လူမှုကွန်ရက်ပေါ်က အမုန်းစကားတွေကို ဘယ်လို တားဆီးကြမလဲ

  ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာ့အသံမှ ကျနော့်ကို အင်တာဗျူးပါတယ်။ အကြောင်းက ကျနော့်ဆောင်းပါး “၆၆(ဃ)၊ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ” ပါ အကြောင်းအရာများကို ရေဒီယိုပရိသတ် နားထောင်နိုင်အောင် အမေး၊ အဖြေပုံစံနဲ့ ပြန်ဖြေရတာပါ။ အဲဒီဆောင်းပါးရဲ့ အဓိကဆိုလိုချက်က လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ အကြွင်းမဲ့ မဟုတ်တဲ့အတွက် ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်ပုဒ်မ ၆၆(ဃ) ကို ပယ်ဖျက်ရန်မသင့်ဘဲ၊ အဲဒီမှာ ပါဝင်တဲ့ အသရေဖျက်ခြင်းဆိုတဲ့ ပြစ်မှုကို ခွဲထုတ်ပြီး မုချအာမခံပေးရမယ့် အမှုအဖြစ် ခွဲခြားပြဋ္ဌာန်းသင့်တဲ့ အကြောင်းပါ။ အင်တာဗျူးမေးတဲ့သူက နောက်ဆုံးမှာ မေးခွန်းတခု မေးပါတယ်။ ဖေ့စ်ဘွတ်လို လူမှုကွန်ရက်တွေမှာ ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ အမုန်းစကားတွေ ပပျောက်အောင်ရော ဘယ်လိုလုပ်သင့်ပါသလဲတဲ့။ သူ မေးလိုက်တဲ့အခါမှ ကျနော် သတိရလိုက်ပါတယ်။ ဒါ သိပ်ကောင်းတဲ့မေးခွန်းပါ။ မှန်ပါတယ်။ ကျနော်တို့နိုင်ငံမှာ Social Network လို့ခေါ်တဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်ကို သုံးစွဲဖို့ ဖွင့်လှစ်ထားတဲ့ အကောင့်ဦးရေဟာ ၂၀၁၆ ခုနှစ် ဇွန်လစာရင်းအရ ၁၁ သန်း ရှိတယ်လို့ သိရပါတယ်။ ဒီထဲက ၁၉ ဒသမ ၃ ရာခိုင်နှုန်းဖြစ်တဲ့ ၂ ဒသမ ၁၂၃ သန်းက  တကယ်ဝင်ရောက်သုံးစွဲကြတဲ့ အကောင့်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို မမီသေးပါဘူး။ ထိုင်းနိုင်ငံမှာ ဖေ့စ်ဘွတ် အကောင့်ဖွင့်တဲ့ အရေအတွက်ဟာ ၄၁ သန်းရှိပြီး ဝင်ရောက်သုံးစွဲတဲ့ အကောင့် အရေအတွက်က ၆၀ ဒသမ ၁ ရာခိုင်နှုန်းဖြစ်တဲ့ ၂၄ ဒသမ ၆၄၁ သန်း ရှိပါတယ်။ နိုင်ငံတဝန်းဆက်သွယ်ရေးကွန်ရက် ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ လူမှုကွန်ရက်ကို သုံးစွဲသူတွေ တနေ့တခြား တိုးများလာနေဦးမှာ သေချာပါတယ်။ ဆက်သွယ်ရေးကွန်ရက်ကို လွတ်လပ်စွာ သုံးစွဲခွင့်ပြုလိုက်ပြီးနောက်ပိုင်း တယောက်နဲ့ တယောက် စာ၊ ဓာတ်ပုံ၊ ဗွီဒီယို၊  အသံ စတာတွေကို အင်တာနက်ကတဆင့် စက္ကန့်ပိုင်းအတွင်း ပေးပို့နိုင်တာ၊ အချင်းချင်း ဖြန့်ဝေနိုင်တာ၊ ဆက်သွယ်ရေး မြန်ဆန်လာတာဟာ သိပ်ကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလို ဆက်သွယ်ရေး မြန်ဆန်လာတာက ကျနော်တို့ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး ဘဝအသီးသီးအပေါ်  ကောင်းမွန်တဲ့သက်ရောက်မှု အများအပြား ရှိစေခဲ့ပါတယ်။ ကျနော်ဆိုရင် ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်း၊ နောက်ပိုင်း (၄) နှစ် လောက်မှာကတည်းက အင်တာနက်ဆက်သွယ်ရေး ကွန်ရက်ကို ကောင်းကောင်း အသုံးချနိုင်ခဲ့ပါတယ်။ လွှတ်တော်တက်နေစဉ်ကာလမှာ မိမိဒေသခံပြည်သူတွေဆီက မေးမြန်းလိုတဲ့ မေးခွန်းတွေ၊ အဖြေတွေ၊ ဒေသဖွံ့ဖြိုးရေးအတွက် အပြန်အလှန် ပေးပို့ရမယ့် အချက်အလက်တွေ၊ ဓာတ်ပုံတွေ၊ စာအဆက်အသွယ်တွေ အားလုံးကို တယ်လီဖုန်းနဲ့သာမက အင်တာနက်ကွန်ရက်ကိုသုံးပြီး အချိန်မကုန်စေဘဲ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သတင်းစာ၊ ဂျာနယ်တွေမှာ ဖော်ပြဖို့ လွှတ်တော် အတွေ့အကြုံ ဆောင်းပါးတွေ ရေးပို့တဲ့အခါမှာလည်း စာပေတိုက်ရှိတဲ့ ရန်ကုန်ကို သွားပေးပို့စရာ မလိုဘဲ၊ စက္ကန့်ပိုင်းအတွင်း အင်တာနက်ကိုသုံးပြီး ပေးပို့နိုင်ခဲ့ပါတယ်။ အရင်ခေတ်တုန်းကဆိုရင် စာရေးပြီး အသက်မွေးဝမ်းကျောင်းပြုမယ့်သူ တယောက်ဟာ စာပေတိုက်ရှိတဲ့ ရန်ကုန်၊ မန္တလေး မြို့ကြီး တမြို့မြို့မှာ နေထိုင်တာမဟုတ်ရင် အဆင်မပြေပါဘူး။ ဒါကြောင့် စာရေးဆရာ တော်တော်များများဟာ ရန်ကုန်၊ မန္တလေးမြို့ကြီး တမြို့မြို့မှာ ရွှေ့ပြောင်းနေထိုင်ကြတာ များပါတယ်။ နယ်မှာ နေထိုင်ခဲ့မယ်ဆိုရင်လည်း သူ ရေးလိုက်တဲ့ သတင်း သို့မဟုတ် ဆောင်းပါးကို စာပေတိုက်ရှိတဲ့ ရန်ကုန်၊ မန္တလေးကို ရောက်ဖို့ စာတိုက်ကတဆင့် ပေးပို့ရမှာဖြစ်တော့ လေး၊ ငါးရက်တော့ အချိန်ယူရပါလိမ့်မယ်။  အခုတော့ စက္ကန့်ပိုင်းအတွင်းမှာဘဲ နယ်ကနေ ရန်ကုန်၊ မန္တလေးကို သာမက ကမ္ဘာ့တဖက်ခြမ်းကိုတောင် ပေးပို့နိုင်ပြီ ဖြစ်ပါတယ်။ အမေရိကန်ကသမ္မတသစ် ဒေါ်နယ်ထရမ့် ဆိုရင်လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကာလက Facebook၊ Twitter နဲ့ Instagram ခေါ်တဲ့ လူမှုကွန်ရက်တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံး၊ မဲဆွယ်မှုတွေလုပ်ခဲ့ပြီး အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။ “ဒီပြိုင်ပွဲတွေအားလုံးမှာ သူတို့က ကျနော့်ထက် ငွေအမြောက်အမြား ပိုသုံးခဲ့ပေမယ့် ကျနော်ပဲ နိုင်ရတဲ့အကြောင်းက ဒါတွေက (လူမှုကွန်ရက်များ- စာရေးသူ) ကျနော့်ကို ကူညီသွားတာကြောင့်လို့ ထင်ပါတယ်” လို့ CBS’s 60 Minutes မှာ ထရမ့်က ပြောဆိုသွားခဲ့ပါတယ်။ “သူတို့ (ရွေးကောက်ပွဲပြိုင်ဘက်များ-စာရေးသူ) သုံးလိုက်တဲ့ ငွေတွေထက် ဆိုရှယ်မီဒီယာက ပိုမိုအစွမ်းထက်တယ်လို့  ကျနော်ထင်တာပဲ” ဆိုပြီး အစီအစဉ် တင်ဆက်သူ လက်စလေစတဲလ်ကို ပြောခဲ့ပါတယ်။ သမ္မတရွေး ကောက်ပွဲမဲဆွယ် စရိတ်အဖြစ် ဟီလာရီကလင်တန်က ဒေါ်လာ ၁၃၂ သန်း သုံးစွဲခဲ့ပေမယ့် ဒေါ်နယ်ထရမ့်ကတော့ ဒေါ်လာ ၉၄ သန်းသာ သုံးစွဲခဲ့ရတယ်လို့ ဆိုပါတယ်။   ဒီလို ကောင်းကျိုးတွေ အများအပြားရှိခဲ့ပေမယ့် မကောင်းတာတွေလည်း အများအပြားပါပဲ။ အဓိကအားဖြင့်ကတော့ အင်တာနက် လူမှုကွန်ရက်တွေပေါ်မှာ Hate speech လို့ခေါ်တဲ့ အမုန်းစကားတွေ ရေးသားဖြန့်ဝေမှုပါ။ Hate speech ခေါ်တဲ့ အမုန်းစကား ဆိုတာက ကျား-မ (လိင်)၊ မျိုးနွယ်ဗီဇ၊ ဘာသာရေး၊ လူမျိုးရေး၊ ကိုယ်ကာယ မသန်မစွမ်းမှု ဒါမှမဟုတ် လိင်လှုံ့ဆော်မှု စတာတွေနဲ့ ပတ်သက်ပြီး တဖက်သားကို နစ်နာအောင် တိုက်ခိုက်ပြောဆိုတာကို ဆိုလိုတာပါ။ တချို့တိုင်းပြည်တွေမှာတော့ Hate speech ဆိုတာ၊ သွေးထွက်သံယို အကြမ်းဖက်မှုဖြစ်လာမှာစိုးလို့ “လူတဦးတယောက် ဒါမှမဟုတ် တစုတဖွဲ့” ကိုအကာအကွယ်ပေးထားတဲ့ စကားပြောဆိုမှု၊ ကိုယ်ခန္ဓာ အမူအရာ၊  အရေးအသား ဒါမှမဟုတ်  တားမြစ်ထားတဲ့ အရာတွေကို ရေးသားဖော်ထုတ်ပြသတာကို ဆိုလိုတယ်လို့ သတ်မှတ်ထားပါတယ်။ အမုန်းစကားတွေကို ဘာဖြစ်လို့ ပိတ်ပင်တားမြစ်သင့်တာလဲ ဆိုတဲ့ အဓိက အကြောင်းကတော့ လူမျိုးတမျိုးနဲ့တမျိုး၊ ဘာသာ တခုနဲ့တခု၊ လူအဖွဲ့အစည်း တခုနဲ့ တခု အကြား အမုန်းပွားပြီး၊ ပဋိပက္ခတွေဖြစ်လာကာ သွေးထွက်သံယို ရာဇဝတ်မှုတွေ ဖြစ်လာ စေနိုင်လို့ပါပဲ။ ဒီအချက်ကြောင့် လူ့အဖွဲ့အစည်း တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်ပြီး ဒီမိုကရေစီကို မင်းမဲ့စရိုက် ဖြစ်သွားစေနိုင်လို့ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄(ဃ) မှာတော့ ‘တိုင်းရင်းသား လူမျိုးတမျိုးနှင့် တမျိုး သို့မဟုတ် တိုင်းရင်းသား အချင်းချင်းကိုသော် လည်းကောင်း၊ အခြားဘာသာ သာသနာကို လည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိ ချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်’ ဆိုပြီး နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနဲ့ တာဝန်များဆိုတဲ့ အခန်းမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် တခြားသူရဲ့ အခွင့်အရေးများကို မထိခိုက်ရလေအောင်နဲ့ အမုန်းစကား ပြောကြားတာတွေ မဖြစ်ရလေအောင် သတင်းမီဒီယာဥပဒေ ပုဒ်မ (၉) (ဇ) မှာ ဒီလို ပြဋ္ဌာန်းထားပါတယ်။ (ဇ) ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတမျိုးကို အကြောင်းပြု၍ ပဋိပက္ခဖြစ်စေနိုင် သော လှုံ့ဆော်ရေးသားမှုမှ ရှောင်ကြဉ်ခြင်း ဒီပြဋ္ဌာန်းချက်ဟာ သတင်းမီဒီယာသမားများ လိုက်နာရမယ့် တာဝန်နဲ့ ကျင့်ဝတ်အနေနဲ့ သတ်မှတ်ထားတဲ့ အချက်တွေထဲက တချက်ပါ။ ဒီပြဋ္ဌာန်းချက်ကို မလိုက်နာဘူး ဆိုရင်တော့… ပုဒ်မ(၂၁) အရ ပထမဦးစွာအားဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို တိုင်ကြားနိုင်ပါတယ်။ ကောင်စီရဲ့ ဖြေရှင်းပေးမှုကို မကျေနပ်လို့ရှိရင်တော့ မကျေနပ်တဲ့သူက ဥပဒေနဲ့အညီ တရားစွဲဆိုနိုင်ပါတယ်။ ထို့အတူ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်းဥပဒေမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေအဖြစ်….