DVB Logo
Home
Lead Story
အကြမ်းဖက်သောင်းကျန်းသူ သတ်မှတ်ချက် ပယ်ဖျက်ရန် ကချင်လူထုတောင်းဆို - ဦးတန်ဂွမ်းနှင့် မေးမြန်းချက်
DVB
·
February 20, 2017
အကြမ်းဖက်သောင်းကျန်းသူ သတ်မှတ်ချက် ပယ်ဖျက်ရန် ကချင်လူထုတောင်းဆို - ဦးတန်ဂွမ်းနှင့် မေးမြန်းချက်
Donate to DVB

 

အစိုးရနဲ့ အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးကို ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်ခွင့်ပြုဖို့၊  မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်မှုတွေ ရပ်ဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို အကြမ်းဖက်သောင်းကျန်းသူအဖြစ်သတ်မှတ်ခြင်းကနေ ပယ်ဖျက်ပေးဖို့ ကချင်အမျိုးသားထုက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ၁၈ ရက်နေ့အထိကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမမှာ ကျင်းပခဲ့တဲ့ ကချင်အမျိုးသားများတွေ့ဆုံပွဲကနေ ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပြီး စစ်ဘေးဒုက္ခသည်တွေကို အစိုးရက ကူညီထောက်ပံ့ဖို့လည်း တောင်း ဆိုထားပါတယ်။

ဆွေးနွေးဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး  ၂၁ ရာစုပင်လုံ အကြို ကချင်အမျိုးသားများရဲ့တွေ့ဆုံပွဲ ပြောခွင့်ရသူ ဦးတန်ဂွမ်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

အန်ကယ်တို့ ၂၁ ရာစုပင်လုံအကြို ကချင်အမျိုးသားများတွေ့ဆုံဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးသဘောတူခဲ့ကြလဲ။

“ကျနော်တို့ဆွေးနွေးတင်ပြခဲ့တာက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံ နိုင်ငံရေးဆွေးနွေးမှု မူဘောင်နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနဲ့ အခြေအနေများကို သူတို့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တော်များကို ကျနော်တို့ ချပြနိုင်တယ်။ ရှင်းလင်းတင်ပြနိုင်ခဲ့ပါတယ်။ နောက်ပြီးမှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံတွင် ဆွေးနွေးတင်ပြမယ့် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိတဲ့ အခြေအနေ အဆင့်ဆင့်များကိုလည်း သူတို့ တင်ပြချပြနိုင်ခဲ့ပါတယ်။ နောက်ပြီးမှ ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကချင်လူမျိုးများရဲ့ ရေးရာ ကိစ္စရပ်များနဲ့ ပတ်သက်ပြီးမှ ပါဝင်လုပ်ဆောင်ဆွေးနွေးရန် ကိုယ်စားလှယ် ၁၀၀ ကျော်ကိုလည်း ရွေးချယ် အတည်ပြုခြင်းကို ကျနော်တို့လုပ်ခဲ့ပါတယ်။  ”

ကိုယ်စားလှယ် ၁၀၀ မှာက ဘယ်ဒေသက ဘယ်လိုလူတွေကို ရွေးချယ်ခဲ့တာလဲ။

“မြန်မာနိုင်ငံ အတွင်းမှာဆိုရင် ကျနော်တို့ ကချင်တွေက ရန်ကုန်၊ ရှမ်းပြည်၊ မန္တလေး၊ ကချင်ပြည်အနှံ့ပေါ့လေ။ နေထိုင်တယ်ဆိုတော့ နေရာဒေသအသီးသီးက ဖြစ်ပါတယ်။”

ထုတ်ပြန်ချက်ထဲမှာ ကချင်တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ မြေနေရာကိစ္စတွေကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ ပြောပါတယ်။ ဆိုတော့ အဲဒီမြေနေရာကိစ္စဆိုတာ ဘယ်လိုဟာကိုပြောတာလဲ။

