မြန်မာကို ဗဟိုပြုသည့် တရုတ်-အမေရိကန် ဆက်ဆံရေး

  (လတ်တလော ထွက်ပေါ်လာသည့် မြန်မာ့အရေး လေ့လာသုံးသပ်သူများ၏ ယူဆချက်အမျိုးမျိုးကို လေ့လာသည့်အခါ မြန်မာနှင့်ပတ်သက်၍ တရုတ်နှင့် အမေရိကန်တို့၏ လှုပ်ရှားဆောင်ရွက်မှုများကို အပြိုင်အဆိုင် သြဇာချဲ့ရန် ရည်ရွယ်ချက်ဖြင့်သာ လုပ်ဆောင်ကြခြင်းဖြစ်သည်ဟု မှတ်ယူကြသူများ ပါသည်။ သို့သော်လည်း တရုတ်နှင့် အမေရိကန်အစိုးရများ၏ တရားဝင်ပြောဆိုကြေညာချက်များမှာ ထိုသို့မဟုတ်ဘဲ အဆိုပါအမြင်များနှင့် ဆန့်ကျင်နေပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး တရုတ်နှင့် အမေရိကန်တို့၏ မူဝါဒများ၊ ပိုမိုနက်ရှိုင်းသည့် အခြားသော ဆက်နွယ်မှုများ၊ လက်တွေ့ရင်ဆိုင်ရသည့် အခက်အခဲများကို ကျယ်ပြန့်စွာ လေ့လာ သုံးသပ်ထားသည့် YUN SUN ယွန်ဆွန်၏ ဆောင်းပါး (Myanmar in US-China relation) ကို အခြေခံ၍ ဆီလျော်အောင် ဘာသာပြန်ဆို မိတ်ဆက်ပေးလိုပါသည်။ အဆိုပါဆောင်းပါးမှာ ၂၀၁၄ ခု နှစ် ဇွန်လအတွင်းက ထွက်ရှိခဲ့သည့် STIMSON CENTER တွင်ဖေါ်ပြခဲ့ခြင်းဖြစ်၍ အချက်အလက်များမှာ ဟောင်းနွမ်းနေပြီဟု ထင်စရာရှိပါသည်။ သို့သော် တကယ်တမ်း ဖတ်ကြည့်လိုက်သောအခါ ယခင်က မသိသေးသည့် အချက်အလက်သစ်များ ပါရှိနေသည် တွေ့ရှိရသဖြင့် တရုတ်-မြန်မာ-အမေရိကန် ဆက်ဆံရေးကို စိတ်ဝင်စားသူများအဖို့ များစွာအကျိုးရှိမည်ဟု ယူဆမိပါသည်။ မြန်မာ့နိုင်ငံရေးအတွက် စဉ်းစားတွေးတောစရာများလည်း များစွာပါဝင်နေပါသည်။ ဘာသာပြန်သည့်အခါ လုံးစေ့ပတ်စေ့ ဘာသာပြန်ခြင်းမျိုးမဟုတ်ဘဲ ဆီလျော်အောင် ဘာသာ ပြန်ထားပါသည်။ မူရင်းစာရေးသည့်အချိန်နှင့် ယခု ဘာသာပြန် ရေးသားချိန်အကြား နိုင်ငံရေးအပြောင်းအလဲများ ရှိသဖြင့် မလိုအပ်ဟုယူဆသော စာပိုဒ်များကို ချန်ထားခဲ့ပါသည်။) ၇-၁၀-၂၀၁၆ ရက်နေ့တွင် အမေရိကန်သမ္မတ အိုဘားမားက အမေရိကန် ပြည်ထောင်စုအစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် နှစ်ပေါင်း ၂၀ နီးပါး ပြုလုပ်ခဲ့သည့် စီးပွားရေးအရ တားဆီးပိတ်ဆို့မှုများအားလုံးကို ရုပ်သိမ်းပေးလိုက်ကြောင်း အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုသို့စီးပွားရေးအရ တားဆီးပိတ်ဆို့မှုများအားလုံး ရုပ်သိမ်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာစေရေးကို ပိုမိုလွယ်ကူလာစေမည် ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် ကောင်းမွန်လာစေမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာခြင်းမှသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ထွန်းလာစေရေးနှင့် လူနေမှုအဆင့်အတန်း မြှင့်တင်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို အထောက်အကူ ဖြစ်စေပေလိမ့်မည်။ ဤသည်တို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ပြည်ထောင်စုသို့ ၁၃-၉-၂၀၁၆ ရက်နေ့မှ ၁၅-၉-၂၀၁၆ ရက်နေ့အထိ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံစဉ် သမ္မတအိုဘားမားက စီးပွားရေး တားဆီးပိတ်ဆို့မှုများ အားလုံးကို ရုပ်သိမ်းပေးသွားမည်ဖြစ်ကြောင်း ကတိပေး ပြောကြားခဲ့ချက်များ၏ ရလဒ်ဖြစ်ပေသည်။ ခရီးစဉ်မပြီးဆုံးမီ စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း သမ္မတအိုဘားမားက မြန်မာနိုင်ငံကို “ဖွံ့ဖြိုးမှုအနည်းဆုံး- အခွင့်ထူး ခံ ဖွံ့ဖြိုးဆဲနိုင်ငံ” အဆင့်အတန်းကို ပြန်လည်သတ်မှတ်ပေးခဲ့သဖြင့် အမေရိကန်နှင့် ကုန်သွယ်ရာတွင် အထူးအခွင့်အရေးများ (GSP – Generalized System of Preferences Programme) ပြန်လည်ခံစားခွင့်ရမည် ဖြစ်သည်။ ဤနောက်ဆုံးထွက်ပေါ်လာသော သတင်းများသည် မြန်မာစစ်အစိုးရဟောင်းကို အဓိကလက်တွဲဖော်အဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ကူညီစောင့်ရှောက်ခဲ့သည့် တရုတ်အတွက် အနည်းနှင့်အများဆိုသလို ပူပန်သောကရောက်စေပါသည်။ အကြောင်းမှာ တရုတ်နိုင်ငံအတွက် လောင်စာစွမ်းအင် သယ်ဆောင်ရာလမ်းကြောင်း လုံခြုံမှုနှင့် တရုတ်တို့၏ အနာဂတ်အိပ်မက် ပိုးလမ်းမသစ်အတွက် အရေးကြီးသည့် အစိတ်အပိုင်းတရပ် ဖြစ်နေသော မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီးနောက် ဤပြောင်းလဲမှုက အမေရိကန်တို့၏ နက်နက်ရှိုင်းရှိုင်း ခြေကုပ်ရယူရန် ကြိုးစားမှုတခုအဖြစ် သတိထား စောင့်ကြည့်အပ်သော ခြေလှမ်းဖြစ်နေသောကြောင့်ပင်။ ပင်လယ်ရပ်ခြား တရုတ်အင်တာနက်ဝက်ဆိုက်တခု ဖြစ်သော ‘တိုးဝေ’ (Duowei) က ခန့်မှန်းရာတွင် တရုတ်အနေဖြင့် အမေရိကန်၏ နောက်ဖေးခြံဖြစ်သော လက်တင်အမေရိကန် တိုင်းပြည်များနှင့် ပိုမိုရင်းနှီးသည့် ဆက်ဆံရေးတည်ဆောက်ရန် အလေးထားမှုက အပြန်အလှန်အားဖြင့် အမေရိကန်က တရုတ်၏နောက်ဖေးခြံ မြန်မာကို ပိုမိုအလေးထားရေး ဆုံးဖြတ်ချက်အပေါ်  သက်ရောက်မှု ဖြစ်စေခဲ့သည်ဟု ဆိုလေသည်။ တချို့သော လေ့လာသုံးသပ်သူများက သေနင်္ဂဗျူဟာကျသည့် ယူနန်ပြည်နယ်က စတင်မည့် တရုတ်သမ္မတရှီကျင့်ဖျင်၏ ၂၁ ရာစု ရေကြောင်းပိုးလမ်းမ “MSR” (maritime silk road) စီမံကိန်း၊ BCIM (ဘင်္ဂလားဒက်ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ) စင်္ကြန် စီမံကိန်းတို့ကြောင့် မြန်မာနိုင်ငံတွင်းသို့ အမေရိကန်က မြန်ဆန်စွာ ဝင်ရောက်ရန် ဆုံးဖြတ်ခြင်း ဖြစ်သည်ဟုလည်း ဆိုပြန်သည်။ ယူနန်ပြည်နယ်မှာ မြန်မာ၊ လာအို၊ ဗီယက်နမ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော တရုတ်၏ အာဆီယံ ထွက်ပေါက် ဖြစ်သလို မြန်မာကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာကို ထွက်ရမည့် တရုပ်တံခါးဝလည်း ဖြစ်ပေသည်။ တရုတ်-အမေရိကန် နှစ်နိုင်ငံအစိုးရများ၏ တရားဝင် သဘောထား သမ္မတအိုဘားမားအစိုးရက