တံတားကို မိုင်းခွဲမယ်ဆိုတဲ့ သတင်းကြောင့် ရဲ၊ စစ်တပ်ပေါင်းပြီး လုံခြုံရေးယူ
DVB
·
February 17, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၊ ဧရာဝတီတံတား(ထီးချိုင့်)မှာ လွန်ခဲ့တဲ့ ၃ ရက်လောက်ကစပြီး တံတားမိုင်းခွဲမယ်ဆိုတဲ့ သတင်းတွေကြောင့် နယ်မြေခံရဲနှင့် စစ်တပ်ပေါင်းပြီး နေ့ရော ညပါ လုံခြုံရေးအပြည့်ချပြီး စောင့်ကြပ်စစ်ဆေးနေပါတယ်။
“စစ်တပ်က တံတားအောက်ဘက်မှာ နေရာယူထားတယ်။ ရဲကတော့ အပေါ်မှာ။ တံတားတိုင်တွေတိုင်းမှာလည်း လုံခြုံရေးချထားတယ်။ တံတားမိုင်းခွဲမယ်လို့ကြားတော့ မြို့ထဲမှာတော့ နည်းနည်းထိတ်လန့်မှုလေးတွေ ရှိတယ်။ လွန်ခဲ့တဲ့ ၂ လလောက်ကလည်း အဲလိုပဲ လုံခြုံရေးချထား သေးတယ်။ အဲဒါတုန်းကတော့ ၁၀ ရက်လောက် ကြာတယ်”လို့ ထီးချိုင့်ဒေသခံ ကိုနေဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထီးချိုင့်မြို့မရဲစခန်းမှ စခန်းမှုး ဒုရဲမှုး ရဲထွဋ်အောင်ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ "လုံခြုံရေးယူတာကတော့ လုပ်ရိုးလုပ်စဉ်ပါ။ အရင်က တံတားအောက်ဂိတ်မှာ လုံခြုံရေးချတယ်။ ခုကတော့ တံတားပေါ်မှာ နေရာယူတာပေါ့။ ပြည်သူတွေ ထိတ်လန့်မှုမရှိအောင် ဆောင်ရွက်နေပါတယ်"လို့ ပြောပါတယ်။
တံတားထိပ်မှာ သဲအိတ်၊ ဘန်ကာတွေလည်း အခိုင်အမာတည်ဆောက်နေပြီး လုံခြုံရေးအရ ကြပ်မတ်စစ်ဆေးမှုတွေလည်း ပြုလုပ်နေပါတယ်။