပွဲ ၀င်တဲ့အခါမှာ စကားလေးတခွန်းတောင် မပြောပေးတော့ဘူးလား ဆိုတော့ ပြောလိုက်ရတာပေါ့။ ပြောရရင်တော့ နိုင်ငံရေး လောကထဲ ၀င်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ အဲ့တုန်းက။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အလုပ်တခု လုပ်တယ်ဆိုတာထက် အမေအတွက်ကြောင့် မိဘအပေါ် ထားတဲ့ စိတ်ကြောင့် ၀င်လုပ်လိုက်တာ။ အဲဒီအချိန်တုန်းက ကျနော့်အမေလည်း ဒိုင်ယာရီထဲမှာ ရှိတယ် သူစိတ်မကောင်းဘူးပေါ့။ သူ့ကြောင့်ထောင်ကျတယ် ထင်တာ။  ဒါပေမယ့် မဟုတ်ပါဘူး အမြင်ကပ်နေတာ ကြာပြီ၊ ဒါလေးက အကြောင်းပြလို့ကောင်းလို့ ထောင်ကျသွားတာပါဆိုတာမျိုးပေါ့။ ခုချိန်ထိလည်း ကျနော်စိတ်ထဲမှာ နိုင်ငံရေးပါတီ တခုခုတည်းကို ၀င်ပြီး အလုပ်လုပ်တာမျိုး မလုပ်ချင်ဘူး။ ဒါပေမယ့် အားပေးပါ့မယ်။ ကူညီပါ့မယ်။ ကျနော့်ရှိသမျှ စွမ်းအားနဲ့ ကျနော်ကူညီပေးချင်တယ်။ ဒါပေမယ့် ပါတီတခုရဲ့ အလံအောက်မှာ ကျနော် မလုပ်ချင်ဘူး။” ခင်​မောင်​စိုး​-နိုင်ငံရေးဆိုတာက ပါတီဝင်တဲ့ နိုင်ငံရေးမျိုးကတော့ မလုပ်ချင်ဘူးပေါ့နော်။ ဒါပေမယ်လို့ ကိုသူရက မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ် စသည်ဖြင့် ဖြတ်သန်းလာရပြီး တခါ တိုင်းပြည်မှာ ၈၈ လို ကြီးမားတဲ့ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကိုသူရက တခါ ပြန်ပါလာတာပေါ့နော်။  အဲဒီမှာ အနုပညာသမားအနေနဲ့ ပြန်ပါလာတာလား။ သာမာန်ပြည်သူ နိုင်ငံရေးကိစ္စမျိုးနဲ့ သာသနာရေးကိစ္စအတွက် ပြန်ပါလာတာလား။ အဲဒီတုန်းက ဘယ်လို ပါဝင်ခဲ့သလဲ။ “ဒီ သံဃာတော် ကိစ္စမှာ ပါလာတာကတော့ တကယ့် တကယ် ပြောရရင်တော့ အနုပညာသမားအနေနဲ့ မဟုတ်ဘူး။ ပြည်သူတယောက်အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် emotion (စိတ်ခံစားမှု) ရှေ့ရောက်တယ်လို့ ပြောရမှာပေါ့။ ပခုက္ကူမှာ ဖြစ်တဲ့ ကိစ္စ ကျနော့်စိတ်ထဲမှာ မကြိုက်ဘူး။ နောက်တခါ လမ်းမပေါ်မှာ လမ်းလျှောက်တဲ့သူတွေကို ပေါ်ဦး (မင်းကိုနိုင်) တို့ကို ဖမ်းတယ်။ ကျနော် မကြိုက်ဘူး။ နောက်တခါ စုစုနွေးတို့ကို ဆွဲလားရမ်းလား လုပ်တယ်။ ကျနော့်သူငယ်ချင်း မုန်းခက်ကို ရွှေဂုံတိုင်မှာ ဆွဲလားရမ်းလား လုပ်တယ်။ အဲဒါတွေ အားလုံးကြည့်ရတာ ကျနော် မကြိုက်ဘူး။ ကျနော့်စိတ်ထဲမှာ အဲဒါတွေနဲ့ ပတ်သက်ရင် ကျနော်ကြိုက်ကို မကြိုက်တာ။ အဲဒီတုန်းက စစ်အစိုးရ အုပ်ချုပ်နေတယ်။ စစ်အစိုးရဖြစ်ဖြစ် လူပဲလေ။ ဒါတွေကလည်း လူပဲ။ ဒီလူတွေက ဘာလုပ်နေလို့လဲ။ စွမ်းအားရှင်တွေက လူတွေကို ခြေထောက်တွေကနေဆွဲပြီး ၀က်တွေလို ကားပေါ် ပစ်တင်နေတာတွေ၊ ထင်ကျော်တို့ကို ဆွဲသွားတာမျိုး၊ မုန်းခက်တို့ကို ဆိုရင် ပုဆိုးချွတ်ပြီး  ပစ်တင်သွားတာ။ အဲဒါမျိုးကို မြင်ရပါများတော့ စိတ်ခံစားမှုတွေက ရှေ့ရောက်လာတာပေါ့။ ပညာရှင်များ ပြောသလို လမ်းပေါ် နိုင်ငံရေးတွေဘာတွေ ပြောကြတယ်။ ဘယ်လိုပဲပြောပြော အဲဒီအချိန်တုန်းက ကျနော်က ခံစားချက်ကြောင့် လုပ်တာလို့ ပြောချင်တယ်။ သိပ်မကျေနပ်တော့ဘူး။ အဲဒီအချိန်တုန်းက စီးပွားရေးအရ အဆင်ပြေနေပါတယ်။ ကြော်ငြာတွေ ဒလကြမ်းရိုက်နေရတာ။ ကျနော် ကြော်ငြာ အများဆုံး ရိုက်ရတဲ့လူပဲ မြန်မာပြည်မှာပေါ့။ အဲဒီအချိန်က ကျနော့်အလုပ်နဲ့ ကျနော် ကားကောင်းကောင်းစီးပြီး အရက်ကောင်းကောင်း သောက်ပြီး နေနိုင်တာပဲ။ မနေချင်တော့ဘူး။ ကျနော်နဲ့ ကျော်သူနဲ့ဆိုရင် ခဏခဏ စကားပြောရတယ်။ သူက လမ်းပေါ်ထွက်မယ်ချည်းပဲ။ မဟုတ်ဘူး လမ်းပေါ်မထွက်နဲ့။ ကျနော်တို့ လုပ်လို့ရတဲ့ နည်းတနည်း ရှိတယ်။ ကျနော်တို့က ရှေ့ကထွက်ရင် ပြည်သူတွေက နောက်ကလိုက်လိမ့်မယ်။ သူတို့တောင် ရှေ့က ခေါင်းဆောင်နေတာပဲ။ ငါတို့ မလိုက်နိုင်စရာ အကြောင်းမရှိဘူး။  သူတို့လိုပဲ ငါတို့လည်း ရဲရင့်တဲ့စိတ် မွေးကြရအောင်ဆိုပြီး ပြည်သူတွေမှာ ဖြစ်လာလိမ့်မယ်။ ငါတို့က နည်းနည်းသွားရအောင်၊ တခါတည်း အကုန်လုံး ချကျွေးလိုက်ရင် ဗျူဟာ မရှိဘူးပေါ့ဗျာ။ အဲဒီတုန်းက ကျနော်တို့ ဗျူဟာက ဘုန်းကြီးတွေကို support (ထောက်ပံ့)မယ်၊ ဆွမ်းကပ်မယ်၊ ရေ၊ ဆေးကုတာလုပ်မယ်။ တဖြည်းဖြည်းချင်း လုပ်မယ်။ ဒီကနေ တဆင့်တက်လာရင် ကျနော်တို့ တပတ်အတွင်း သပိတ်စခန်းဖွင့်ဖို့ အထိ စဉ်းစားထားတယ်။ ဘာလို့လဲဆိုတော့ နေ့တိုင်း လမ်းလျှောက်ရင် သေလိမ့်မယ်။ ဒါ ၈၈ က အတွေ့အကြုံ၊ ၈၈ တုန်းက နေ့တိုင်း လမ်းလျှောက်တာ တလကျတော့ သေရော၊ ဘာမှ မလုပ်နိုင်တော့ဘူး။ သို့သော် မလုပ်လိုက်ရဘူး။ ကိုကျော်သူနဲ့ ကိုအောင်ဝေးက တခါတည်း ဆူးလေဘုရားတက်ပြီး တရားဟောလိုက်တာ ညတွင်းချင်း ထွက်ဖမ်းတော့တာပေါ့။ အသာလေး ဆွမ်းကပ်ပြီးတော့ နှပ်နေရင် လုပ်ရ(ဖမ်းဖို့)ခက်တယ်လေ။ ကျနော်တို့ တရားဟောလိုက်တဲ့ အခါကျတော့ သူတို့က လိုက်ဖမ်းတော့တယ်။ ကျနော်တို့လည်း ခြေတလှမ်းလောက်ပဲ လှမ်းလိုက်ရတယ်၊ ဘာမှ မလုပ်လိုက်နိုင်ခဲ့ဘူး။ ကျနော်တို့ ဖမ်းပြီးနောက်မှာလည်း ဘုန်းကြီးတွေကိစ္စလည်း အပစ်အခတ်တွေနဲ့ အကြမ်းပတမ်း ရင်ဆိုင်ပြီး ဒုက္ခရောက်သွားကြရတယ်။ ဒီကိစ္စမှာ ပါလာတာက နိုင်ငံရေးအရ ဘာလုပ်ချင်လို့ ဆိုတာထက် စိတ်ခံစားမှုနဲ့ ပါလာတာပါလို့ ကိုယ့်ကိုယ်ကိုယ် အမှန်တိုင်း ၀န်ခံချင်ပါတယ်။” ဒုတိယပိုင်းမှာတော့ ထောင်က ပြန်လွတ်လာတဲ့နောက် လက်ရှိ မြန်မာပြည်နိုင်ငံရေးအပေါ် သူဘယ်လိုမြင်လဲ၊ အနုပညာနဲ့ နိုင်ငံရေးဟာ သူ့ဘ၀မှာ ဘယ်လောက် အရေးပါသလဲ၊ အနုပညာသမားတယောက်ဟာ နိုင်ငံရေးအပေါ် ဘယ်လို ခံယူထားသင့်လဲ၊ စတဲ့ ဇာဂနာရဲ့ အယူအဆတွေကို ဆွေးနွေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up