အမေရိကန်တွင် မြေကျွံမှုဖြစ်ပြီး ကား ၂ စီး ကြောက်မက်ဖွယ်ထိုးကျ (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ စတူဒီယိုမြို့မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ညက ပေ ၂၀ အနက်ထိရှိတဲ့ မြေကျွံပေါက်ကြီးဖြစ်ပေါ်ပြီး ကား ၂ စီး ကျသွားတယ်လို့ အာဏာပိုင်တွေက ပြောကြောင်း လော့စ်အိန်ဂျလိ့စ် တိုင်းမ်သတင်းမှာ ဖော်ပြထားပါတယ်။ မြေကျွံတဲ့နေရာကို မီးသတ်သမားတွေ ရောက်ရှိခဲ့ပြီး ရေစီးနေတဲ့အထဲမှာ ကားတစ်စီး ဇောက်ထိုးဖြစ်နေတာကို တွေ့ရတယ်၊ မြေပြင်နဲ့ ၁၀ ပေ အကွာရှိတဲ့ အနက်မှာ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးက ကားပေါ်မှာ ရပ်နေတာကို တွေ့ရတယ်လို့ LAFD အင်တာနက် စာမျက်နှာ ဖေါ်ပြချက်အရ သိရပါတယ်။ မီးသတ်သမားတွေလည်း ပေ ၂၀ ရှည်တဲ့ လှေကားတစ်စင်း အမျိုးသမီးကို ချပေးလို့ လှေကားက တွယ်တက်ပြီး အမျိုးသမီး လွတ်မြောက်လာပါတယ်၊ အမျိုးသမီးကို ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ရတာ အခြေအနေ ကောင်းမွန်တယ်လို့လည်း သိရပါတယ်။ သူမ ကားမောင်းနေရင်း ကားက ဘယ်ဘက်ကို လိုက်နေကြောင်း အဲ့ဒီနောက် ကား မြေကျွံပေါက်ထဲ ကျသွားကြောင်း၊ ရေတွေဝင်လာပြီး သူမ ပြူတင်းပေါက်တွေကို တင်ဖို့ကြိုးစားခဲ့ကြောင်း၊ နောက် ကားမှန်တွေ ဖွင့်နိုင်ပြီး ကားပေါ်တက်ကာ အကူအညီ အော်ဟစ် တောင်းခဲ့ကြောင်း လမ်းခရီးမှာ ကားနဲ့အတူ မြေကျွံပေါက်ထဲ ကျသွားတဲ့ အမျိုးသမီးက ပြောပါတယ်။ သူမ သေတော့မယ်လို့ ထင်ခဲ့တယ်၊ မီးသတ်သမားတွေက သူမကို ပြန်လည် အော်ဟစ်အသံပေးခဲ့ကြတယ်လို့ အမျိုးသမီးက ဆက်ပြောပါတယ်။ ဒုတိယကားမောင်းသူကတော့ မြေကျွံပေါက်ထဲ ပြုတ်မကျခင် ဒဏ်ရာမရပဲ လွတ်မြောက်လာတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ကား ၂ စီးကို ဖယ်ရှားနိုင်မယ်လို့ သိရပါတယ်။ တစ်ချိန်တည်းမှာပဲ ကဂျွန်ပက်စ် အဝေးပြေးလမ်းမ အစွန်းပေါ်မှာ လမ်းပြိုခဲ့လို့ မီးသတ်ကားတစ်စီး မြေကျွံပေါက်ထဲ ပြုတ်ကျမလို ဖြစ်ခဲ့တယ် တစ်ဦးတစ်ယောက်မှ ဒဏ်ရာ မရခဲ့ဘူးလို့ ဆန်ဘန်နာဒီနိုမြို့ရဲ့ မီးသတ်ဌာန ပြောကြားချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up