Home
မြန်မာသတင်း
ကျောင်းသားများလိုက်ပါလာသည့် ထော်လာဂျီယာဉ်တိမ်းမှောက်၊ ၅ ဦးသေ၊ ၁၇ ဦး ဒဏ်ရာရ
နန်းမြနဒီ
·
February 21, 2017
ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်က ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမတွေပါ တင်ဆောင်လာတဲ့ ထော်လာဂျီတွဲယာဉ်တစီး လမ်းမှာ တိမ်းမှောက်ပြီး ၅ ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရသွားပါတယ်။ ဟမ်းငိုင်းမြို့ အလယ်တန်းကျောင်းက ၄ တန်းနဲ့ ၈ တန်း ကျောင်းသူကျောင်းသားတွေဟာ မိုင်းကိုင်မှာ အစိုးရစစ်စာမေးပွဲဖြေဖို့ ထွက်ခွာလာစဉ် မနက် ၉ နာရီခွဲအချိန် ပန်ကေတုရွာအနီးမှာ ယာဉ်မတော်မဆဖြစ်ပြီး တိမ်းမှောက်ခဲ့တာလို့ ယာဉ်မှောက်စဉ် သွားရောက်ကူညီခဲ့တဲ့ မိုင်းကိုင်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်က ဒီဗွီဘီကို ပြောပါတယ်။ “ကားမှောက်သတင်းရရချင်း ကျနော်တို့ပါတီဝင်တွေ၊ မိုင်းကိုင်အုပ်ချုပ်ရေးမှူးရုံးနဲ့ လူမှုရေးအဖွဲ့တွေ အဲဒီကိုသွားပြီး လိုအပ်တာတွေ ကူပေးခဲ့ပါတယ်။ အဲဒီထော်လာဂျီကားပေါ်မှာ လူပေါင်း ၂၄ ယောက်ပါလာတယ်။ ဆရာမတွေနဲ့ မိုင်းကိုင်မှာ အစိုးရစစ်စာမေးပွဲသွားဖြေမယ့် ကျောင်းသူကျောင်းသားတွေပါခင်ဗျ။ ၅ ယောက်က ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရတာက ၁၇ ယောက်၊ ဒဏ်ရာမပြင်းတဲ့ ၃ ယောက်က မိုင်းကိုင်ဆေးရုံမှာ၊ ကျန်တဲ့လူတွေတော့ လွိုင်လင်ခရိုင်ဆေးရုံနဲ့ တောင်ကြီးဆေးရုံကို လွှဲပေးလိုက်ပြီ။” သေဆုံးသွားတဲ့လူတွေထဲမှာ ယာဉ်မောင်းသမားလည်း ပါဝင်တာကြောင့် ယာဉ်တိမ်းမှောက်ရခြင်း အကြောင်းကို အတိအကျ မသိရကြောင်း၊ ဒါပေမယ့် ကားပေါ်ပါလာသူတွေတွေ ပြောပြချက်အရ ကုန်းအဆင်း ကားကိုကွေ့လိုက်ရာမှာ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကို မှောက်ကျသွားတာလို့  ဆိုပါတယ်။ စာရင်းအရ သေဆုံးသူတွေမှာ ဦးစိုင်းစံသိန်း (၅၇ နှစ်) ယာဉ်မောင်း၊ ၈ တန်းကျောင်းသူ နန်းဆိုင်ယိင်း (၁၄ နှစ်)၊ ၄ တန်းကျောင်းသား စိုင်းစံမိန်း (၁၁ နှစ်) နဲ့ စိုင်းနွန်းခမ်း (၁၄ နှစ်)၊ ၄ တန်းကျောင်းသူ နန်းကွမ်ခမ်း (၁၅ နှစ်) တို့ဖြစ်တယ်လို့ သိရပါတယ်။ ဟမ်းငိုင်းနဲ့ မိုင်းကိုင်ဟာ မိုင် ၃၀ ခန့် ကွာဝေးပြီး တချို့ကျောင်းသူကျောင်းသားတွေဟာ ဝေးလံတဲ့ရွာတွေကနေ ဟမ်းငိုင်းရောက်အောင် အရင်လာရပြီး အဲဒီကနေ မိုင်းကိုင်ကို ခရီးဆက်ရပြန်ကြောင်း၊ သူတို့တွေဟာ မိုးမလင်းခင်ကတည်းက ထလာရသလို ခရီးလည်းပန်းတာကြောင့် စာမေးပွဲကို ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်အောင် တခြားမှာ သွားမဖြေဘဲ မိမိကျောင်းမှာပဲ ဖြေခွင့်ရတဲ့ ပညာရေးစနစ် ပြောင်းသင့်တယ်လို့ ဦးစိုင်းပန်က ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024