Home
မေးမြန်းခန်း
အိမ်အကူမိန်းကလေးကို ခွဲစိတ်ပေးခဲ့သည့် ဒေါက်တာခင်မောင်မြင့်နှင့် မေးမြန်းချက်
DVB
·
February 18, 2017
အင်းဝအပ်ချုပ်ဆိုင်မှာ ညှဉ်းပန်းနှိပ်စက်ခံရလို့ ဒဏ်ရာရခဲ့တဲ့ အိမ်အကူ မိန်းကလေး မစန်းကေခိုင်ကို ရန်ကုန်ဆေးရုံကြီး လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုဌာနမှာ ဆရာဝန်ကြီးတွေက အပြီးသတ်ခွဲစိတ်ကုသ အောင်မြင်မှုရခဲ့ပါတယ်။ မစန်းကေခိုင်ဟာ ဘယ်ညာလက်ချောင်းတွေ ဘယ်တံတောင်၊ ညာတံတောင်နဲ့ လက်မောင်းနှစ်ဘက် အပါအဝင် လည်ပင်းအနာရွတ်တွေကို အကြီးစားခွဲစိတ်မှု စုစုပေါင်းလေးကြိမ် ပြုလုပ်ခဲ့ရတာပါ။ လက်ချောင်းခွဲစိတ်ရာမှာ အခက်အခဲတွေ ရှိခဲ့ပေမယ့် အောင်မြင်ခဲ့တယ်လို့ ခွဲစိတ်မှုကို ဦးဆောင်ခဲ့တဲ့ ရန်ကုန်ဆေးရုံကြီး လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှုဌာနက ပါမောက္ခ ဒေါက်တာခင်မောင်မြင့်က ပြောပါတယ်။ ပါမောက္ခ ဒေါက်တာခင်မောင်မြင့်ကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ဟုတ်ကဲ့ဆရာ။ အင်းဝအပ်ချုပ်ဆိုင်က ဖြစ်စဉ်မှာ ထိခိုက်ခဲ့တဲ့ ကလေးငယ်က ဆရာ့ဆီမှာကုသဖို့ ရောက်လာတယ်လို့ သိရပါတယ်။ အဲဒါလေး အကြမ်းဖျင်း ရှင်းပြပေးပါဆရာ။ ဖြေ - အင်းဝအပ်ချုပ်ဆိုင်ဖြစ်စဉ်မှာ ကလေးနှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တယောက်ကတော့ မစန်းကေခိုင်ပါ။ တယောက်ကတော့ မသဇင်ပါ။ မစန်းကေခိုင်နဲ့ မသဇင်မှာ၊ အဓိကကတော့ မစန်းကေခိုင်မှာ လက်နှစ်ချောင်းလုံး ဒဏ်ရာရထားတယ်။ လက်ချောင်းလေးတွေ ကျိုးတယ်။ လက်ချောင်းလေးတွေ လှုပ်ရှားလို့မရဘူး။ ဘယ်ဘက်တံတောင်ဆစ် ဆန့်လို့မရတော့ဘူး။ ဘယ်လက်၊ ညာလက်၊ ဘယ်တံတောင်၊ ညာတံတောင်၊ ဘယ်လက်မောင်း၊ ညာလက်မောင်း၊ လည်ပင်းတွေမှာ အနာရွတ်ကြီးတွေ ရှိတယ်။ အဲဒါတွေကို ခွဲစိတ်ဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို စက်တင်ဘာလ ၂၁ ရက် ညနေ ၅ နာရီမှာ ကျနော်တို့ဆီကို ရောက်ရှိလာပါတယ်။ မေး - ဟုတ်ကဲ့ဆရာ။ သူ့ရဲ့ခွဲစိတ်မှုက ဘယ်လိုခွဲစိတ်မှုမျိုး စဖြစ်မလဲ ဆရာ။ ဖြေ - မစန်းကေခိုင်အနေနဲ့တော့ ခွဲစိတ်မှုအကြီးစားများကို လုပ်ဆောင်ဖို့ ကျနော်တို့ သေချာတိုင်ပင်ရပါတယ်။ သေချာစမ်းသပ်စစ်ဆေးတဲ့အခါမှာ ညာဘက် လက်ချောင်းလေးတွေ ကွေးလို့ဆန့်လို့ မရဘူး။ ဘယ်ဘက်လက်ချောင်းလေးတွေလည်း ကွေးလို့ဆန့်လို့ မရဘူး။ ဘယ်ဘက်တံတောင်ဆစ် ဆန့်လို့မရတော့ဘူး။ ဒါကြောင့်မို့လို့ ဒါ အကြီးစားခွဲစိတ်မှုဖြစ်မယ်ဆိုတာ ကျနော်တို့ အစောကြီးကတည်းက တွက်ဆထားပါတယ်။ ဒီလိုမျိုး ကွေးလို့ဆန့်လို့မရတဲ့ အခြေအနေတွေမှာ ကျနော်တို့အနေနဲ့လည်း ကလေးတွေမှာ အတွေ့အကြုံ သိပ်မရှိပါဘူး။ လူကြီးတွေမှာတော့ ကျိုးပြီးတဲ့အခါမှာ ကွေးလို့ဆန့်လို့ မရတာမျိုးတွေ ကျနော်တို့ ကြုံတတ်ပါတယ်။ ကြုံတဲ့အခါမှာလည်း ဒီခွဲစိတ်မှုတွေကို ခွဲတဲ့အခါမှာ အောင်မြင်မှုရာခိုင်နှုန်းက ထင်သလောက် မများပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ စိုးရိမ်မှုတော့ရှိပါတယ်။ ကလေးတွေမှာ လက်ချောင်းတွေ အများကြီးကျိုးတာ တော်တော်လေးရှားတယ်။ တချောင်း၊ နှစ်ချောင်း ကျိုးတယ်။ ဆေးရုံလည်း မြန်မြန်ရောက်တယ်။ ခွဲစိတ်မှုလည်း စောစောစနိုင်တယ်ဆိုရင် လက်ချောင်းတွေက တော်တော်များများ ပကတိ ပြန်ကောင်းနိုင်တယ်။ စန်းကေခိုင်မှာကျတော့ လက်ချောင်းတွေ ကျိုးလာတာက အချိန်တွေခြားပြီး ကျိုးတယ်။ ကျနော်တို့ဆီ ရောက်တဲ့အချိန်မှာ နှစ်နဲ့ချီရှိနေပြီ။ နှစ်နဲ့ချီရှိနေတဲ့ လက်ချောင်းလေးတွေ မလှုပ်နိုင်တာကို ကလေးတွေမှာ ခွဲစိတ်ဖို့ ကျနော်တို့ အတွေ့အကြုံ တော်တော်နည်းတယ်။ ဆိုတော့ ကျနော်တို့ စိုးရိမ်တာ အဲဒါပဲ။ ကလေးတွေမှာ လက်ချောင်းတွေ မလှုပ်နိုင်တာ၊ ကျိုးပြီးရင် မလှုပ်နိုင်တာ တော်တော်ရှားတယ်။ ဒီကလေးမလေးက ကျိုးပြီး မလှုပ်နိုင်ဘူးဆိုတော့ တချောင်းပြီးတချောင်း ဆက်တိုက်ကျိုးနေတယ်။ လှုပ်ရှားမှုမစနိုင်ခင်မှာ နောက်တချောင်းကျိုးတယ်။ ကျနော်တို့ အဲဒီလိုပဲ ခန့်မှန်းခြေ တွက်ကြည့်လို့ရတယ်။ အဲဒါကြောင့် ကျနော်တို့ ဒါမျိုးကို စိုးရိမ်တာပါ။ အခုတော့ စိုးရိမ်တာထက်ပိုပြီးတော့ အခြေအနေကောင်းတာပေါ့နော်။ ကျနော်တို့ကတော့ ဒီကလေးမလေးကို အပြည့်အဝ ပြန်ကောင်းစေချင်တာပါပဲ။ မေး - အခုလိုမျိုး စပြီး ခွဲစိတ်ခဲ့ပုံလေးကိုလည်း ရှင်းပြပေးပါဦး။ ဖြေ - အောက်တိုဘာ ၅ ရက်နေ့မှာ ကျနော်တို့ စတင်ပြီးတော့ ညာဘက်လက်ကို ခွဲစိတ်ပါတယ်။ ကျနော်တို့အဖွဲ့အနေနဲ့ ခွဲစိတ်ဖို့ တိုင်ပင်တဲ့အခါ ခွဲစိတ်မှုကို အဆင့် ၄ ဆင့် လုပ်မယ်။ ပထမတဆင့်မှာ ညာဘက်လက်ကို ခွဲစိတ်မယ်။ ညာဘက်လက်ကို