Home
မြန်မာသတင်း
ဖေဖော်ဝါရီ ၂၆ တွင် စင်ကာပူရှိ မြန်မာများ မဲပေးမည်
DVB
·
February 25, 2017
ဖေဖော်ဝါရီ ၂၆ ရက်မှာ စင်ကာပူရောက် မြန်မာနိုင်ငံသားများ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးနိုင်ကြတယ်လို့ စင်ကာပူရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ စင်ကာပူရောက် မြန်မာနိုင်ငံသား ၁၇၇ ဦး မဲပေးခွင့်ရှိပြီး ဖေဖော်ဝါရီ ၂၆ ရက် တနင်္ဂနွေနေ့ မနက် ၉ နာရီခွဲကနေ ညနေ ၅ နာရီခွဲအထိ သံရုံးမှာ သွားရောက် မဲပေးကြရမှာ ဖြစ်ပါတယ်။ မဲပေးဖို့ လာတဲ့သူတွေဟာ ပတ်စ်စပို့၊ မှတ်ပုံတင်နဲ့ အိုင်စီကတ်များ ယူလာကြဖို့လည်း သံရုံးက အသိပေးနှိုးဆော်ထားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံခြားရောက်မြန်မာ ၃၅၀ ကျော် ကြိုတင်မဲပေးဖို့ တောင်းခံထားပြီး စင်ကာပူရောက်မြန်မာတွေက အများဆုံးဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံခြားရောက်မြန်မာတွေ ကြိုတင်မဲပေးနိုင်ဖို့ ကြိုတင်ဆန္ဒမဲလက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနထံ ဖေဖော်ဝါရီ လဆန်းပိုင်းမှာ လွှဲပြောင်းပေးခဲ့ပြီး သံရုံးများအနေနဲ့ မဲလက်မှတ်များ ရရှိပြီးတဲ့နောက် သံရုံးများ အဆင်ပြေတဲ့အချိန် မဲပေးနိုင်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ မဲပေးပြီးလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် ပေးပို့ရမှာလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၉ ခုမှာ ၀င်ပြိုင်ကြမယ့် ပါတီပေါင်း ၂၄ ခုရှိပြီး ကိုယ်စားလှယ်လောင်း ၉၆ ယောက် ၀င်ရောက်ယှဉ်ပြိုင်ကြဖို့ရှိပါတယ်။ စင်ကာပူရောက် မြန်မာများဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ညအိပ်စောင့်ဆိုင်ပြီး ဇွဲကောင်းကောင်းနဲ့ မဲပေးခဲ့ကြလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်ကာပူခရီးအတွင်း ချီးမွမ်းခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024