“အဓိကကတော့ ဒါက သူတို့ Territory (ပိုင်နက်နယ်မြေ) အပိုင်းကို ကျနော်တို့ ဆွေးနွေးခြင်းတွေမလုပ်ပါဘူး။ အဓိက property အပိုင်းနဲ့ပတ်သက်တဲ့ မြေယာကိစ္စကို ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ အဓိက ကျတော့ ဥပမာ ကျနော်တို့ ကချင်တမျိုးသားလုံးနဲ့ဆိုင်တဲ့ မြေနေရာတွေ အဲဒီကိစ္စနဲ့ပတ်သက်ပြီးမှ ဆွေးနွေးတာပါ။”

Property ဆိုတာ ဘယ်လိုမျိုးဟာကို ပြောတာလဲ။

“Property ဆိုတာက ကချင်တမျိုးသားလုံးနဲ့ဆိုင်တဲ့ ဒီအိမ်ခြံမြေတို့၊ ဂရမ်တို့ ပြေစာ တို့နဲ့ ပတ်သက်တဲ့ဟာတွေပေါ့လေ။ ”

ဟုတ်ကဲ့၊ အဲဒါကို တဦးချင်းမဟုတ်ဘဲ ကချင်တမျိုးသားလုံးနဲ့ဘယ်လို သက်ဆိုင်တာလဲ။

“ ဥပမာ ကျနော်တို့ အရင်တုန်းကဆိုရင် မြစ်ကြီးနားမှာ Kachin United trading company limited ဆိုပြီးမှ သူတို့ လုပ်ခဲ့တဲ့၊ ပိုင်ဆိုင်ခဲ့တဲ့ မြေနေရာတွေပေါ့လေ။  နောက်ပြီးမှာ ကျနော်တို့ ကချင်တမျိုးသားလုံးနဲ့ဆိုင်တဲ့ ဒီ မနောကွင်းနဲ့ ကချင် National park ပေါ့လေ။ ဒီလိုမျိုးမြေနေရာတွေနဲ့ ပတ်သက်တဲ့ဟာတွေကို ကျနော်တို့ အဓိက ဆွေးနွေးခဲ့ပါတယ်။ အဓိကက သူတို့ ဂရမ်ရရှိဖို့ အတွက်ရော၊ နောက်ပြီးမှ တခုက သိမ်းပိုက်ခံရတဲ့ မြေနေရာတွေနဲ့ပတ်သက်ပြီးမှရော ဆွေးနွေးဖြစ်ပါတယ်။ ”

ဆွေးနွေးပြီးတော့ ဘယ်လိုလုပ်ဆောင်ကြဖို့ ဆုံးဖြတ်တာမျိုးတွေရှိလဲ။

“ ဒါတွေကို ကျနော်တို့ ပြန်ရနိုင်ဖို့အတွက် ဥပဒေဘောင်အတွင်းမှာ တရားဥပဒေနည်းနဲ့ပေါ့လေ လုပ်ဆောင်ပြီးမှ ရရှိနိုင်ဖို့အတွက် ကျနော်တို့ ဦးဆောင်ကော်မီတီအဖွဲ့လည်း ဖွဲ့စည်းခဲ့ပါတယ်။ ”

နောက်တခု ၂၁ ရာစု ပင်လုံညီလာခံကို ကချင်လူထုတွေအနေနဲ့  ဘယ်လိုဖြစ်စေချင်တာလဲ

“ ကျနော်တို့  လိုလားတာက ၁၉၄၇ ပင်လုံစာချုပ်နဲ့ ပင်လုံကတိက၀တ်အတိုင်းပေါ့လေ။ ဒါကို အခြေခံပြီးမှ ၂၁ ပင်လုံကနေလည်း ဒါကို အခြေခံတဲ့ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို ဖော်ဆောင်နိုင်ဖို့ ဒါကျနော်တို့ လိုလားခြင်းဖြစ်ပါတယ်။ အဓိကကတော့ ၁၉၄၇ ပင်လုံ စာချုပ်နဲ့ ပင်လုံကတိက၀တ်ကို အခြေခံဖို့ဖြစ်ပါတယ်။”

နောက် ဒီဆွေးနွေးပွဲကနေ တခြားဘာတွေ တောင်းဆိုတာရှိသေးလဲ။

“အားလုံးရဲ့ တောင်းဆိုမှုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အဟန့်အတားဖြစ်စေတဲ့ ကျနော်တို့ ကချင်ဒေသအပါအ၀င် တခြားတိုင်းရင်းသား ဒေသများတွင် မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုကို လုံးဝ ရပ်ဆိုင်းဖို့ရန်အတွက်လည်း အားလုံးသဘောတူပြီးမှ တောင်းဆိုခြင်းဖြစ်ပါတယ်။ နောက်ပြီးမှ စစ်ကြောင့် နေရပ်မှ ရှောင်တိမ်းနေရတဲ့ စစ်ပြေးဒုက္ခသည်များကို လူသားခြင်း စာနာမှုဆိုင်ရာ အထောက်အပံ့များကိုလည်း အစိုးရကနေပြီးမှ ကူညီထောက်ပံ့ပေးရန်နဲ့ ပြည်တွင်းပြည်ပအားလုံးပေါ့လေ လူသားခြင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများရဲ့ ပံ့ပို့မှုများကို လွတ်လွတ်လပ်လပ် သွားနိုင်ခွင့်၊ ထောက်ပံ့နိုင်ခွင့်ပြုရန် တောင်းဆိုခြင်းဖြစ်ပါတယ်။”

“နောက်ပြီး ဒီပဋိပက္ခဖြစ်ပွားနေတဲ့နေရာဒေသမှာရှိတဲ့ စစ်ဘေးဒုက္ခသည်များနဲ့ ပြည်သူများကိုလည်း ထိခိုက်မှုကနေ ကာကွယ်ရန် လူနေဒေသများကို စစ်တပ်တပ်စွဲမှု၊ ပစ်ခတ်ခြင်း များကို မပြုဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများ တကယ်လို့ ဖြစ်ပေါ်လာရင်လည်း ထိရောက်စွာအရေးယူပေးဖို့ ဒါ သူတို့တောင်းဆို ချက်ထဲမှာ ပါပါတယ်။ နောက်ပြီး စစ်ပြေးဒုက္ခသည်များနဲ့ပတ်သက်ပြီးမှလည်း မိမိနေရပ်သို့ ဘေးအန္တရာယ်ကင်းရှင်စွာနဲ့ ဂုဏ်သိက္ခာရှိရှိပြန်နိုင်ရန်အတွက် ဒါသူတို့ နိုင်ငံတော် အစိုးရနဲ့ ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးဖို့ အမြန်ဆုံးစတင်ဆောင်ရွက်ပေးဖို့ ဒါကျနော်တို့ တောင်းဆိုခြင်းဖြစ်တယ်။  နောက်ဆုံးအနေနဲ့က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကို အကြမ်းဖက်သောင်းကျန်းသူဆိုပြီးမှ သတ်မှတ်ပြီးမှ ပြောဆိုတာ ရေးသားထုတ်ဝေတာတွေရှိနေပါတယ်။  ဒါကိုလည်း ပယ်ဖျက်ပေးဖို့ တောင်းဆိုခြင်းဖြစ်ပါတယ်။ ”

လူသားချင်းစာနာမှု အကူအညီတွေနဲ့ပတ်သက်ပြီး အစိုးရကနေ ထောက်ပံ့ကူညီပေးဖို့ တောင်းဆိုထားတယ်ဆိုတော့ အစိုးရဘက်က အခု မထောက်ပံ့လို့လား။

“အဓိကကတော့ ထောက်ပံ့မှုနဲ့ သွားလာခွင့်ထဲမှာ အဆင်မပြေမှုလေးတွေ ကြုံတွေ့နေရတာပေါ့လေ။ အဲဒါကြောင့် ဒါကို တောင်းဆိုချက်ထဲမှာ ထည့်ထားတာဖြစ်ပါတယ်။”

တလောတုန်းကပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကနေပြီးတော့ သိန်း ၃၀၀၀ ကို ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်တွေအတွက် လှူဒါန်းတာမျိုးတွေရှိပါတယ်။ အဲဒီအကူအညီတွေက ဒုက္ခသည်တွေဆီမရောက်ဘူးလား။

