Home
မြန်မာသတင်း
သားဖွားဆရာမ ၂ ထောင်နီးပါး မြန်မာနိုင်ငံအနှံ့ ခန့်အပ်မည်
DVB
·
February 17, 2017
ယခုနှစ်အတွင်း သားဖွားဆရာမ ၂ ထောင်လောက် မြန်မာနိုင်ငံအနှံ့မှာ ခန့်အပ်သွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ မနေ့က ပြည်သူ့လွှတ်တော်မှာ ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ မေးမြန်းတဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ မရှိသေးတဲ့ သင့်လျော်သော ကျေးရွာတွေမှာ သားဖွားဆရာမတဦးစီ ခန့်အပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းကို ပြန်လည်ဖြေကြားစဉ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တာပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ခန့်ထားတဲ့ သားဖွားဆရာမ ၁၂၂၉၅ ဦး ရှိတဲ့အကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲတွေမှာ လစ်လပ်နေတဲ့ အခြေခံကျန်းမာရေးဝန်ထမ်းတွေကို ပထမဆုံး ဦးစားပေးအနေနဲ့ ခန့်အပ်နေကြောင်း၊ ယခုဘဏ္ဍာရေးနှစ်မကုန်ခင် သားဖွားဆရာမ ၁၉၅၆ ဦးကို ခန့်အပ်ဖို့ အစိုးရအဖွဲ့ကလည်း သဘောတူပြီးဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းတွေရဲ့ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ကိစ္စတွေမှာလည်း လုပ်သက်နှစ်သတ်မှတ်ချက် မြင့်မားနေတာ တွေ့ရတဲ့အတွက် လုပ်သက်နှစ်တွေ လျှော့ချပြီး သင့်တင့်တဲ့ Career Ladder ရရှိနိုင်ရေး ဆောင်ရွက်သွားမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဓာတ်ခွဲကျွမ်းကျင် ၄ နေရာကို ရောက်ရှိဖို့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သင်ကြားရေး ဆေးရုံတွေမှာ စာတွေ့လက်တွေ့ တနှစ်သင်ကြားရမှာ ဖြစ်ပါတယ်။ ဓာတ်ခွဲ ၃ အဆင့်ကနေ ဓာတ်ခွဲကျွမ်းကျင် ၂ အဆင့်ကို ရောက်ဖို့အတွက် လုပ်သက် ၇ နှစ်နဲ့ အရည်အချင်းစစ် စာမေးပွဲ အောင်မြင်ပြီး ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်မှာ ဒုတိယနှစ်က စတင်ပြီး သုံးနှစ်တက်ရောက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝန်း ချင်းပြည်နယ်ကလွဲပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက်  သားဖွားသင်တန်းကျောင်း ၂၂ ကျောင်း ဖွင့်လှစ်ထားရှိတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024