စားကျက်မြေ ပြန်လည်ဖော်ထုတ်သတ်မှတ်ပေးရန် ထန်းတပင်မြို့တွင် ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် တပြေးကျေးရွာမှာရှိတဲ့ ဒေသခံ ၂၀ ဝန်းကျင်လောက်ဟာ စားကျက်မြေ ပြန်လည်ဖော်ထုတ်သတ်မှတ်ပေးဖို့ ဒီနေ့ မနက်ပိုင်းက  ဆန္ဒပြနေကြပါတယ်။ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ တပြေးကျေးရွာ ဒေသခံတချို့ဟာ ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကွင်းအမှတ် (၄၆၂/က) စားကျက်မြေတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာလယ်/ဆည်အဖွဲ့တွေက လူတဦးတယောက်တည်းကို လုပ်ကိုင်ခွင့်ချပေးထားပြီး ထိုစားကျက်မြေထဲမှာ နွားကျောင်းတာ ဝင်ရောက်လုပ်ကိုင်ရင်  တရားစွဲဆိုခံရတဲ့အတွက် စားကျက်မြေနေရာကို ပြန်လည်ဖော်ထုတ်ပေးဖို့ ဆန္ဒပြတာဖြစ်တယ်လို့  ဒေသခံတွေက ပြောပါတယ်။ စားကျက်မှာ နွားကျောင်းတာကြောင့် ပုဒ်မ-၄၂၇/၄၄၇ တို့နဲ့ တရားစွဲဆိုခံထားရတဲ့ တပြေးကျေးရွာနေ မမာက “အခြားသူတွေ ကျွဲနွားကျောင်းတာတွေ ဖြတ်သန်းသွားတာတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဆိုပါ လုပ်ပိုင်ခွင့်ရထားတဲ့ လုပ်ငန်းရှင်တွေက တရားစွဲဆိုမှုတွေ ပြုလုပ်နေတဲ့အတွက်  တရားစွဲဆိုခံထားရတဲ့သူတွေ စုပေါင်းပြီးဆန္ဒဖော်ထုတ်ရတာဖြစ်တယ်”လို့ ပြောပါတယ်။ လက်ရှိ တရားစွဲဆိုထားတဲ့ အမှုပေါင်း ၃၀ လောက်ရှိပြီး မိန်းကလေး ၁၅ ဦးလောက် တရားစွဲခံထားတယ်လို့ ပြောပါတယ်။ ဆန္ဒပြစဉ် 'စားကျက်မြေပေါ်မှာ စိုက်ပျိုးလုပ်ကိုင်နေမှုများ-အလိုမရှိ'၊ 'စားကျက်မြေကို ကျွဲနွားများ လွတ်လပ်စွာ အသုံးပြုနိုင်ရေး-ဒို့အရေး' စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး တပြေးကျေးရွာကနေ ထန်းတပင်မြို့တွင်းထိ တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ အဆိုပါ စားကျက်မြေများကို ၁၉၉၄ ခုနှစ်လောက်ကတည်းက ပြည်ခိုင်ဖြိုးအသင်း၊ စစ်မှုထမ်းဟောင်း အသင်းတို့နဲ့ ဌာနဆိုင်ရာအချို့တို့က သိမ်းယူခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလကလည်း ဒေသခံ ၁၈ ဦးကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတို့နဲ့ တရားစွဲဆိုခံခဲ့ပါသေးတယ်။ သတင်း - သားကြီး(တောင်ငူ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up