အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်ခဲ့သည့်ရုပ်သံ ဆီးရီးယားအစိုးရ ဖြန့်ချိ (ရုပ်သံ)

ဆီးရီးယားအစိုးရဟာ အစ္စလာမ္မစ် စစ်သွေးကြွတွေကို ဒီယာအယ်လ်ဇိုးပြည်နယ်မှာ တိုက်ခိုက်ခဲ့တဲ့ ဗွီဒီယိုကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က အစိုးရပိုင်မီဒီယာဌာနမှတဆင့် အင်တာနက်ပေါ်မှာ ဖြန့်လွှင့်ခဲ့ပါတယ်။ ဗွီဒီယိုမှာ အစိုးရတပ်တွေနဲ့ တင့်ကားတွေဟာ အစ္စလာမ္မစ် စစ်သွေးကြွ အိုင်အက်စ်တွေရှိရာကို ပစ်ခတ်နေကြပြီး လေထဲမှာ မီးခိုးငွေ့တန်းတွေ လွင့်ပြန့်နေတာကို တွေ့ရပါတယ်။ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်သူတွေက စစ်တပ်တွေဟာ အနီးအနားက တောင်ကုန်းနဲ့ တခြားနေရာနှစ်ခုမှာ ခြေကုပ်ယူပြီး ဒီယာအယ်လ်ဇိုး စစ်တပ်လေဆိပ်ကနေ ဝိုင်းပြီး တိုက်ခိုက်ခဲ့ကြတာလို့ ပြောခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ စစ်ဆင်ရေးဆောင်ရွက်တဲ့ ဒီယာအယ်လ်ဇိုး မြောက်ပိုင်းမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ရာ ၁၁ ဦး သေခဲ့ပြီး အနည်းဆုံး ၃၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဗြိတိန်အခြေစိုက် စောင့်ကြည့်သူတွေက ပြောပါတယ်။ မြို့ထဲရှိ အစိုးရထိန်းချုပ်ထားတဲ့ နေရာတချို့နဲ့ စစ်တပ်လေဆိပ်မှလွဲပြီး ဒီယာအယ်လ်ဇိုးမြို့ရဲ့ နေရာတော်တော်များများကို စစ်သွေးကြွတွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဆီးရီးယားရဲ့ ရှုပ်ထွေးလှတဲ့ ပြဿနာတွေထဲက မတူညီတဲ့ အဖွဲ့တွေဟာ အစ္စလာမ္မစ် စစ်သွေးကြွတွေကို ကိုယ်စီ သီးသန့်တိုက်ပွဲတွေ ဆင်နွှဲနေခဲ့ကြပါတယ်။ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) တွေဟာလည်း ပထမဆုံးအကြိမ်အနေနဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ ဒီယာအယ်လ်ဇိုး ပြည်နယ်ထဲကို ရောက်နေကြတယ်လို့ ကာ့ဒစ်ရှ်တပ်ဖွဲ့ပိုင် သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီထိုးစစ်ဟာ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းက မြို့တော် ရက္ကာကို အပြီးသတ်တိုက်ခိုက်မယ့် အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up