ပုဒ်မ (၈) မှာ ၈။ ပုံနှိပ်သူ သို့မဟုတ် ထုတ်ဝေသူသည် အောက်ပါ အချက်တရပ်ရပ်တွင် အကျုံးဝင်သော ထုတ်ဝေစာများကို ပုံနှိပ်ခြင်း သို့မဟုတ် ထုတ်ဝေခြင်း မပြုရ။ (က) တိုင်းရင်းသားလူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း၊ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေမည့် အကြောင်းအရာများကို ဖော်ပြခြင်း၊ (ခ) နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးတို့ကို သော်လည်းကောင်း၊ နိုင်ငံသားတိုင်း တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု အခွင့်အရေးတို့ကိုသော် လည်းကောင်း ထိခိုက်စေမည့် အကြောင်းအရာ များကို ဖော်ပြခြင်း၊ (ဂ) ညစ်ညမ်းစာများကို ဖော်ပြခြင်း၊ (ဃ) ရာဇဝတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပြစ်မှု ကျူးလွန်ခြင်းတို့ကို အားပေးခြင်းနှင့် လှုံ့ဆော်ခြင်း။ လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါတွေကို ကျူးလွန်ဖောက်ဖျက်ရင်တော့ ငွေဒဏ် ကျပ် ဆယ်သိန်းမှ ကျပ်သိန်းသုံးဆယ်အထိ ဒဏ်တပ်ခံရမှာပါ။ ဒီတားမြစ်ထားချက်ထဲမှာ ကျနော်တို့ ပြောပြောနေတဲ့ Hate speech “အမုန်းစကား” တွေကို မလုပ်ဖို့ တားမြစ်ထားတာလည်း ပါဝင်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ သို့သော်လည်း အင်တာနက်ကွန်ရက်ကို အသုံးပြုတဲ့ ဖေ့စ်ဘွတ်လို လူမှုကွန်ရက် အသုံးပြုသူတွေအတွက် ဒီလိုအမုန်းစကားတွေ မရေးဖို့၊ မပြောဖို့၊ မဖြန့်ဝေဖို့ကိုတော့ “ဆက်သွယ်ရေး ဥပဒေ”မှာ ပြဋ္ဌာန်းမထားပါဘူး။ မမှန်ကန်တဲ့ သတင်းအချက်အလက် တွေကို မရိုးဖြောင့်တဲ့သဘောနဲ့ ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ချိခြင်း၊ သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်းတွေကိုသာ တားမြစ်ထားပါတယ်။ ဒါကြောင့် လူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့စ်ဘွတ်၊ တွီတာ၊ အင်စတဂရမ် စတာတွေ သုံးစွဲတဲ့ နိုင်ငံသားတွေကို အမုန်းစကားတွေ မရေး၊ မပြော၊ မဖြန့်ဝေစေချင်ရင်တော့ ပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်ရင်းနဲ့ တဆက်တစပ်တည်း ဆောင်ရွက်သွားသင့်ကြောင်း တင်ပြလိုက်ရပါတယ်။  ရဲထွန်း ( သီပေါ ) စာကိုး : http://www.pyithuhluttaw.gov.mm ပြည်သူ့လွှတ်တော် ဥပဒေဆိုင်ရာများ     : The verge ; Donald Trump says Facebook and Twitter ‘help him win’.     : Wikipedia .

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up