သားသတ်ရုံမှ လွတ်မြောက်နွားရိုင်းကြီးက နယူးယောက်မြို့လယ် ထိတ်လန့်ဖွယ်ဝင်မွှေ (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့လယ်ကောင် လမ်းမတွေပေါ်မှာ ဒေါသတကြီး ထွက်ပြေးနေခဲ့တဲ့ နွားကြီးတကောင်ကို ရဲတွေက ကားတွေနဲ့ အသည်းအသန် လိုက်လံဖမ်းဆီးခဲ့ရပါတယ်။ အဲဒီနွားရိုင်းကြီးဟာ သားသတ်ရုံတခုဆီကနေ လွတ်မြောက်လာခဲ့တာဖြစ်ပြီး အနီးနား ကွင်းစ်ဒေသတွင်းမှာ ရဲတွေက မနက် ၁၁ နာရီမတိုင်ခင်မှာ ဖမ်းမိခဲ့ပြီးမှ နောက်တကြိမ် ပြန်လွတ်သွားခဲ့တာလို့ မေရာသတင်းမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ ရဲတွေဟာ ကားတွေနဲ့အတူ နွားရိုင်းကြီးရဲ့နောက်ကို လိုက်လံဖမ်းဆီးခဲ့ပြီး အချိန်တနာရီကျော်လောက်အကြာမှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့တာပါ။ မျက်မြင်တွေ့ရှိကြသူတွေကတော့ ဒီအခိုက်အတန့်ဟာ တကယ့်ကို ထိတ်လန့် တုန်လှုပ်စရာ ကောင်းတယ်လို့ ပြောခဲ့ကြတာပါ။ အသက် ၂၇ နှစ်အရွယ် ကန်နီရှာ ကက်ဆန်က “သွားရေတွေ တမြားမြားကျနေတဲ့ ပါးစပ်ကြီးကိုဟပြီး ပြေးနေတဲ့ အနက်ရောင်အကောင်ကြီးဟာ တွေ့သမျှ သက်ရှိတွေကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေသလိုပဲ” လို့ ပြောပါတယ်။ ရဲတွေဟာ နွားရိုင်းကြီးနောက်ကို စုပြုံပြေးလိုက်ခဲ့ကြပြီး ခြောက်လှန့်ကာ အနီးနားက အိမ်ရာဆောက်လုပ်ရေးစီမံကိန်း ကစားကွင်းထဲကို ရောက်အောင် ကြိုးစားခဲ့ရပြီးမှ ဖမ်းဆီးနိုင်ခဲ့တာပါ။ သားသတ်ရုံကတော့ နွားတွေကို အုပ်စုလိုက် ရွှေ့လေ့ရှိပြီး ဒီတကောင်ကတော့ အသံတွေကြားပြီး ကြောက်လန့်ကာ ခြံစည်းရိုးကိုကျော်ပြီး ထွက်ပြေးသွားခဲ့တာ ဖြစ်နိုင်တယ်လို့ စီဘီအက်စ်သတင်းဌာနကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up