ကင်ဂျုံနမ်အသတ်ခံရမှု နောက်ကွယ်တွင် မြောက်ကိုရီးယားအစိုးရ ပါဝင်ဟု တောင်ကိုရီးယား ပြော

ဓာတ်ပုံ - ရိုက်တာ
မလေးရှားနိုင်ငံမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့အစ်ကို အသတ်ခံရမှု နောက်ကွယ်မှာ မြောက်ကိုရီးယားအစိုးရကိုယ်တိုင် ပါဝင်တယ်လို့ ယုံကြည်ကြောင်း တောင်ကိုရီးယားဝန်ကြီးချုပ်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားအစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ တစထက်တစ အတင့်ရဲလာတယ်လို့လည်း တောင်ကိုရီးယား ဝန်ကြီးချုပ်က ပြောဆိုတာပါ။ သတ်ဖြတ်မှုနဲ့ သံသယရှိသူ ၅ ဦးဟာ မြောက်ကိုရီးယားနိုင်ငံသားတွေ ဖြစ်တယ်လို့ မလေးရှားအစိုးရက ထုတ်ပြန်ထားတဲ့အတွက် မြောက်ကိုရီးယားအစိုးရကိုယ်တိုင် ဒီကိစ္စမှာ ပါဝင်နိုင်တယ်လို့ တောင်ကိုရီးယားအစိုးရရဲ့ ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရကလည်း ဒီကနေ့ ပြောဆိုခဲ့တာပါ။ မြောက်ကိုရီးယားနိုင်ငံသားတဦးကို မလေးရှားအစိုးရက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဖမ်းဆီးရမိထားပြီး နောက်ထပ် ၄ ဦးကိုလည်း ရှာဖွေနေတယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားအစိုးရကိုယ်တိုင် နောက်ကွယ်က ပါဝင်တယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေးပြောဆိုနေပေမယ့် ခိုင်မာတဲ့ အထောက်အထားလည်း မရှိသေးသလို မြောက်ကိုရီးယားအစိုးရကလည်း တရားဝင်တုံပြန်ခြင်း မရှိသေးပါဘူး။ သံသယရှိသူ မြောက်ကိုရီးယားနိုင်ငံသားတွေရဲ့ အသေးစိတ်အချက်အလက်တွေကို မလေးရှားဒုတိယရဲချုပ်က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကင်ဂျုံနမ် အသတ်ခံရတဲ့နေ့မှာပဲ သံသယဖြစ်စဖွယ် မြောက်ကိုရီးယားနိုင်ငံသား ၄ ဦး မလေးရှားနိုင်ငံက ထွက်ခွာသွားကြပြီး နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ဆက်လက်ပူးပေါင်း ဖော်ထုတ်နေတယ်လို့လည်း မလေးရှားဒု-ရဲချုပ်က ပြောပါတယ်။ ကင်ဂျုံနမ် အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကို မလေးရှားအစိုးရက ဒီကနေ့ ပြန်ခေါ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up