ခွဲစိတ်လို့ စန်းကေခိုင်ရဲ့ ညာဘက်လက်ချောင်းလေးတွေဟာ နေ့စဉ်လုပ်ငန်းတာဝန်တွေ ထမ်းဆောင်နိုင်ပြီ၊ ပြန်လည်အသုံးချနိုင်ပြီဆိုရင်၊ အောင်မြင်မှုရှိပြီဆိုရင် ကျနော်တို့ ဘယ်ဘက်လက်ကို ခွဲစိတ်မယ်။ တချိန်တည်းမှာပဲ ကျနော်တို့ ခွဲစိတ်မှုတင်မကဘူး။ ခွဲစိတ်မှုပြီးတဲ့အခါမှာ သူက လိုက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ လိုတယ်။ လေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုရင်လည်း ကျနော်တို့ ခွဲစိတ်မှုဟာ အောင်မြင်တယ်လို့ မပြောနိုင်ဘူး။ အဲဒီတော့ ခွဲစိတ်မှုဟာ ခွဲစိတ်ဆရာဝန် တယောက်တည်းမှာတင် မူတည်တာ မဟုတ်ဘဲနဲ့ ခွဲစိတ်ဆရာဝန်၊ လေ့ကျင့်ခန်းလုပ်ပေးတဲ့ အထောက်အကူပြု အဖွဲ့အစည်းတွေ၊ ကြိုးစားဖို့တွေ အရေးကြီးပါတယ်။ လူနာကိုယ်တိုင်က လိုလိုလားလားနဲ့ သေချာလေ့ကျင့်ခန်းလုပ်မှ ကျနော်တို့ရဲ့ခွဲစိတ်မှု အောင်မြင်မှာ။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မေးမြန်းပါတယ်။ ဒီခွဲစိတ်မှု ဘယ်လောက်အောင်မြင်မလဲ။ ကျနော် အများကြီး တာဝန်ခံထားလို့ မရပါဘူး။ ကျနော်တို့ အများဆုံး ကြိုးစားပါ့မယ်။ ဒါပေမယ့် ကျနော်တို့တခုတည်းနဲ့တော့ အောင်မြင်မှုအတိုင်းအတာကို အတိအကျပြောလို့မရပါဘူး။ ဒီအထောက်အကူပြု အဖွဲ့အစည်းတွေရယ်၊ လူနာကိုယ်တိုင်က ပူးပေါင်းပါဝင်မယ်ဆိုရင်တော့ ထိုက်သင့်သလောက် အောင်မြင်မယ်လို့ ဖြေကြားခဲ့ပါတယ်။ မေး - ဟုတ်ကဲ့ ဆရာ၊ ဒီကလေးမလေး ခွဲစိတ်ခဲ့တဲ့အချိန်မှာ ဆရာတို့ ကြုံခဲ့ရတဲ့ ဆေးပညာပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိရင်လည်း ရှင်းပြပေးပါဦး။ ဖြေ - အခက်အခဲကတော့ ကျနော်တို့ရဲ့ အတွေ့အကြုံ ကလေးတွေမှာ နည်းတာပါပဲ။ စန်းကေခိုင်ကို ညာဘက်လက်ကို ခွဲစိတ်မယ်ဆိုတဲ့အချိန်မှာ သေချာပြင်ဆင်ပါတယ်။ စန်းကေခိုင်ကိုလည်း သေချာရှင်းပြတယ်။ သမီး၊ ညာဘက် လက်ချောင်းလေးတွေ ခွဲမယ်။ လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်း။ ဒါတွေဟာ သမီးဘဝမှာ ပစ္စည်းတွေ ပြန်ကိုင်လို့ရမှ ဖြစ်မယ်။ ကျနော်ကိုယ်တိုင် ခွဲစိတ်မယ်။ ခွဲစိတ်ပြီးတဲ့အခါမှာ နာကျင်မှုတွေ လျော့နည်းအောင်၊ အရောင်တွေကျအောင်၊ ကျောက်ပတ်တီးအတွင်းမှာ ၃ ပတ်ထားမယ်။ ပြီးရင် သမီး လေ့ကျင့်ခန်းတွေ လုပ်ရမယ်။ သူ နားလည်ပါတယ်။ ကျနော်တို့ ခွဲစိတ်တယ်။ ပထမဆုံး ခွဲစိတ်မှု အောက်တိုဘာ ၅ ရက်။ ကျောက်ပတ်တီးထဲမှာ ၃ ပတ် ထားလိုက်တယ်။ ပြီးတော့ လေ့ကျင့်ခန်းလုပ်လိုက်တယ်။ လေ့ကျင့်ခန်းလုပ်တော့ ပထမတပတ်တည်းမှာပဲ ဒီကလေးမလေးက လက်ချောင်းလေးတွေ စလှုပ်နိုင်တယ်။ တဖြည်းဖြည်းနဲ့ ပိုလှုပ်လာနိုင်တယ်။ ဆိုတော့ ဒါက ကျနော်တို့ အောင်မြင်တယ်ဆိုတဲ့ အခြေခံ ရရှိပြီ။ ဒီအခါမှာ ၃ ပတ်စီခြားပြီးတော့ ဘယ်ဘက်လက်ကို ခွဲစိတ်ဖို့ ကျနော်တို့ ဆက်ပြီး ဆုံးဖြတ်ပါတယ်။ အဲဒီလိုပဲ သမီး ညာဘက်လက် အောင်မြင်ပြီ။ ဘယ်ဘက်လက်ကို ဆက်ခွဲစိတ်မယ်ဆိုတော့ ကလေးမလေးက ကျနော်တို့ကိုလည်း ယုံကြည်သွားပြီ။ ဆက်ပြီးခွဲစိတ်ပါလို့လည်း သဘောတူလာပြီ။ ကျနော်တို့ ဘယ်ဘက်လက်ကို လက်ချောင်းလေးတွေ ဆက်ပြီး ခွဲစိတ်ပါတယ်။ အဲဒါက နိုဝင်ဘာ ၂၃ မှာပါ။ အဲဒီမှာ ခွဲစိတ်တဲ့အခါကျတော့ ကျနော်တို့ သိသွားပြီ။ ကလေးမလေးက အနာလည်း ခံနိုင်လာပြီ။ ဆေးရုံမှာလည်း ဆရာဝန်၊ ဆရာမတွေနဲ့ ရင်းနှီးလာပြီ။ ဆေးရုံမှာလည်း နေသားကျလာပြီ။ တချိန်တည်းမှာပဲ ဆရာဦးမောင်မောင်အေး ဦးဆောင်တဲ့ လူမှုဝန်ထမ်း အဖွဲ့အစည်းတွေကလည်း NGOs တွေပေါ့နော်၊ သူတို့တွေကလည်း ဆေးရုံမှာ လာပြီး ကလေးမလေးကို အထောက်အကူပြုတဲ့အနေနဲ့ Psychological Support ပေါ့ လာပေးတယ်။ သူနဲ့ လာကစားတယ်။ အတူတူနေတယ်။ စကားတွေပြောတယ် ဆိုတဲ့အခါကျတော့ ကလေးမလေးရဲ့စိတ်ထဲမှာ ဆေးရုံနဲ့ ပိုပြီး ရင်းနှီးကျွမ်းဝင်လာပြီ၊ ဆရာဝန်၊ ဆရာမတွေကို စိုးရွံ့တဲ့အနေအထားတွေ မရှိတော့ဘူး။ ဆေးရုံမှာ နေသားကျလာပြီ။ အဲဒီတော့ ဒုတိယအကြိမ် ဘယ်ဘက်လက်ကို ခွဲစိတ်ပြီးတဲ့အချိန်မှာ ကျနော်တို့က အနာအကိုက်အခဲတွေ ပျောက်အောင် ကျောက်ပတ်တီးထဲမှာ ၂ ပတ်ပဲထားတော့တယ်။ ၂ ပတ်ထားပြီး လေ့ကျင့်ခန်းလုပ်တယ်။ လုပ်တဲ့အခါမှာ ဒုတိယအကြိမ် ခွဲစိတ်တဲ့အချိန်မှာပဲ ကလေးမလေးက သူ ဝါသနာပါတဲ့ စက်ချုပ်သင်ဖို့အတွက်ကို ပုံတွေဆွဲတဲ့ လေ့ကျင့်ခန်း စလုပ်ပြီ။ အဆင်ပြေလာတယ်။ အဲဒီအချိန်မှာ ကျနော်တို့လည်း စိတ်အေးသွားပြီ။ ညာဘက်လက် အောင်မြင်သလို ဘယ်ဘက်လက်လည်း အောင်မြင်မယ်ဆိုတာ သိပြီ။ ဒါပေမယ့် ကျနော်တို့ စိတ်ပူတာက ဘယ်ဘက်တံတောင်ဆစ်။ ဘယ်ဘက်တံတောင်ဆစ်ရဲ့ လက်မောင်းရိုး ကျိုးနေတယ်။ အဲဒီ ကျိုးနေတဲ့အောက် တံတောင်ဆစ်ထဲမှာလည်း