မြန်မာ့အမျိုးသားပညာရေးစနစ် ပြောင်းလဲရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 23, 2017
လာမယ့် ၅ နှစ်တာကာလတွင်း ကျောင်းသားလူငယ်တွေနဲ့ အရွယ်ရောက်တဲ့ သူတွေကို တသက်တာ ပညာသင်ယူမှုရရှိစေဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိစေဖို့ မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေး စနစ်ကို အဓိကထားပြောင်းလဲရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။
ဒီနေ့ မနက်ပိုင်းက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ဗဟိုကွန်ဗင်းရှင်းစင်တာ (MICC 2)မှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) စတင် အကောင်အထည် ဖော် ဆောင်ရွက်ခြင်း အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။
"အခုဟာက ကျမတို့လာမယ့် ၅ နှစ်တာကာလအတွင်းမှာ ကျောင်းသားလူငယ်များနဲ့ အရွယ်ရောက်တဲ့ သူတွေရဲ့ ဘဝတသက်တာ ပညာသင်ယူမှုရရှိစေဖို့ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေဖို့ မြန်မာ နိုင်ငံရဲ့ အမျိုးသားပညာရေးစနစ်ကို အဓိကထားပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒီပြောင်းလဲပေးရမှာက ပညာရေးကနေစရမှာပဲ အမျိုးသားမဟာဗျူဟာစီမံကိန်းကို ချမှတ်တာကတော့ ဟုတ်ပါတယ်။ စီမံကိန်း အောင်မြင်ဖို့အတွက် အဓိကဘာလိုအပ်လဲဆိုတာ အားလုံးစဉ်းစားရမှာပါ။”
ဒါ့အပြင် ပညာရရှိရေးအတွက် အရေးကြီးဆုံးက သင်ယူချင်တဲ့စိတ်ဖြစ်ပြီး ဆရာ၊ ဆရာမတွေဟာ ပညာရေးမူဝါဒတွေကို ချမှတ်ပြီးတော့ အကောင်အထည်ဖော် ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များဟာ နိုင်ငံသူ နိုင်ငံသားများအကြားမှာ အသက်ကြီး အသက်ငယ်မရွေး သင်ယူချင်တဲ့စိတ်များ ပေါ်လာအောင်လို့ ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သင်ယူချင်တဲ့စိတ်ကို လူငယ်တွေအကြားထဲ ထွန်းကား အောင်၊ သင်ပေးတဲ့သူတွေ ကိုယ်တိုင်က သင်ယူချင်တဲ့ စိတ်ရှိဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။
အခမ်းအနားကို ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်၊ UNICEF ဌာနေကိုယ်စားလှယ်နဲ့ အခြား ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆ သောင်းကျော်ရှိပြီး ကျေးရွာပေါင်း ၃ သောင်းကျော်မှာတော့ အခြေခံ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း ၃၃၂၂ ကျောင်းဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။