မြန်မာအပေါ်ထားသည့် သဘောထားမှာ တရုတ်နိုင်ငံကြောင့် ဆိုသည်ထက် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ပိုမိုတိုးတက်ရရှိရေးအတွက် လက်တွေ့ကျသည့် ပေါ်လစီတရပ် ကျင့်သုံးရေးဖြစ်ကြောင်း သမ္မတဦးသိန်းစိန်လက်ထက်ကပင် ပြောဆိုထားပါသည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့သော အမေရိကန်-တရုတ် အာရှ-ပစိဖိတ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာတွင်လည်း ကဏ္ဍအတော်များများ၌ လက်တွေ့ပူးပေါင်း ဆောင်ရွက်သွားကြရန် ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့သည်။ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်အဖြစ် သတ်မှတ်ခဲ့ကြသည်။ ကြေညာချက်တွင် “အမေရိကန်နှင့်တရုတ် ကျွမ်းကျင်သူများသည် ကျန်းမာရေးကဏ္ဍကဲ့သို့ သင့်လျော်သော စီမံကိန်းများကို မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာလုပ်ဖော်ကိုင်ဖက်များနှင့် အတူလက်တွဲ၍ဆောင်ရွက်သွားမည်” ဟုဆိုထားပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု စတင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး တိုးတက်လာပြီးကတည်းက တရုတ်အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် သေနင်္ဂဗျူဟာ အကျိုးစီးပွားများ ထိခိုက်တော့မည်ဟု ခံစားလာရသည်။ များစွာသော တရုတ် လေ့လာသုံးသပ်သူများက သတိထား စောင့်ကြည့်နေခဲ့သည်မှာ အမေရိကန်၏ တရုတ်-မြန်မာ ဆက်ဆံရေးကို ဖျက်လို့ဖျက်ဆီးလုပ်ရန်နှင့် တရုတ်နိုင်ငံကို ဝိုင်းပတ်ထိန်းချုပ်ထားရန်ဆိုသည့် ကြိုတင်ချမှတ်ထားသည့် သေနင်္ဂဗျူဟာကြောင့် မြန်မာနိုင်ငံအတွင်း တရုတ်အနေဖြင့် အနှောင့်အယှက်များ ကြုံတွေ့ရလိမ့်မည် ဆိုသည့်အချက်ပင် ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် မြန်မာနိုင်ငံ၌ တရုတ်နှင့် အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်မည်ဆိုသော အထက်ပါပူးတွဲ ကြေညာချက်က အဆိုးမြင် ရှုထောင့်ကို အတန်အသင့် ပျော့ပျောင်း သွားစေပါသည်။ သို့သော်လည်း အဆိုပါ ပူးပေါင်းဆောင်ရွက်မှုမျိုးမှာ အဆင်ပြေပြေ ဖြစ်နိုင်ခြေများ ထက် ပြဿနာများ၊ သံသယများသာ ပိုမိုထွက်လာဖွယ် ရှိနေသည်။ တရုတ်နှင့် အမေရိကန် တို့အနေဖြင့် မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ဘုံအကျိုးစီးပွားများ ပါရှိနေသည် မှန်သော်လည်း မြန်မာနိုင်ငံကို သြဇာလွှမ်းမိုးရေးနိုင်ရေးတွင် အပြင်းအထန် ပြိုင်ဆိုင်မှုများက သူတို့၏ ပူးပေါင်းဆောင်ရွက်မှုများတွင်  မလွှဲရှောင်သာ သက်ရောက်မှုများ ရှိနေမည် ဖြစ်သည်။ တရုတ်တို့၏ ရှုမြင်ချက်တွင် အမေရိကန်က ၎င်းတို့အား ဝိုင်းပတ်ထိန်းချုပ်ထားရေးရည်မှန်းချက်ရှိနေသည်ဆိုသည့် ခံစားမှုရှိနေပေရာ ယုံကြည်မှုတည်ဆောက်ရေးမှာ  ပူးပေါင်းဆောင်ရွက်ရေးတွင် အဓိကပြဿနာ ဖြစ်နေပေလိမ့်မည်။ သို့ဖြစ်လေရာ မြန်မာနိုင်ငံတွင် တရုတ်-အမေရိကန် ပူးပေါင်း ဆောင်ရွက်ရေးမှာ မြန်မာတို့ကိုယ်၌ အဆိုပါ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်မှသာ ဖြစ်ပေလိမ့်မည်။ သို့သော် မြန်မာအစိုးရအနေဖြင့် အဆိုပါအခန်းကဏ္ဍမျိုးတွင် ပါဝင်ရန် ဆန္ဒရှိ၊ မရှိနှင့် ပါဝင်နိုင်စွမ်းရှိ၊ မရှိ ဆိုသည်မှာ မသေချာလှပေ။ မြန်မာနိုင်ငံရှိ အမေရိကန်အခန်းကဏ္ဍအပေါ် တရုတ်၏ ရှုမြင်ချက် တရုတ်ပြည်၏ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီအပေါ် အမေရိကန်၏ အခန်းကဏ္ဍမှာ လွန်ခဲ့သော ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အတွင်း အကြီးအကျယ် အပြောင်းအလဲရှိခဲ့ပါသည်။ ၂၀၁၁ ခုနှစ် မတိုင်မီ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး အရင်က ပီကင်း၏အမြင်တွင် အမေရိကန်ဆိုသည်မှာ မြန်မာကို လုံခြုံရေးအရ ခြိမ်းခြောက်သူနှင့် သံတမန်ရေးရာအရ အနှောင့်အယှက်ပေးသူအဖြစ်သာ မြင်ပါသည်။ အမေရိကန်အစိုးရအနေဖြင့် စစ်အစိုးရအား ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတို့အတွက် ဒဏ်ခတ်သည့်အနေဖြင့် စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့လေသည်။ ဤပေါ်လစီ၏ ရည်ရွယ်ချက်မှာ အုပ်ချုပ်သူအုပ်စု ပြောင်းလဲရေးဖြစ်ပေရာ တရုတ်တို့ အမြင်အရ မြန်မာနှင့် တရုတ် နှစ်နိုင်ငံလုံး၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ခြင်းလည်း ဖြစ်ပေသည်။ မြန်မာစစ်အစိုးရ ပြိုကွဲကျရှုံးသွားခြင်း သို့မဟုတ် အမေရိကန် ကျူးကျော်ဝင်ရောက်လာခြင်းက တရုတ်၏ အနောက်တောင်ဘက် နယ်စပ်ဒေသ လုံခြုံရေးရှုထောင့်ကို မလွှဲမရှောင်သာ အပြောင်းအလဲလုပ်ရမည် ဖြစ်သည်။ တရုတ်အနေဖြင့် မြန်မာစစ်အစိုးရကို ထောက်ခံအားပေးခြင်းကြောင့် နိုင်ငံတကာတွင် များစွာပြစ်တင်ဝေဖန်ရှုတ်ချခံရပါသည်။ ဥပမာအားဖြင့် ၂၀၀၇ ခုနှစ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့က တင်သွင်းသော မြန်မာ့လူ့အခွင့်အရေး အခြေအနေ ဆိုးရွားမှုများအပေါ် ပြစ်တင်ရှုတ်ချသည့် အဆိုမူကြမ်းကို တရုတ်က ဗီတိုအာဏာသုံး ကန့်ကွက်ခဲ့သည့်အတွက် အနောက်ကမ္ဘာက တရုတ်ကို ပြင်းထန်စွာ ရှုတ်ချဝေဖန်ခဲ့ကြလေသည်။ တရုတ်အပေါ် နိုင်ငံတကာ ဖိအားများ လျော့ကျစေရန်နှင့် တင်းတင်းမာမာ ဖြစ်နေသော တရုတ်-အမေရိကန်ဆက်ဆံရေး အဆင်ပြေချောမွေ့စေရန်အတွက် အမေရိကန်နှင့် မြန်မာတို့အကြား တင်းမာမှုလျော့ပါးစေရန် ရည်ရွယ်သည့် ဆွေးနွေးပွဲများ စတင်နိုင်ရန် ပီကင်းက ကန့်လန့်ကာနောက်ကွယ်မှ လှုပ်ရှားခဲ့ရလေသည်။ ၂၀၀၇ ခုနှစ် ဇူလိုင်လက ပီကင်းအနေဖြင့် အရှေ့တောင်အာရှရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အီးရစ်ဂျွန်နှင့် မြန်မာနိုင်ငံမှ ထိပ်တန်းအရာရှိကြီး ၃ ဦးတို့ကို တွေ့ဆုံ နိုင်ရန် စီစဉ်ပေးခဲ့ရသည်။ ဤသည်မှာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးပြန်လည် ဆွေးနွေးမှုပင် ဖြစ်ပေသည်။ ထိုသို့ အိမ်ရှင်အဖြစ် စီစဉ်ဧည့်ခံပေးခဲ့သည်မှာ ဝါရှင်တန်က ပီကင်းအပေါ် ဖိအားများ လျော့ကျသွားစေရေးနှင့် နောက်ပိုင်းတွင် မြန်မာစစ်အစိုးရ၏ အပြုအမူများ  ပြောင်းလဲသွားစေရန်လည်း ရည်ရွယ်ပေသည်။ ၂၀၀၉ ခုနှစ်တွင် သမ္မတအိုဘားမားအစိုးရက အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီကို ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေးဆိုင်ရာ  သေနင်္ဂဗျူဟာ တရပ်ကို ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်အရ အမေရိကန်-မြန်မာ ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ချဉ်းကပ်မှုပုံစံသည် အမေရိကန်-မြန်မာအကြား တင်းမာမှု လျော့ပါးရေးကို ကျော်လွန်ပြီး တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် တစုံတရာ သက်ရောက်မှု ဖြစ်စေမည်လားဟု တရုတ်လေ့လာသုံးသပ်မှုများအကြား စိုးရိမ်စိတ်များ ရှိခဲ့ကြသည်။ သို့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးသောအခါ အဆိုပါရွေးကောက်ပွဲမှာ “လွတ်လပ်မှု မရှိသလို၊ တရားမျှတမှုလည်း မရှိ” ဟု ဝါရှင်တန်က ဝေဖန်လိုက်သောအခါ အဆိုပါ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားပြန်သည်။ တရုတ်ပြည်အနေဖြင့် မြန်မာအစိုးရသစ်သည် အနာဂတ်ကာလအချိန်တိုအတွင်း အရေးကြီးသည့် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်း လဲရေးများ မလုပ်နိုင်သေးဟုရှုမြင်သည်။ သို့ဖြစ်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာဆိုင်ရာပေါ်လစီကို ရွေးချယ်ဆုံး ဖြတ်ရာတွင် မြန်မာ့လက်တွေ့အပြောင်းအလဲနှင့် လိုက်လျောမှုမရှိသော အမေရိကန် ပြည်တွင်းနိုင်ငံရေးအင်အားစုများ၏ ဘောင် ခတ်ခြင်းကို ရင်ဆိုင်ရလိမ့်ဦးမည်ဟု တရုပ်တို့ကတွက်ဆခဲ့သည်။ ထိုသို့သော အခြေအနေအောက်တွင် တရုတ်တို့က အိုဘားမားအစိုးရ၏ လက်တွေ့ ကျကျ လုပ်ကိုင်ဆောင်ရွက်သော ပေါ်လစီကို ကြိုဆိုထောက်ခံသည်။ ပီကင်းအနေဖြင့် အမေရိကန်-မြန်မာဆက်ဆံရေးမှာ အတိုင်းအတာတခုအထိ တိုးတက်မှုရှိလာပြီး အဆိုပါ တိုးတက်မှုက စစ်အစိုးရကို အားပေးထောက်ခံနေသော တရုတ်အစိုးရကို နိုင်ငံတကာမှ ဝေဖန် ရှုတ်ချမှု လျော့ကျသွားခြင်းအတွက် အကျိုးရှိသည်ဟု ယူဆသည်။ သို့သော်လည်း တိုးတက်ကောင်းမွန်လာသော ထိုဆက်ဆံရေးက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား တည်ရှိနေသော ဆက်ဆံရေးများကို ထိခိုက်ပျက်စီးသည်အထိတော့ မဖြစ်စေလိုပေ။ တရုတ်ပြည်သူ့နေ့စဉ်သတင်းစာ၏ လက်အောက်ရှိ တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်းမ်စ်က ရေးသားဖော်ပြရာတွင် “မြန်မာနိုင်ငံအနေဖြင့် အနောက်တိုင်းနှင့် ဆက်ဆံရေး တိုးတက်အောင် ကြိုးပမ်းသည့်နေရာတွင် တရုပ်နိုင်ငံ၏ အကျိုးစီးပွားကို နင်းချေဖျက်ဆီးသည့်အပေါ် အခြေခံခြင်း မဟုတ်သ၍ ကန့်ကွက်ရန် အကြောင်းမရှိပါ။” ဟု ဆိုပါသည်။ မည်သို့ပင်ဆိုစေကာမူ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ၂၀၁၁ ခုနှစ် သြဂုတ်လက သမိုင်းဝင် တွေ့ဆုံမှုမှအစပြုကာ အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ ထူးထူးခြားခြား တိုးတက်လာခဲ့ပါသည်။ မြန်မာနိုင်ငံ၏ လစ်ဘရယ်နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုအတွက် ဆုချသည့်အနေဖြင့် အမေရိကန်က သူ၏ စီးပွားရေးပိတ်ဆို့မှု အတော်များများကို ရုပ်သိမ်းပေးခဲ့လေသည်။ ထို့ပြင် မြန်မာ့နိုင်ငံရေး တိုးတက်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် သမ္မတအိုဘားမားတို့ကိုယ်တိုင် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် လာရောက် လည်ပတ်ခဲ့လေသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကိုလည်း ၁၉၉၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ခန့်အပ် တာဝန်ပေးခဲ့လေသည်။ အမေရိကန်-မြန်မာ ဆက်ဆံရေး ဤမျှ အရှိန်အဟုန်ပြင်းပြင်း နက်နက်ရှိုင်းရှိုင်း ပြန်လည် ကောင်းမွန်လာလိမ့်မည်ဟု တရုတ်တို့ မူလက မျှော်မှန်းမထားခဲ့ချေ။ တရုတ်တို့အမြင်တွင် အမေရိကန်-မြန်မာ ဆက်ဆံရေး ဤသို့ လျှင်မြန်စွာ တိုးတက်လာခြင်းက မြန်မာနိုင်ငံရှိ တရုတ်တို့၏ အကျိုးစီးပွားအပေါ် ရိုက်ခတ်မှု ရှိသည်ဟု ယူဆသည်။ အရေးအကြီးဆုံးကိစ္စမှာ၊ အမေရိကန်-မြန်မာ ဆက်ဆံရေး နွေးထွေးလာမှုသည် အမေရိကန်၏ အာရှဆိုင်ရာ သေနင်္ဂဗျူဟာ ပြန်လည်ထိန်းညှိရေး (အဆိုပါ ပြန်လည်ထိန်းညှိရေး ဆိုသည်မှာ တရုတ်နိုင်ငံကို ဝိုင်းပတ် ထိန်းချုပ်ရန်ဟု တရုတ်တို့က ယူဆသည်။) တွင် အဓိကကျသောအချက် ဖြစ်သည်ဟု တရုတ်တို့က ထင်မြင်သည်။ မြန်မာနှင့် တရုတ်အကြားရှိခဲ့သည့် ရှေးရိုးစဉ်လာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို အမေရိကန်တို့က အောင်မြင်စွာ သွေးခွဲနိုင်ခဲ့သလို မြန်မာနိုင်ငံတွင်းရှိ တရုတ် စီးပွားရေး စီမံကိန်းများကိုလည်း ပျက်စီးစေခဲ့ကြောင်း မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းက သက်သေပြနေသည်ဟု တရုတ်တို့က ဆိုကြလေသည်။ မြန်မာသမ္မတ ဦးသိန်းစိန်အနေဖြင့် မြစ်ဆုံဆည် ရပ်ဆိုင်းလိုက်ခြင်းမှာ ပြည်သူတို့၏ ဆန္ဒကြောင့် ဖြစ်ပါသည်ဟု ပြောဆိုခဲ့သော်လည်း တရုတ်တို့က ထိုသို့ မယုံကြည်ပေ။ စီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းမှာ တစိတ်တပိုင်းအားဖြင့် အမေရိကန်ကို မျက်နှာလုပ်လို၍ ဖြစ်သည်ဟု ယူဆလေသည်။ ထို့ပြင် အမေရိကန်အစိုးရ၏ လမ်းညွှန်မှုနှင့် ထောက်ပံ့မှုများဖြင့် လှုပ်ရှားနေသော NGO များက မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများကို နှောင့်ယှက်ဖျက်ဆီးရန် အဓိကနေရာမှပါဝင် ကြသည်ဟု တရုတ်တို့က ရှုမြင်လေသည်။ သို့ဖြစ်ရာ ဤဖြစ်ပေါ်တိုးတက်မှုများက မြန်မာနိုင်ငံရှိ တရုတ်ပြည်နှင့် ဆက်စပ်နေသောကိစ္စများနှင့် ပတ်သက်၍ အမေရိကန် သေနင်္ဂဗျူဟာ၏ ရည်ရွယ်ချက်အပေါ် တရုတ်တို့၏ သံသယကို ပိုမိုခိုင်မာစေလေတော့ သည်။ တရုတ်လေ့လာသုံးသပ်သူများက အမေရိကန်-မြန်မာဆက်ဆံရေး ပြဿနာကို ပိုမိုကျယ်ပြန့်သော တရုတ်-အမေရိကန် ဆက်ဆံရေးပြဿနာဘောင်အတွင်း အမြဲလိုလို ထည့်သွင်းပြောဆိုကြသည်။  သူတို့အမြင်တွင် မြန်မာနိုင်ငံ၌ အမေရိကန် ဝင်ရောက်လာမှုမှာ တရုတ်စရိတ်ဖြင့် အမေရိကန် အမြတ်ထွက်စေသော အခြေခံအားဖြင့် ပေါင်းလဒ် သုည (Zero-sum) အခင်းအကျင်း ဖြစ်လေသည်။ အမေရိကန်အရာရှိများကမူ မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်မူဝါဒမှာ အမေရိကန်ပြည်ထောင်စုနှင့် မြန်မာပြည်တွင်း နိုင်ငံရေး အခြေအနေများက ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြောကြားကြသော်လည်း တရုတ် လေ့လာသုံးသပ်သူများကမူ အဆိုပါပြောကြားချက် သို့မဟုတ် ငြင်းခုံချက်များ၏ ဧကန်အမှန်ဖြစ်မှုအပေါ် မကြာခဏ မေးခွန်းထုတ်လေ့ ရှိကြသည်။ အနည်းဆုံးအားဖြင့် အမေရိကန်သည် မြန်မာနှင့် တရုတ် ဆက်ဆံရေးကို လည်းကောင်း၊ မြန်မာပြည်တွင်းရှိ တရုတ်အကျိုးစီးပွားကို လည်းကောင်း မထိခိုက်အောင် ဂရုစိုက်မှု လုံးဝမရှိဟု ယူဆလေသည်။ မြန်မာနှင့် ဆက်ဆံရေးတွင် တရုတ်တို့ကိုယ်တိုင်အနေဖြင့်လည်း ချို့ယွင်း အားနည်းချက်များရှိကြောင်း ယေဘုယျ လက်ခံထားသည်။ သို့သော် အမေရိကန်အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံကြားရှိ ဆက်ဆံရေးအဖုအထစ်များ ပိုမိုကြီးမားကျယ်ပြန့်လာရန် အဆိုပါအခွင့်အရေးကို အမြတ်ထုတ် အသုံးချခြင်းကိုမူ မပြုလုပ်သင့်ဟု တရုတ်တို့က ယူဆ လေသည်။ မြန်မာနိုင်ငံရှိ တရုတ်အခန်းကဏ္ဍအပေါ် အမေရိကန်၏ ရှုမြင်ချက် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအပေါ် ထားရှိသည့် အမေရိကန်၏ပေါ်လစီမှာ အနည်းဆုံး တစိတ်တပိုင်းအားဖြင့် တရုတ်ပြည်ကို ပစ်မှတ်ထားခြင်းဖြစ်သည်ဆိုသည့် ရှုမြင်ချက်အပေါ် ဆွေးနွေးငြင်းခုံမှုများ ရှိပါသည်။ အမေရိကန် ပြည်တွင်း ပြည်ပရှိ နိုင်ငံခြားရေးပေါ်လစီ စောင့်ကြည့်အကဲခတ်သူများက ဤအမြင်ကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသော် လည်း အိုဘားမားအစိုးရကမူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏မူဝါဒမှာ အခြေခံအားဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ထောက်ခံအားပေးရန်သာဖြစ်ပြီး တရုတ်ပြည်နှင့် ပြိုင်ဆိုင်ရေး မဟုတ်ပါကြောင်း ပြင်းပြင်းထန်ထန် ငြင်းဆိုပါသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက နေပြည်တော်တွင် ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့သူ ဟီလာရီကလင်တန် (ယခု ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း) က….. “ကျမတို့ဟာ နိုင်ငံတနိုင်ငံကို ဆန့်ကျင်ဖို့ မဟုတ်ပါဘူး။ ကျမတို့က ဒီနိုင်ငံ(မြန်မာ)ကို ထောက်ခံတယ်ဆိုတာ သမ္မတနဲ့ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်ကို အထူးပြု ပြောကြားခဲ့သလိုပဲ၊ တရုတ်နဲ့ သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေအကြား အပေါင်းလက္ခဏာဆောင် တဲ့၊ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတိုင်းကို ကြိုဆိုမှာဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ရဲ့ အမြင်မှာ ဒီကိစ္စဟာ တရုတ်နဲ့အပြိုင် လုပ်နေတဲ့ကိစ္စတရပ်လို့ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့ဖူးလေသည်။  သီတင်းနှစ်ပတ်အကြာ ပီကင်းတွင် ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်က ပိုမိုအသေးစိတ်ကျသည့် တရုတ်-မြန်မာ ဆက်ဆံရေး အပေါ် အမေရိကန်ပေါ်လစီနှင့်ပတ်သက်သည့် ကြေညာချက်ထုတ်ပြန်ရာတွင် “အမေရိကန် အနေဖြင့် အထီးကျန်နိုင်ငံ(မြန်မာ)နှင့် ဆက်ဆံရေးတိုးတက်ရန် ကြိုးစားမှုမှာ တရုတ်အပေါ် ပစ်မှတ်ထားခြင်း မရှိကြောင်း” ပြောကြားသွားလေသည်။ အမေရိကန်၏ အမှန်တကယ် ရည်ရွယ်ချက်မှာ မည်သို့ရှိသည်ဖြစ်စေ၊ အမေရိကန်ရှိ မဟာဗျူဟာပိုင်းဆိုင်ရာ စဉ်းစားတွေးခေါ်သူများက အမေရိကန်၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုပေါ်လစီကို အပြောင်းအလဲပြုလုပ်ဖို့ ဆော်သြကြလေသည်။ အကြောင်းမှာ တရုတ်နှင့် မြန်မာအကြား နိုင်ငံရေးနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများ တနေ့တခြား ပိုမိုနက်ရှိုင်းလာမှုကြောင့် ဖြစ်သည်။ ၂၀၁၁ ခုနှစ်က ဂျော့တောင်း တက္ကသိုလ်တွင် ကျင်းပပြုလုပ်သော ကွန်ဖရင့်တွင် အချို့သော ပင်တိုင်ဆွေးနွေးသူများက အမေရိကန်၏ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုသည် မြန်မာကို တရုတ်ပြည်အပေါ် ပိုမိုအားထား သည့် ဆက်ဆံရေးအနေအထားသို့ တွန်းပို့ဘောင်ခတ်ထားသလို ဖြစ်နေကြောင်း ဆွေးနွေး ပြောဆိုကြသည်။ အနောက်တိုင်း၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံအနေဖြင့် သူ၏ အဓိကအကျိုးစီးပွားများ မထိခိုက်စေရန်အတွက် တခုတည်းသောနိုင်ငံ (တရုတ်နိုင်ငံ) ကို ပိုမိုမှီခိုလာရကြောင်း ပြောဆိုကြပြီး၊ ထိုသို့ တရုတ်က မြန်မာအပေါ် သြဇာလွှမ်းမိုး လာမှုကို ‘အမေရိကန်၏ အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာရှိ မဟာဗျူဟာ အကျိုးစီးပွားများအပေါ် အန္တရာယ်’အဖြစ်  ရှုမြင်ကြသည်။ သို့ဖြစ်၍ အမေရိကန် အစိုးရအနေဖြင့် မြန်မာကို အထီးကျန်ဝိုင်းပယ်ထားရေးနှင့် စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ရေး