သွေးခဲမှုကြောင့် ဖြစ်လာတဲ့ အရိုးတက်ကြီး ရှိတယ်။ အရိုးတက်ကြီးကလည်း တော်တော်ကြီးတယ်။ ကျနော်တို့ တိုင်းကြည့်တော့ အနံက ၂ စင်တီမီတာ၊ အလျားက ၄ စင်တီမီတာ ရှိတယ်။ ဒါကြီးကို ခွဲစိတ်ထုတ်ရမယ်။ ဒီအရိုးအတက်သည် အာရုံကြောတွေ၊ သွေးကြောတွေနားမှာ ရှိတယ်။ ဒါကို နည်းနည်းစွန့်စားပြီး ခွဲစိတ်ဖို့လိုတယ်။ ခွဲစိတ်ပြီးတဲ့အခါမှာလည်း လေ့ကျင့်ခန်း ကောင်းကောင်းလုပ်ဖို့လိုတယ်။ တံတောင်ဆစ်ကြီး အပြည့်ဆန့်လို့ရအောင်ပေါ့။ အဲဒါအတွက်ကတော့ ကျနော်တို့ သေချာလေး ပြင်ဆင်ခဲ့ပါတယ်။ အဲလို ပြင်ဆင်ခဲ့ပြီး တခါ တတိယအကြိမ် ခွဲစိတ်မှုကို ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ကျနော်တို့ ဆောင်ရွက်ခဲ့တယ်။ ပြီးတဲ့အခါကျတော့ သူ့ကို ကျောက်ပတ်တီး မစည်းတော့ဘူး။ တောက်လျှောက် လေ့ကျင့်ခန်းလုပ်ခိုင်းတယ်။ ၁၀ ရက်မှာ ချုပ်ရိုးဖြည်လိုက်တယ်။ တတိယတကြိမ် ခွဲစိတ်ပြီးတဲ့အခါမှာတော့ စန်းကေခိုင်ဟာ ဆရာဝန်၊ ဆရာမတွေနဲ့ ရင်းရင်းနှီးနှီး အများကြီး ရှိသွားပြီ။ ဆေးရုံမှာလည်း နေသားကျပြီ။ ကျနော်တို့ပြောတာလည်း အကုန်လုံးနားထောင်ပြီ ဆိုတော့ အကောင်းဘက်ကိုလည်း ဦးတည်သွားပါပြီ။ ကျနော်တို့အနေနဲ့ တတိယအကြိမ် ခွဲစိတ်ပြီးတဲ့အခါမှာတော့ လုံးဝ စိတ်ချသွားပါပြီ။ စတုတ္ထအကြိမ် ခွဲစိတ်မှုတော့ ကျနော်တို့ဌာနမှာရှိတဲ့ တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးမင်းဦးကို ဒီအနာရွတ်တွေကို ခွဲစိတ်ဖယ်ရှားဖို့ ကျနော် ညွှန်ကြားနိုင်ခဲ့ပါတယ်။ လက်မောင်းနဲ့ လည်ပင်း၊ ကျောပြင်မှာရှိတဲ့ အနာရွတ်ကြီးကြီးတချို့ကို ကျနော်တို့ ဖယ်ရှား ဆောင်ရွက်ခဲ့ပါတယ်။ မေး - ဟုတ်ကဲ့ပါ ဆရာ။ ဒီခွဲစိတ်မှုမှာ ဆရာက အစအဆုံး အဓိကပါဝင်ခဲ့တာဆိုတော့ ဒီအမှုဖြစ်စဉ်ကလည်း အပြီးသတ် အမိန့်မချရသေးဘူးလေ။ အဲဒီတော့ လူသားတယောက်အနေနဲ့ သူ့ရဲ့နစ်နာမှုကို အဲဒီအပိုင်းမှာ ဆေးပညာရပ်နဲ့ဆို သူ ဘယ်လောက်ထိ နစ်နာခဲ့တယ်ဆိုတာ ဆရာ့အနေနဲ့ ဘယ်လို သုံးချင်ပါလဲ။ ဖြေ - နစ်နာမှုကို သုံးသပ်တာကတော့ ကျနော့်အနေနဲ့ ဒီအချိန်မှာ မသုံးသပ်ချင်ပါဘူး။ ခွဲစိတ်မှုတခုကို လုပ်တဲ့အခါ ကျနော်တို့အနေနဲ့ နစ်နာမှုကို Disability ပေါ့။ ဘယ်လောက်အထိ လူတယောက်ဟာ နစ်နာဆုံးရှုံးမှု ရှိသလဲဆိုတာ ခွဲစိတ်ကုသမှုအားလုံးကို