ကင်မ်ဂျုံနမ် သေဆုံးမှု တတိယမြောက် သံသယရှိသူကို ဖမ်းဆီး

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ အဖေတူ အမေကွဲ အကိုအကြီးဆုံး ကင်မ်ဂျုံနမ် သေဆုံးမှုနဲ့ ပတ်သက်ပြီး တတိယမြောက် သံသယရှိသူကို မလေးရှား ရဲတွေက ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖမ်းလိုက်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်တဲ့ တခြားလူ ၃ ယောက်ကိုလည်း ရဲတွေက လိုက်ရှာနေဆဲပါ။ အဖမ်းခံရတဲ့ သံသယရှိသူတွေဆီက ဝန်ခံချက်အရ လွတ်နေသူ ၃ ဦးထဲမှာ ဗီယက်နမ် ဒါမှမဟုတ် ကိုရီးယား နိုင်ငံသားတွေ ပါနိုင်တယ်လို့ ဆိုပါတယ်။ ဖမ်းထားတဲ့ သံသယရှိသူတွေကို စစ်မေးဖို့ ထိန်းသိမ်းချုပ်နှောင် ထားမယ်လို့လည်း ဆိုပါတယ်။ မလေးရှား ဥပဒေအရ ၂၄ နာရီထက် ပိုပြီး ထိန်းသိမ်းထားလို့ မရတာကြောင့် သူတို့ကို ဒေသခံ တရားရုံးမှာ တရားစွဲပြီး ထိန်းသိမ်း စစ်မေးချိန်ကို သက်တမ်းတိုးမယ်လို့လည်း သိရပါတယ်။ တခြား သံသယရှိသူတွေ ထွက်ပြေးလွတ်မြောက်မှာ စိုးရိမ်လို့ မလေးရှား ရဲတွေဟာ နိုင်ငံတလွှားက နိုင်ငံတကာ လေဆိပ်တွေမှာ တင်းတင်းကြပ်ကြပ် ကင်းလှည့် နေပါတယ်။ သဲလွန်စ ဖြစ်နိုင်ချေတွေကို ရှာဖို့ လုံခြုံရေး မှတ်တမ်းတွေကိုလည်း စောင့်ကြည့်နေပါတယ်။ ရဲတွေက ဒုတိယ သံသယရှိသူရဲ့ ရည်းစား မလေးရှား အမျိုးသားကိုလည်း ဖမ်းထားပါတယ်။ ဒုတိယ သံသယရှိသူဟာ အင်ဒိုနီးရှား နိုင်ငံကူး လက်မှတ်ကို ကိုင်ဆောင်ပြီး နောက်ထပ် သံသယရှိသူ အမျိုးသမီးကတော့ ဗီယက်နမ် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူပါ။ လုပ်ကြံ ခံရသူကင်မ်ဟာ ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ် ဒုတိယ ခန်းမဆောင်မှာ တနင်္လာနေ့က မသက်မသာ ခံစားရအပြီး အကူအညီ တောင်းခဲ့ပါတယ်။ ဆေးရုံတင်ချိန် လမ်းမှာ သေဆုံးပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းကို သေချာ စစ်ဆေးဖို့ သူ့အလောင်းကို ရင်ခွဲ စစ်ဆေးနိုင်ရေး ကွာလာလမ်ပူ ဆေးရုံကို ဗုဒ္ဓဟူးနေ့က သယ်သွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up