ပေါ်လစီကို ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာ မဟာဗျူဟာအမြင်မှ ပြန်လည် သုံးသပ်ဖို့ လိုအပ်ကြောင်း ထောက်ပြဝေဖန်ခဲ့ကြလေသည်။ ထို့ပြင် အမေရိကန်နှင့် မြန်မာနိုင်ငံ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်မှု သည် ဝါရှင်တန်၏ အာဆီယံနှင့်ဆက်ဆံရေး အားဖြည့်လောင်းရန်ဆိုသည့် ပိုမိုကျယ်ပြန့် သော မဟာဗျူဟာအမြင်ကို အထောက်အကူပြုသင့်ကြောင်း ပြောဆိုကြသည်။ မြန်မာ့ နိုင်ငံခြားဆက်ဆံရေးကိစ္စ ကျွမ်းကျင်သူတဦးဖြစ်သည့် ဂျာဂျင်းဟက် (Jurgen Haacke) ကလည်း “တရုတ်ပြည် မဟာအင်အားကြီးနိုင်ငံတခုအဖြစ် ကြီးထွားလာပြီး အရှေ့တောင် အာရှနိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာမှုဆိုသည့် အတွင်းသဘောကို ဖယ်ထုတ်၍ စဉ်းစားရန်မှာ အမှန်တကယ်မဖြစ်နိုင်ကြောင်း” ဆိုလေသည်။ အမေရိကန်အနေဖြင့် အရှေ့ တောင်အာရှဒေသအတွင်း တရုတ်၏ ညင်သာပျော့ပျောင်းစွာ ထိုးဖောက်ဝင်ရောက်မှုကို ရော၊ တောင်တရုတ့်ပင်လယ်ပြင်ဆိုင်ရာ ကိစ္စများကဲ့သို့ နယ်မြေဒေသပိုင်ဆိုင်မှု ကြွေးကြော်လာခြင်းများကိုပါ တန်ပြန်ရန် နည်းလမ်းရှာခဲ့လေသည်။ ဤသို့သော အမြင်အရ အိုဘားမားအစိုးရ၏ မြန်မာအပေါ် လက်တွေ့ကျသော ချဉ်းကပ်မှုများကို တရုတ်ကို ယှဉ်ပြိုင်ရန် လုပ်ဆောင်ချက်များအဖြစ် အများက ရှုမြင်သုံးသပ်လာကြလေသည်။ လူကြားကောင်းအောင် ပြောဆိုမှုများတွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမို ကျယ်ပြန့်သော တရုတ်-အမေရိကန် ဆက်ဆံရေး၏ အစိတ်အပိုင်းတရပ်အဖြစ် ပုံဖော် ပြောဆိုခြင်းကို အမေရိကန်ပြည်ထောင်စုက တမင်ရှောင်ရှားလေသည်။ မြန်မာ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံအားပေးခြင်းကိစ္စကိုလည်း စေ့စပ် အလျှော့ပေးခြင်းမျိုး မပြုလုပ်ခဲ့ပေ။ ဤသို့ပြုလုပ်ခြင်းမှာ တရုတ်-အမေရိကန် ဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်စေနိုင်သည်က တကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို နှောင့်နှေးအန္တရာယ် ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် တကြောင်းဖြစ်လေသည်။ အမှန်စင်စစ်အားဖြင့် အမေရိကန် လေ့လာသုံးသပ်သူများ အကြားတွင် ပီကင်းအနေဖြင့် သူ မနှစ်သက်သော မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များကို ဖျက်လို့ဖျက်ဆီးလုပ်ပစ်နိုင်ဖွယ်ရှိသည့် အနေအထားကို စိုးရိမ်ပူပန်မှုများ ရှိခဲ့ပါသည်။ တရုတ်အနေဖြင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖြစ်ကြသော ဝ နှင့် ကချင်ကဲ့သို့သော လက်နက်ကိုင်အုပ်စုများကို ထောက်ပံ့ပေးခြင်းအားဖြင့် ၎င်း၏ပေါ်လစီကို အားဖြည့်ပေးခြင်း၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နှောင့်ယှက် ဖျက်ဆီးရန်အတွက် ရင်းနှီးမြှုပ်နှံမှုများကို လျှော့ချခြင်းနှင့် မြန်မာ့ပြည်တွင်းနိုင်ငံရေးတွင် တပ်မတော်၏သြဇာ ဆက်လက်လွှမ်းမိုးနေနိုင်ရေးအတွက် စစ်ရေးအရ ကူညီ ထောက်ပံ့ခြင်း စသည့်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း ကောလာဟလ ပြောဆိုမှုများစွာ ရှိပေသည်။ မြန်မာနိုင်ငံရှိ အမေရိကန်နှင့် တရုတ် - ယှဉ်ပြိုင်ရေးလား၊ ပူးပေါင်းဆောင်ရွက်ရေး လား အမေရိကန်-မြန်မာ ဆက်ဆံရေး ပြန်လည်ဆောက်ခြင်း၏ တရုတ်အပေါ် သက်ရောက်မှုနှင့် တရုတ်၏ နက်နက်ရှိုင်းရှိုင်း သံသယရှိမှုတို့ကြောင့် မြန်မာနိုင်ငံတွင် တရုတ်နှင့် အမေရိကန်တို့သည် ပူးပေါင်းဆောင်ရွက်ရေးထက် ယှဉ်ပြိုင်ရေးကသာ သိသာထင်ရှားသော လက္ခဏာဆောင်ပေလိမ့်မည်။ အမေရိကန်နှင့် တရုတ်တို့၏ ယှဉ်ပြိုင်မှုကို နယ်ပယ်များစွာတွင် တွေ့နိုင်သည်။ နိုင်ငံရေးအရ နှစ်နိုင်ငံလုံးသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအင်အားများစွာနှင့် ဆက်သွယ် ဆက်ဆံမှုများ ရှိကြသည်။ အစဉ်အလာအရ တနိုင်ငံနှင့် ပိုမိုရင်းနှီးသည့် ဆက်ဆံရေးရှိသည့် နိုင်ငံရေးအင်အားစုများနှင့်လည်း အခြားတနိုင်ငံက ဆက်ဆံရေးသစ် တည်ဆောက်ကြ သည်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ ကာကွယ်ရေးဘက်ဆိုင်ရာ အရာရှိ အယောက် ၂၀ ကျော်က မြန်မာအစိုးရဝန်ကြီးများ၊ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံခဲ့ကြပြီး နှစ်ပေါင်း ၂၅ နှစ်အတွင်း မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေးကို အကောင်းဆုံးနိဒါန်းပျိုးခဲ့ကြသည်။ ၂၁၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အမေရိကန် ဦးဆောင်သော ရွှေမြွေဟောက် (Cobra Gold) စစ်ရေးလေ့ကျင့်ပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ရန် မြန်မာတပ်မတော်အရာရှိများကို ဖိတ်ကြားခဲ့သည်။ အခြားတဘက်တွင် တရုတ်ပြည်အနေဖြင့်လည်း မြန်မာပြည်တွင်းရှိ အနောက်တိုင်း စနစ် လိုလားသော အတိုက်အခံများနှင့် ဆက်ဆံရေးများကို စိတ်ရောကိုယ်ပါ တည်ဆောက်ခဲ့သည်ကို တွေ့ခဲ့ရသည်။ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြိမ်ဖန်များစွာ တွေ့ဆုံစကားပြောဆိုခဲ့သလို၊ NLD အဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့နှစ်ဖွဲ့ကိုလည်း ပီကင်းသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့လေသည်။ ထို့နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်သို့ လာရောက် လည်ပတ်ပါရန် တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားခဲ့လေသည်။ စီးပွားရေးအရ  မြန်မာပြည်တွင် တရုတ် ပြိုင်ဆိုင်ရသည်မှာ အမေရိကန်မဟုတ်ဘဲ အမေရိကန်၏ ရင်းနှီးသော မဟာမိတ် ဂျပန်ကို ယှဉ်ပြိုင်ရခြင်း ဖြစ်သည်ဟု တရုတ်က ရှုမြင်သည်။ အမေရိကန်အဖို့မှာ သူ့ပြည်တွင်းနိုင်ငံရေးအင်အားစုများ၏ ဆန့်ကျင်မှုကြောင့် နှင့် သူကိုယ်တိုင် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများ၏ ဘောင်ခတ်ခံရမှုကြောင့် မြန်မာနိုင်ငံတွင် အကြီးစား ရင်းနှီးမြှုပ်နှံမှုများ လုပ်၍မရကြောင်း တရုတ် လေ့လာသုံးသပ်သူများ သတိထားမိကြသည်။ သို့ဖြစ်၍ အမေရိကန်နှင့် ဂျပန်တို့အကြား တရားဝင်မဟုတ်သော အလုပ်တာဝန်ခွဲဝေမှု လုပ်ခဲ့ကြသည်။ အမေရိကန်က မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်များအတွက် နိုင်ငံရေးအရ ဆုများပေးခြင်းတာဝန်ကို ယူသလို၊ အခြားတဘက်ရှိ စီးပွားရေးကဏ္ဍတွင် အကူအညီများ ပေးအပ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းကို ဂျပန်က တာဝန်ယူလေသည်။ ၂၀၁၂ ခုနှစ်ကစ၍ ဂျပန်အနေဖြင့် မြန်မာအပေါ် တင်ရှိနေသည့် အကြွေးဒေါ်လာ ၅ ဘီလျံကျော်ကို လျှော်ပစ်ခဲ့သည့်အပြင် ဒေါ်လာ ၅၀၄ သန်းဖိုးခန့် ထပ်မံချေးပေးရန် ကတိကဝတ် ပြုထားလေသည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက အာဆီယံနှင့် ဂျပန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံသည့်အချိန်တွင် ဂျပန်က မြန်မာကို နောက်ထပ် ဒေါ်လာသန်း ၅၈၀ ချေးပေးရန် ကတိကဝတ်ပြုခဲ့ပြန်သည်။ အမည်မဖော်လိုသော ဂျပန် အစိုးရအရာရှိများက ဂျပန်အကူအညီနှင့်ပတ်သက်၍ ပြောပြရာတွင် “ဤသို့ ကူညီသည်မှာ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်ကုမ္ပဏီများ ဝင်ရောက်နိုင်ရေးအတွက် အကူအညီပေးရန် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအပေါ် တရုတ် သြဇာလွှမ်းမိုးမှုကို တန်ပြန်ထိန်းညှိရန်” ဖြစ်သည်ဟု ဆိုလေသည်။ မဟာဗျူဟာအရ အပြိုင်အဆိုင်လုပ်သည်ဆိုသော ခံစားချက်များသည် “အမေရိကန်နှင့် မြန်မာတို့၏ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာပြီးနောက် တရုတ်အပေါ် မှီခိုအားထားမှု နည်းလာခြင်း၊ ဒေသဆိုင်ရာနှင့် မဟာဗျူဟာပြဿနာများနှင့်ပတ်သက်၍ တရုတ် တောင်းဆိုမှုအပေါ် အလေးထားမှု နည်းပါးလာခြင်း” တို့ကြောင့် အဓိကဖြစ်ပေါ်လာခြင်း ဖြစ်၏။ ထိုသို့သော ပြဿနာများမှာ အဓိကအားဖြင့် “တရုတ်နှင့် ပတ်သက်သော အာဆီယံအဖွဲ့အစည်းတွင်း ပြဿနာများအပေါ် မြန်မာ၏ ရပ်တည်ချက်၊ မြန်မာနိုင်ငံကို ဖြတ်သန်း၍ အိန္ဒိယသမုဒ္ဒရာသို့ ဆက်သွယ်မည့် တရုတ်၏ မဟာဗျူဟာမြောက် စင်္ကြန်အစီအစဉ်” စသည်တို့ အပါအဝင်ဖြစ်သော တရုတ်ပြည်၏ အရှေ့တောင်အာရှနှင့် တောင်အာရှဆိုင်ရာ အစီအစဉ်တွင် မြန်မာ၏ မဟာဗျူဟာကျသော အခန်းကဏ္ဍတို့နှင့် ပတ်သက်ဆက်စပ်နေလေသည်။ သို့ဖြစ်၍ ၂၀၁၄ ခုနှစ် ဇန်နဝါရီလအတွင်းက ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံအတွင်း အနာဂတ် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး ကြေညာချက်သည် အမေရိကန်နှင့် တရုတ်တို့ ပြင်းထန်စွာ အပြိုင်အဆိုင်ပြုနေကြပြီဟု အမြင်ရှိကြသော လေ့လာ သုံးသပ်သူများကို ဇဝေဇဝါဖြင့် များစွာအံ့အားသင့်စေခဲ့လေသည်။ ဤဆုံးဖြတ်ချက်မှာ တစိတ်တပိုင်းအားဖြင့် နှစ်ဖက်လုံးက လိုလိုလားလားရှိပုံရသည့် “မဟာအင်အားကြီး နိုင်ငံများအကြား ဆက်ဆံရေးပုံစံသစ်” တည်ဆောက်ရန် ကတိကဝတ်များက ပေါ်ထွက်လာပုံရလေသည်။ ဤ “မဟာအင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေးပုံစံသစ်” ဆိုသည့်အိုင်ဒီယာကို ၂၀၁၀ ခုနှစ်လယ်လောက်က တရုပ်နိုင်ငံတော်ကောင်စီဝင် ဖြစ်ခဲ့သည့် တိုင်း ပင်းကော့ (Dai Bingguo) က စတင် တင်ပြခဲ့ပြီး ၂၀၁၂ ဖေဖော်ဝါရီလနှင့် ၂၀၁၃ ဇွန်လများအတွင်း တရုတ်သမ္မတ ရှီကျင်းဖျင်က အမေရိကန်ခရီးစဉ်တွင် ထပ်မံပြောကြား ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အဆိုပါအိုင်ဒီယာမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ တရုတ်-အမေရိကန် ဆက်ဆံရေးဆိုင်ရာ အဓိကမဟာဗျူဟာဖြစ်ပုံရလေသည်။ တချို့သော အချက်အချာကျသည့် အသေးစိတ်အချက်အလက်များတွင် ကွဲပြားခြားနားမှုများ ရှိသော်လည်း တရုတ်တို့၏ အဆိုပြုချက်အပေါ် တခုလုံး လွှမ်းခြုံကြည့်သော အမြင်ဖြင့် အိုဘားမားအစိုးရက လက်ခံခဲ့သည်ဟုယူ ဆရလေသည်။ အကြောင်းမှာ ၂၀၁၃ နိုဝင်ဘာလ နောက်ပိုင်းလောက်က အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ဆူဆန်ရိုက်စ်က အမေရိကန် အနေဖြင့် “လက်တွေ့ဆောင်ရွက်နိုင်သော မဟာအင်အားကြီးတို့အကြား ဆက်ဆံရေး ပုံစံသစ်ကို ရှာဖွေရန်” တရုတ်ပြည်သို့ လာရောက်ရခြင်းဖြစ်သည်ဟု ကြေညာခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ နှစ်နိုင်ငံတို့၏ လူသိရှင်ကြား ကတိကဝတ်ပြုထားမှုများကို အချက်အချာကျသည့် ကိစ္စများအပေါ် လက်တွေ့ဆောင်ရွက်ပြသရန် အလွန်လိုအပ်လာ နေပေပြီ။ အကြောင်းအချက်တချို့ကြောင့် မြန်မာနိုင်ငံသည် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ပြသရန် နယ်ပယ် ဖြစ်ပါသည်။ အကြောင်းမှာ အမေရိကန်ရော တရုတ်ကပါ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လိုလားပါကြောင်း ကတိကဝတ်ပြုကြပြီး ဖြစ်ပေသည်။ ၎င်းတို့တွင် မတူကွဲပြားသောအမြင်များ ရှိကြသည်။ တရုတ်က “တည်ငြိမ်အေးချမ်းပြီး ကြွယ်ဝချမ်းသာသော မြန်မာနိုင်ငံ”အဖြစ်နှင့် လည်းကောင်း၊ အမေရိကန်က “ဒိီိမိုကရေစီ ပြုပြင်ပြောင်းလဲရေး အောင်မြင်သော မြန်မာနိုင်ငံ”အဖြစ် လည်းကောင်း မြင်တွေ့လိုကြသည်။ ထိုသို့ ကွဲပြားခြားနားသော်လည်း ဘုံတူညီသော အကျိုးစီးပွားများ ပါရှိပါသည်။ ပြည်တွင်းပဋိပက္ခများ မငြိမ်းနိုင်သေးသော မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နှင့် တရုတ်တို့ ပူးပေါင်းကြိုးပမ်းခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး ရရှိလာသည့် ပြယုဂ်နိုင်ငံတခုလည်း ဖြစ်လာနိုင်ပါသည်။ မြန်မာနိုင်ငံ အရင်က အာဖဂန်နစ္စတန်တွင် ထိုကဲ့သို့ ပူးပေါင်းကြိုးပမ်းခဲ့ခြင်းမျိုး ရှိခဲ့ဖူးပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် တရုတ်နှင့် အမေရိကန် အပြိုင်အဆိုင်ကြဲနေကြသည် ဆိုသောအမြင်များ အားကောင်းနေစဉ်တွင် ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မည်ဆိုသော ကြေညာချက်က သက်သာရာရစေပေသည်။ မည်သို့ဆိုစေကာမူ လေ့လာသုံးသပ်သူများ အနေဖြင့် အဆိုပါ ပူးပေါင်းဆောက်ရွက်မှုများ၏ အတွင်းသဘောနှင့် နက်ရှိုင်းမှုတို့အပေါ် ကြောင်းကျိုးဆီလျော်သော မျှော်လင့်ချက်များ ထားရှိသင့်ပေသည်။ အစောပိုင်းကာလ လေ့လာသုံးသပ်ချက်များက မြန်မာနိုင်ငံ၏ ပညာရေးနှင့် ဘဏ်စနစ်ကို တိုးတက် ကောင်းမွန်အောင် တတိယအဖွဲ့အစည်းများကို ကြားခံထားလျက် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်ကြရန်ကဲ့သို့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ လုပ်ကိုင်ရန် နှိုးဆော်ခဲ့ဖူးသည်။ သို့သော်လည်း လတ်တလောကာလတွင် မြန်မာ့စီးပွားရေးပြဿနာများကို အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စမှာ အချက်အချာကျသော အဟန့်အတားများ ရင်ဆိုင်နေရပြီ ဖြစ်သည်။ ပထမ အဟန့်အတားတခုမှာ တရုတ်၏ လျော့ကျလာနေသော စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုသည် ၉၀% လျော့ကျသွားပြီး ပမာဏအားဖြင့် ဒေါ်လာ ၈ ဘီလျံကျော်မှ ဒေါ်လာ ၄၀၇ သန်းထိ ကျသွားသည်။ ၂၀၁၃ ခုနှစ်တွင် တရုတ် ရင်းနှီးမြှုပ်နှံမှုသည် ပြန်လည်တိုးတက်လာခြင်း မရှိခဲ့ချေ။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိုးရိမ်သောကရောက်နေသောအချိန်တွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာရန် စည်းရုံးတိုက်တွန်းရန် လွယ်ကူမည် မဟုတ်ချေ။ စီးပွားရေး အကူအညီပေးခြင်းဆိုသည့်ကိစ္စတွင် အနောက်နိုင်ငံ အလှူရှင်များက ပူးပေါင်း ဆောင်ရွက်မှုပုံစံဖြင့် ကူညီခြင်းမျိုးမဟုတ်ဘဲ တရုတ်အနေဖြင့် အပြန်အလှန် ထောက်ကူမှုပေးသည့် ပုံစံဖြင့်သာ ဆောင်ရွက်သည့်အစဉ်အလာ ရှိကြသည်။ တရုတ်၏ အမြင်အရ စီးပွားရေး အကူအညီပေးသည် ဆိုသည့်ကိစ္စမှာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင်ဆိုသည့် ရည်ရွယ်ချက်ကို အထောက်အကူပြုရမည် ဖြစ်သည်။ နမူနာအားဖြင့် ၂၀၁၃ ခုနှစ် အောက်တိုဘာလက တရုတ် ထုတ်ကုန်-သွင်းကုန် ဘဏ်မှ မြန်မာနိုင်ငံကို စိုက်ပျိုးရေး အသေးစားချေးငွေများအဖြစ် ချေးပေးခဲ့သော ဒေါ်လာသန်း ၁၀၀ မှာ အောက်ခြေလယ်သမားများအကြားတွင် တရုတ်နိုင်ငံ၏ ပုံရိပ် ကောင်းစေရန် ရည်ရွယ်သည်။ အပြန်အလှန်ဆိုသည့် သဘောသဘာဝ ပါဝင်သည့် အဆိုပါ ကိစ္စမျိုးတွင် အမေရိကန်အနေဖြင့် ပူးပေါင်းပါဝင်ရန် မလွယ်ကူလှပေ။ မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွင်း အမေရိကန်နှင့် တရုတ် ရင်းနှီးမြှုပ်နှံမှုများ ဟန်ချက်ညီဖြစ်ရေး ဆိုသည်မှာ အခြားပြဿနာတရပ် ဖြစ်သည်။ ဥပမာအားဖြင့် ၂၀၁၂ ခုနှစ်က အမေရိကန်နှင့် တရုတ် ကျွမ်းကျင်သူများ ပါဝင်သည့် အဖွဲ့တဖွဲ့ကို မြန်မာက ဖိတ်ကြားကာ အထူးစီးပွါးရေးဇုန်များ တည်ဆောက်ရန် အကြံဉာဏ်တောင်း၏။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် လူထု၏ အမြင်သဘောထားရယူရန်ဆိုသည့် ကိစ္စမျိုးတွင် တရုတ်အနေဖြင့် အမေရိကန်နှင့် မတူခြားနားသော ဒီမိုကရေစီမကျသည့် ချဉ်းကပ်စဉ်းစားမှုမျိုး ရှိသည်။ ထို့အတူ နိုင်ငံရေးဆိုင်ရာ ပြဿနာများတွင် တရုတ်နှင့် အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်ရေးမှာလည်း အခက်အခဲများ ရှိသည်။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ပူးပေါင်းဆောင်ရွက်မှုမှန်သမျှ တရုတ်အစိုးရ လက်ခံရန် ခဲယဉ်းသည်။ အကြောင်းမှာ တရုတ်၏ နိုင်ငံရေးစနစ်နှင့် အံမဝင်သောကြောင့် ဖြစ်လေသည်။ သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တိုင်းရင်းသား ရင်ကြားစေ့ရေး ကိစ္စလို ပြဿနာများတွင် အမေရိကန်နှင့် တရုတ်တို့တွင် တူညီသော ဘုံရည်မှန်းချက်များ ရှိကြပြီး ပူးပေါင်းဆောင်ရွက်မှုများ၌ တနိုင်ငံချင်းစီတွင် ဦးစားပေးမှုများနှင့် ချဉ်းကပ်ပုံများ မတူကွဲပြားကြသည်။ ကချင်ပဋိပက္ခတွင် တရုတ်က အခြားသော နိုင်ငံခြားအင်အားများ၊ အထူးသဖြင့် အမေရိကန် ဝင်ရောက်ပတ်သက်မှုကို ငြင်းပယ်သည်။ အကြောင်းမှာ ကချင်ဒေသသည် တရုတ်-မြန်မာနယ်စပ် ဖြစ်သဖြင့် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်၍ ဖြစ်သည်။ ထို့ပြင် အမေရိကန်အနေဖြင့်လည်း အဆိုပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စမျိုးတွင် ပါဝင်ပတ်သက်မှုမရှိအောင် ဂရုစိုက်ခြင်းဖြင့် မြန်မာအစိုးရ၏ ထိလွယ်ရှလွယ် ပြည်တွင်းရေး ပြဿနာအဖြစ်သာ သဘောထားသည်။ ဤကန့်သတ်ချက်များကြောင့် အမေရိကန်နှင့် တရုတ်တို့၏ မြန်မာ့အရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် ခွင်ကျဉ်းမြောင်းသွားပြီး ထိလွယ်ရှလွယ်မဖြစ်သော၊ အဓိကမကျသော မြန်မာ့ပြဿနာများတွင်သာ ပူးပေါင်းဆောင်ရွက်နိုင်သည့် အနေအထား ရှိပေတော့သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ ကူးစက်ရောဂါများ ကာကွယ်ကုသခြင်း၊ အရှေ့တောင်အာရှဒေသအတွင်း အကြမ်းဖက်မှုနှင့် ဓားပြတိုက်မှုများ နှိမ်နင်းခြင်း စသည့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုပြဿနာများမှာ ပူးပေါင်းဆောင်ရွက် နိုင်သောကဏ္ဍများ ဖြစ်သည်။ သို့ဖြစ်ရာ HIV/ AIDS တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး စသည့် ကဏ္ဍနှစ်ခုမှာ မြန်မာနိုင်ငံတွင် တရုတ်-အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်နိုင်ဆုံးကဏ္ဍများ ဖြစ်ကြသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများမှာ နိုင်ငံရေးအရ အကျိုးအမြတ်ရှာစရာကိစ္စ မဟုတ်သလို စီးပွားရေးအရ ဆုပေးသည့် ကိစ္စများလည်း မဟုတ်ကြချေ။ ထိုပူးပေါင်းဆောင်ရွက်မှုများက မြန်မာပြည်သူလူထု၏ လူနေမှုဘဝကို ပိုမိုတိုးတက်လာစေပြီး၊ ကျန်းမာသော လူမှုအခြေခံနှင့် စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးမှုအပေါ် အကျိုးသက်ရောက်စေပေလိမ့်မည်။ မြန်မာ၏ အခန်းကဏ္ဍနှင့် မြန်မာ့ရှုမြင်ချက် မြန်မာနိုင်ငံတွင် အမေရိကန်နှင့် တရုတ်တို့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စကို စဉ်းစား သုံးသပ်သည့်အခါတိုင်း အဓိကပလေယာအဖြစ် လျစ်လျူမရှုသင့်သောသူမှာ မြန်မာ ကိုယ်တိုင်ပင် ဖြစ်သည်။ အမေရိကန်နှင့် တရုတ် လေ့လာသုံးသပ်သူများကိုယ်တိုင်က မြန်မာနိုင်ငံတွင်း တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွင် မြန်မာအစိုးရက အရေးပါသည့် အခန်းကဏ္ဍတွင် ရှိကြောင်း အသိအမှတ်ပြုကြသည်။ အထူးသဖြင့် အမေရိကန်နှင့် တရုတ်တို့၏ ပူးပေါင်းဆောင်ရွက်ပေးမှုသည့် မြန်မာအပေါ် ၎င်းတို့ သြဇာသက်ရောက်ရန် အင်အားကြီးနိုင်ငံနှစ်ခုအကြား အပြိုင်အဆိုင် ဂိုဏ်းဂဏဖွဲ့ခြင်း၊ ဖိအားပေးခြင်းမျိုး မဟုတ်ကြောင်း လက်ခံနားလည်ဖို့လိုသည်။ အချို့သောပုဂ္ဂိုလ်များက ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုမျိုးကို ထိထိရောက်ရောက် ဖြစ်စေရန် မြန်မာတို့ကိုယ်တိုင် ဦးစီးဦးဆောင်ပြုသင့်ဟု ဆိုကြလေသည်။ အစဉ်အလာအားဖြင့် မြန်မာသည် ကြားနေဝါဒကျင့်သုံးသည့် ဘက်မလိုက် နိုင်ငံခြားရေးဝါဒကို လက်ကိုင်ထားသည့်နိုင်ငံ ဖြစ်သည်။ တရုတ်နှင့်ပတ်သက်လျှင် တရုတ်၏ ရည်မှန်းချက်၊ ကြီးမားသော အရွယ်အစား ကွာခြားမှုနှင့် ယဉ်ကျေးမှု တော်လှန်ရေးကာလက ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် အားပေးထောက်ခံမှုများကြောင့် မယုံသင်္ကာစိတ်နှင့် ကြောက်ရွံ့စိတ်ရှိသည်။ အမေရိကန်နှင့်ပတ်သက်၍မူ မြန်မာအနေဖြင့် နှစ်ပါင်းနှစ်ဆယ်မျှ အထီးကျန် ဝိုင်းပယ်ခံရခြင်း၊ စီးပွားရေး ပိတ်ဆို့အရေးယူခံရခြင်းနှင့် လုံခြုံရေးအရ ခြိမ်းခြောက်ခံရခြင်း တို့ကြောင့် စစ်အစိုးရအနေဖြင့် ထိုကာလများအတွင်း တရုတ်နှင့် မဟာမိတ်ဖွဲ့ကာ လက်တွဲခဲ့ရလေသည်။ ထိုသို့ အလွန်အမင်း မှီခိုရသောအနေအထား ရှိခဲ့သည့်အတွက် အခါအခွင့်သင့်သည့်အချိန်တွင် တရုတ်သြဇာကို တန်ပြန်ထိန်းညှိရန် အမေရိကန်နှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ချဉ်းကပ်ခဲ့တော့သည်။ မြန်မာ့မြေပေါ်တွင် အမေရိကန်နှင့် တရုတ် ပူးပေါင်းဆောင်ရွက်ရေးလော၊ ယှဉ်ပြိုင်ရေးလော ဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ မြန်မာများအနေဖြင့် “ဆင်နှစ်ကောင်” နှိုင်းယှဉ်ချက်ကို ပြောဆိုလေ့ရှိသည်။ ဆင်ဆိုးဖြစ်စေ၊ ဆင်ကောင်းဖြစ်စေ “မြက်”ကတော့ အစားခံရမည်သာ ဖြစ်သည်။ တခြားတဖက်တွင် မြန်မာအနေဖြင့် ပီကင်းနှင့် ဝါရှင်တန် အကြား ယှဉ်ပြိုင်မှု၏ ဗဟိုအချက်အချာ ဖြစ်လာမည်ကိုတော့ စိုးရိမ်ပူပန်သည်။ ထိုသို့ ဖြစ်လာလျှင် တဖက်ဖက်ကို ရွေးချယ်ရသည်မျိုး သို့မဟုတ် နှစ်ဖက်စလုံးကို စိတ်ဆိုးဒေါသ ထွက်စေသည်မျိုး ဖြစ်လာနိုင်သည်။ အခြားတဖက်တွင် အမေရိကန်နှင့် တရုတ်တို့ ဆက်ဆံရေးက သိပ်ကောင်းလွန်းပြီး မြန်မာအပေါ် ပူးပေါင်းကြိုးကိုင်ကြလျှင် မြန်မာတို့ အနေဖြင့် အမှီခိုကင်းမှု ဆုံးရှုံးနိုင်စရာရှိပြီး ဝါရှင်တန်နှင့် ပီကင်းတို့၏ နောက်ဖေးလိုင်း သဘောတူညီမှု (တိတ်တဆိတ် သဘောတူညီချက်) ၏ သားကောင် ဖြစ်သွားနိုင်သည်။ သို့ဖြစ်ရာ မြန်မာအနေဖြင့် တရုတ်နှင့် အမေရိကန်တို့အကြား ယှဉ်ပြိုင်တိုက်ခိုက်ရာ ဗဟိုချက်အဖြစ်သော် လည်းကောင်း၊ လျှို့ဝှက်သဘောတူချက်၏ သားကောင်အဖြစ်သော် လည်းကောင်း ရှောင်ရှားနိုင်ရန် ရှင်းရှင်းလင်းလင်း လျှောက်လှမ်းနေပါသည်။ မြန်မာ နိုင်ငံတွင် အမေရိကန်နှင့် တရုတ်တို့ အတူပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို မြန်မာက ဦးစီးဦးဆောင်ပြုသင့်သည် ဆိုသည်ကို သဘောတူညီကြသော်လည်း လက်တွေ့ဖြစ်နိုင်ခြေ နည်းပါးလှသည်။ မြန်မာအနေဖြင့် အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်ရေးကို ဦးစီးဦးဆောင်ပြုရန်၊ ပုံဖော်ရန်နှင့် စီမံခန့်ခွဲရန် အဆင်သင့်အနေအထား မရှိပါချေ။ မြန်မာအနေဖြင့် တရုတ်-အမေရိကန် နှစ်နိုင်ငံလုံးအပေါ် သာတူညီမျှဆက်ဆံရန် ပြင်းပြသောဆန္ဒ ရှိသော်လည်း ထိုသို့ဖြစ်နိုင်ရန်မှာ အားကောင်းသော ပြည်တွင်းနိုင်ငံရေး အခြေခံနှင့် အဆင့်မြင့်ပေါ်လစီ အဆက်အစပ်ရှိရန်လိုသည်။ ရှေ့သို့ မျှော်ကြည့်ခြင်း တရုတ်-အမေရိကန် အင်အားကြီးနှစ်နိုင်ငံသည် မြန်မာအပေါ် သြဇာသက်ရောက်မှု အပေးနိုင်ဆုံး အင်အားများဖြစ်ကြသလို မြန်မာနိုင်ငံ၏ အတိတ်နှင့် ပစ္စုပ္ပန်ကာလမှာကဲ့သို့ အနာဂတ်ကာလတွင်လည်း အဓိကသြဇာသက်ရောက်သူများ ဆက်လက်ဖြစ်နေပေလိမ့်ဦး မည်။ နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူ လက်တွဲလုပ်ကိုင်ပါမည်ဟု လူသိရှင်ကြား ကတိကဝတ်ပြုထားကြသော်လည်း ရိုးသား ဖြူစင်မှု၊ နယ်ပယ်အဝန်းအဝိုင်းနှင့် နက်ရှိုင်းမှုတို့တွင် မည်သို့ဖြစ်လာမည်ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရပေလိမ့်မည်။ မြန်မာအစိုးရအနေဖြင့် နိုင်ငံအတွင်း ထိုသို့သော တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုများကို အသေအချာ စိစစ်တွက်ချက်ခြင်းနှင့် ဦးစီးဦးဆောင်ပြုခြင်းတို့ ပြုလုပ်လိမ့်မည်ဟု အများက မျှော်လင့်နေကြပေသည်။ ရဲထွန်း (သီပေါ) ကိုးကား : Myanmar in US-China relations by YUN SUN

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up