“ အဲဒါတွေရော တကယ်မရောက်ဘူးဆိုတာ  သူတို့ကိုပြန်ပြီးမေးကြည့်မှ သိမယ်။ အဓိကကျနော်တို့ တောင်းဆိုချင်တာက အရင်တုန်းကလိုပေါ့လေ စစ်ဘေးဒုက္ခသည်တွေက မြို့ပေါ်မှာရှိသလို တခြားနေရာတွေမှာလည်း အများကြီးရှိတယ်။ ဆိုတော့ သွားလာတဲ့အချိန်မှာရော ထောက်ပံ့တဲ့အချိန်မှာရော ထောက်ပံ့ရေးလုပ်ငန်းမှာ သူတို့အဆင်ချောအောင် လမ်းတွေမှာ စစ်ဆေးတာတွေ၊ ပိတ်ပင်တာမျိုးတွေမဖြစ်အောင်ပေါ့လေ။ လူသားချင်းစာနာတဲ့သဘောအနေနဲ့ ကူညီထောက်ပံ့မှုကို လုပ်ပေးဖို့အတွက်နဲ့ ကူညီပေးဖို့ တောင်းဆိုခြင်းဖြစ်ပါတယ်။”

အခု ပိတ်ပင်တားဆီးမှုတွေက ရှိနေသေးလို့လား။

“ကျနော်တို့ သိရှိရတဲ့ အခြေအနေအရဆိုရင် ရှိတယ်လို့ ကြားရပါတယ်။ ”

အရင်အစိုးရလက်ထက်နဲ့ အခုစိုးရလက်ထက်မှာ  ကချင်ဒုက္ခသည်တွေကို သွားရောက်ကူညီတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို  ပိတ်ပင်တားဆီးမှုက ဘယ်လို ကွာခြားတာမျိုးတွေရှိလဲ။

“ အဓိကကတော့ စစ်ပွဲတွေ ပြန်ဖြစ်လာတဲ့ အခြေအနေတွေအရ တင်းမာမှုလေးတွေက ပိုပြီးမှ ရှိလာတာပေါ့လေ။ အဓိကက အဲဒါပါပဲ။ စစ်ပွဲတွေ အရှိန်မြင့်လာပြီဆိုရင်  သွားလာရတာတွေ၊ တင်းကြပ်မှုတွေ ဖြစ်လာပြီး စစ်ဆေးတာတွေ၊ ကန့်သတ်တာတွေ ပိတ်ပင်တာတွေက ဒါ စစ်ပွဲနဲ့ တပါထဲ ဖြစ်ပေါ်လာတဲ့အခြေအတွေပါ။ အဲဒါတွေကြောင့် ကျနော်တို့ ဆီမှ အခက်အခဲလေးတွေ အများကြီး ပေါ်ထွက်လျက်ရှိပါတယ်။ ထိုးစစ်တွေမဖြစ်ဘူးဆိုရင်တော့ ပိုပြီးမှအခြေအနေလည်း ကောင်းလာနိုင်တာပေါ့လေ။ ဘယ်အစိုးရဘဲဖြစ်ဖြစ် ဒီစစ်ပွဲပဲ ဆင်နွှဲနေပြီဆိုရင်တော့ စစ်ပွဲနဲ့ ဆက်နွယ်တဲ့ အကြပ်အတည်းတွေ၊ ပဋိပက္ခတွေက ကျနော်တို့ ပြည်သူလူထုတွေအားလုံးက ခံစားလျက်ရှိပါတယ်။ အဲဒါကြောင့် ဘယ်အစိုးရဆိုပြီးမှ မပြောလိုဘူး။ ဒါပေမယ့် အဓိကကတော့ ဒီဘက်ကပိုင်းမှာ စစ်အရှိန်က ပိုပြီးမြင့်လာတဲ့အတွက်ကြောင့် ဒီလိုမျိုး ပြသနာတွေက ပိုပြီးမှ မြင့်လာတယ်လို့ မြင်ပါတယ်။ ”

ခုလို အချိန်ပေးပြီးဖြေကြားပေးတဲ့အတွက် ဒီဗွီဘီက ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013