တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးခေါင်းဆောင်များ ပန်ဆန်း၌တွေ့ဆုံဆွေးနွေး

  တနိုင်ငံလုံးအပစ်ရပ်သဘောတူစာချုပ် (အန်စီအေ)လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၃ ရက်အထိ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်ဌာနချုပ်ရှိရာ ပန်ဆန်းမှာ ကျင်းပနေပါတယ်။ ဒီတွေ့ဆုံပွဲဟာ တတိယအကြိမ်မြောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးပွဲလို့ ဖိတ်ကြားချက်မှာ တွေ့ရှိရပါတယ်။ ဒါပေမယ့် ဒီအစည်းအဝေးမှာ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကိုသာ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ပြောခွင့်ရသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က  လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေး နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။ “အဓိကကတော့ ပန်ဆန်းမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေက နှစ်ကြိမ် သုံးကြိမ် ရှိပြီပေါ့နော်။ အရင်အခေါက်တွေကလည်း တိုင်းရင်းသားတွေရဲ့ လက်ရှိ နိုင်ငံရေးအနေအထား မြေပြင်မှာဖြစ်နေတဲ့ အမြင်တွေ ဆွေးနွေးသုံးသပ်ကြတာ။ အခုလည်း ထပ်မံပြီး တကြိမ် ပြန်ခေါ်ဆိုတယ်လို့ သိရတယ်။ ကျနော်တို့အဖွဲ့ကတော့ လက်ရှိနိုင်ငံရေး အခြေအနေက ရပ်တန့်နေတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကြားမှာ လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးက တိုးတက်မှုမရှိဘူး ရပ်တန့်နေတယ်။ နောက်တခုက ကျနော်တို့ ဒေသမှ ထိုးစစ်က အခုထိ ရှိနေတုန်းပဲ။ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေတယ်။ ထိုးစစ်က ပြင်းထန်နေဆဲဖြစ်တယ်။ အဲဒီအခြေအနေကို ဆွေးနွေးတင်ပြဖို့ရှိတယ်။” ဒီထိပ်သီးအစည်းအဝေးကို ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က ဦးစီးပြီး ခေါ်ယူတာဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ အေအေ၊ ကေအိုင်အေ၊ တီအန်အယ်လ်အေ၊ အန်အမ်ဒီအေအေ အဖွဲ့တွေလည်းကို ဖိတ်ကြားထားသလို ဒီကေဘီအေ (ခွဲထွက်)အဖွဲ့က ဗိုလ်မှူးဆန်းအောင်လည်း အစည်းအဝေးမှာ တက်ရောက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up