Home
မြန်မာသတင်း
ဘူးသီးတောင်တွင် ရခိုင်တပ်နှင့် တပ်မတော် တိုက်ပွဲဖြစ်
ရွှေအောင်
·
February 16, 2017
  ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အထက်ပိုင်းမှာ ဒီနေ့မနက်ပိုင်းက ရခိုင့်တပ်မတော်နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိအခိုက်အကျအဆုံး သတင်းတော့ မကြားရသေးပါဘူး။ ရခိုင့်တပ်မတော်သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ခံ ဦးခိုင်သုခက ရသေ့တောင်မြို့နယ်မှာ ဒီမနက်က မိနစ် ၂၀ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။ “ဘူးသီးတောင်မြို့နယ် အထက်ပိုင်း မေယုမြစ်ဖျားပိုင်းမှာ ဖြစ်တာ၊ ရခိုင့်တပ်မတော်ရဲ့ တပ်မဟာ ၂လက်အောက်ခံ တပ်ရင်း ၂၁၄ နဲ့ ဖြစ်တာ၊ မြန်မာ့တပ်မတော်ဘက်ကတော့ စဆခ ၅ လက်အောက်ခံတပ်ရင်း တရင်းဗျ၊ ဆိုတော့ မြန်မာ့တပ်မတော်ကနေ တိုက်ပွဲဖြစ်တဲ့နေရာကနေ ပြန်ပြီးတော့ ဆုတ်သွားတယ်။ သူတို့ဘက်က အထိအခိုက်အကျအဆုံး ရှိနိုင်တယ်ဗျ။ ဒါပေမယ့် ဘယ်လောက်လည်း ဆိုတာ မသိသေးဘူး။” ရခိုင့်တပ်မတော်ရဲ့ နယ်မြေအတွင်း တပ်မတ်ာက ၀င်ရောက်လှုပ်ရှားလာလို့ တိုက်ပွဲဖြစ်တာလို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားတာ ကာလအတန်ကြာ မရှိဘဲ အခု တခါ ပြန်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ချင်းအမျိုးသားတပ်ဦး စီအန်အက်ဖ်က ချင်းပြည်နယ်အတွင်းက ရခိုင်တပ်တွေ ထွက်မသွားရင် စစ်ရေးအရ တုံ့ပြန်ရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဒီင်္ကိစ္စနဲ့ပတ်သက်လို့ ရခိုင့်တပ်မတော်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို မေးကြည့်တော့ သူတို့ကို လာတိုက်ရင် ပြန်တိုက်ရမှာပဲ လို့ ပြောပါတယ်။ “ကျနော်တို့ အခြေပြုထားတဲ့ဒေသကို ကျနော်တို့ကို အကြောင်းမကြားဘဲ ထိုးဖောက်ဝင်ရောက်လာတဲ့ တိုက်ခိုက်လာတဲ့ ဘယ်သူ့ကိုမဆို တုံ့ပြန်တိုက်ခိုက်သွားဖို့ အဆင်သင့် ရှိပါတယ်။” ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက နေရာအတော်များများမှာ ရခိုင့်တပ်တွေ တပ်စွဲထားတာ ရှိတယ်လို့လည်း ပြောပါတယ်။ ရခိုင့်တပ်မတော် အေအေ ဟာ မြန်မာပြည်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှာလည်း ပါဝင်ပြီး မြောက်ပိုင်းတပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုမှာလည်း ပါဝင်တိုက်ခိုက်နေတဲ့တပ်ဖွဲ့ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024