လားရှိုးတွင် ဘုရားဆင်းတုတော်ခိုးယူသူ ၂ ဦးအား အမှုဖွင့်အရေးယူ
DVB
·
February 24, 2017
လားရှိုးမြို့မဈေး ရဲကင်းအနီး လမ်းမပေါ်မှာ ခိုးယူထားတဲ့ ရှေးဟောင်း ဘုရားဆင်းတုတော်တွေနဲ့အတူ လူနှစ်ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးမိခဲ့ပါတယ်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ မြို့မဈေးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက် ၁၀ နာရီလောက်က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မြို့မဈေး ရဲကင်းအနီးလမ်းမပေါ်မှာ မသင်္ကာဖွယ်တွေ့ရှိသူ လွယ်ဝိန်းရွာနေ အောင်ဆာ ၂၀ နှစ်နဲ့ လွယ်ဆာရွာနေ လောက်ဖျင် ၁၉ နှစ်တို့ ၂ ဦးကို စစ်ဆေးရာ အခုလို ဖမ်းဆီးရမိတာလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အောင်ဆာလွယ်ထားတဲ့ နက်/ပြာရောင် ကျောပိုးအိတ်အတွင်းမှ ဉာဏ်တော်အမြင့် ၈ လက်မခွဲလောက်ရှိ ရှေးဟောင်းဘုရား ဆင်းတုတော် ၁ ဆူ၊ ဉာဏ်တော်အမြင့် ၇ လက်မလောက်ရှိ ဘုရား ၁ ဆူ၊ ဉာဏ်တော်အမြင့် ၈ လက်မလောက်ရှိ ဘုရား ၁ ဆူ၊ ဉာဏ်တော်အမြင့် ၆ လက်မခွဲလောက်ရှိ ဘုရား ၂ ဆူ၊ ၃ လက်မခွဲလောက်ရှိ ကြေးဆင်းတုတော် ၁ ဆူ၊ စုစုပေါင်း ဘုရား ၆ ဆူတို့အား သိမ်းဆည်းမိခဲ့တယ်လို့ ဆိုပါတယ်။
မေးမြန်းချက်အရ လွယ်ဝန်းရွာ ဘုန်းကြီးကျောင်းအတွင်း ကိုးကွယ်ထားရှိတဲ့ ဆင်းတုတော်တွေကို ခိုးယူလာတာဖြစ်ကြောင်း စစ်ဆေးသိရှိရလို့ အောင်ဆာနဲ့ လောက်ဖျင်တို့ ၂ ဦးကို လားရှိုးမြို့မရဲစခန်း (ပ)၇၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၂၉၅ အရ အမှုဖွင့်အရေးယူထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။