ပြီးတဲ့အချိန်၊ လေ့ကျင့်ခန်းတွေ အားလုံးပြီးသွားတဲ့အချိန်၊ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အားလုံး ပြန်ကောင်းတဲ့အချိန်ဟာ ကျနော်တို့ သတ်မှတ်ထားတာ ရှိပါတယ်။ သင်္ဘောသားတယောက် ဥပမာအားဖြင့် ဒဏ်ရာရသွားတယ်။ ဘယ်လောက်အချိန်မှာ ပြန်ကောင်းမလဲ။ သူ ကျိုးတဲ့အနေအထားပေါ် မူတည်ပြီး ဖြစ်နိုင်တာပေါ့။ ဒီကလေးမလေးကတော့ ညာဘက်လက်မကလွဲလို့ လက်ချောင်းတွေအားလုံး ကျိုးတယ်။ ဘယ်ဘက်လက်ချောင်းတွေလည်း အားလုံး ကျိုးတယ်။ ကျိုးတဲ့အချိန်တွေကလည်း ဖြစ်ဖြစ်ချင်း လာတာမဟုတ်ဘူး။ အကြာကြီးနေမှ လာရတယ်။ ကျနော်တို့ ခွဲစိတ်တာလည်း အများကြီး နောက်ကျတယ်။ ခွဲစိတ်ချိန်နောက်ကျတော့ ဒီကလေးမလေးအတွက် အနည်းဆုံး ၆ လ ကျနော်တို့ စောင့်ကြည့်ပါမယ်။ ၆ လကြာတဲ့အခါ သူ ဘယ်လောက် ပြန်ကောင်းလာသလဲ။ ဘယ်လောက် ပစ္စည်းတွေ ဆုပ်ကိုင်ထားနိုင်သလဲ၊ သူ့လက်ကို နေ့စဉ်လုပ်ငန်းတွေအပေါ်မှာ ဘယ်လောက် အသုံးချနိုင်သလဲ။ အဲဒါကိုကြည့်ပြီးတော့ နစ်နာဆုံးရှုံးမှုကို ကျနော်တို့ ထုတ်ပြန်ပါမယ်။ နစ်နာဆုံးရှုံးမှုရှိတာတော့ သေချာပါတယ်။ ရုပ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးမှုအပြင် စိတ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးမှုများလည်း ပါဝင်ပါတယ်။ အဲဒါလည်း စိတ်ပိုင်းဆိုင်ရာ ဆရာဝန်များနဲ့ ကျနော်တို့ တိုင်ပင်ပါမယ်။ တိုင်ပင်ပြီးတဲ့အခါမှသာ ကျနော်တို့အနေနဲ့ ထုတ်ပြန်ပါရစေ။ နစ်နာဆုံးရှုံးမှု သေချာပေါက်ရှိတယ်ဆိုတာတော့ ကျနော် ပြောနိုင်ပါတယ်။ မေး - ခွဲစိတ်မှု ၄ ကြိမ် အောင်မြင်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဆရာ ဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါဦး။ ဖြေ - ပထမတုန်းကတော့ ကျနော်တို့ထင်တာက မိမွေးတိုင်း ဖမွေးတိုင်း ပြန်မကောင်းတာတော့ သေချာတယ်။ ဒါပေမယ့် အလုပ်တွေအများကြီး လုပ်နိုင်ပါ့မလားလို့ ကျနော်တို့ သံသယရှိခဲ့တယ်။ ကလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကို စလုပ်ခဲ့ရတယ်ဆိုတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိကောင်းရှိခဲ့နိုင်မယ်။ ဒါအတွက်လည်း ကျနော်တို့ စိတ်ပူတယ်။ ဒါပေမယ့် ကလေးဆိုတာမျိုးက ပတ်ဝန်းကျင်နဲ့ အင်မတန်ကို လိုက်လျောညီထွေ ဖြစ်တတ်တာ။ ဆေးရုံရောက်ပြီးတဲ့အခါကျတော့ လေ့ကျင့်ခန်းလုပ်တဲ့ ဆရာမတွေ၊ တာဝန်ကျတဲ့ ဆရာမတွေနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ဖြစ်လာတဲ့အခါမှာ သူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် သူဟာ မြန်မြန်ပြန်ကောင်းလာတာ ရှိတယ်။ အခု ကျနော်တို့ မြင်နေရတယ်။ ဒီကလေးမလေး ပုံဆွဲသွားတယ်။ သူ စက်ချုပ်သင်ချင်တယ်။ သူ အာရုံရတာကို သေချာလုပ်နိုင်လာတဲ့သဘော ရှိတဲ့အတွက်ကြောင့်မို့ သူ့ရဲ့ဘဝမှာ သေချာလျှောက်လှမ်းနိုင်မယ်လို့ ကျနော် ယုံကြည်သွားပြီ။ သူဟာ အဓိကကတော့ သူ့မှာ ဂိုက်လိုတာပေါ့နော်။ သူ့ကို ဦးဆောင်လမ်းပြမယ့်လူက ဦးဆောင်လမ်းပြနိုင်ရင် ဒီကလေးမလေးဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိပြီးတော့ ဘဝမှာ အဆင်ပြေပြေ လျှောက်လှမ်းနိုင်မယ်လို့ ကျနော် ယုံကြည်ပါပြီ။ စန်းကေခိုင်ရဲ့ ဖြစ်စဉ်ကတော့ ကျနော်တို့ရဲ့ လူမှုအဖွဲ့အစည်းအားလုံးကို Alert ဖြစ်အောင် လုပ်လိုက်တာပါ။ ဒီလိုမျိုးတို့လို ဗုဒ္ဓဘာသာများတဲ့ နိုင်ငံမှာတောင် ဒါမျိုးဖြစ်နေရင် တခြားနိုင်ငံတွေမှာ ဒီ့ထက်မက များနိုင်တယ်။ တို့နိုင်ငံမှာတော့ ဒါမျိုးကို ကလေးတွေကို ဒီလိုလုပ်တာကိုတော့ ကျနော်တို့ လူမှုအဖွဲ့အစည်းတခုလုံး လက်မခံနိုင်ဘူး။ ဒါကို ဒီဖြစ်စဉ်ကို အခြေခံပြီးတော့ ကျနော်တို့ လူမှုအဖွဲ့အစည်းတခုမှာ အိမ်အကူလေးတွေကို ဒီလိုမျိုးဖြစ်စဉ်တွေနဲ့ ကျနော်တို့ လူမှုအဖွဲ့အစည်းကို ညစ်နွမ်းအောင် မလုပ်ကြပါနဲ့။ ကျနော်တို့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အခြေခံတဲ့ ဦးဆောင်နိုင်ငံပါ။ ခရစ်ယာန်တွေလည်း ရှိတယ်။ မွတ်စလင်တွေလည်း ရှိတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းတခုမှာတော့ ဒီလိုမျိုးအဖြစ်အပျက်များကို နောက်ထပ် စန်းကေခိုင်ကို အတုယူပြီး မဖြစ်စေချင်ပါဘူး။ ကလေးတွေ အများကြီးနစ်နာပါတယ်။ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာအတွက်လည်း အများကြီး နစ်နာပါတယ်။ ဒါမျိုးမဖြစ်အောင် အားလုံး လိုက်နာစောင့်ရှောက်ကြဖို့ တာဝန်သိတဲ့လူတွေကို သတင်းပေးကြဖို့၊ သတင်းပေးတဲ့လူတွေကိုလည်း ချီးကျူးဂုဏ်ပြုတယ်လို့ ပြောကြားပါရစေ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024