ထိုင်းတွင် ဘွိုင်လာအိုးပေါက်ကွဲ မြန်မာအလုပ်သမား ၁ ဦး ဒဏ်ရာရ
DVB
·
February 15, 2017
ထိုင်းနိုင်ငံအလယ်ပိုင်း အန်ထောင်းခရိုင် အန်ထောင်းမြို့က ကုန်ထုတ်စက်ရုံတခုမှာ မနေ့ညက ရေနွေးငွေ့ထုတ် ဘွိုင်လာအိုးပေါက်ကွဲမှုဖြစ်ပွားပြီး မြန်မာအလုပ်သမားတယောက် ဒဏ်ရာရသွား တယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက် ည ၇ နာရီအချိန်က အန်ထောင်းမြို့ ပါညုရပ်ကွက်ရှိ လယ်ယာသုံး ပစ္စည်း ထုတ်လုပ်ရေးစက်ရုံတရုံမှာ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့ပြီး သွားရောက်စစ်ဆေးရာမှာ အသက် ၂၄ နှစ်ရွယ်ရှိ နိုင်အောင်တိကေ (ထိုင်းအသံထွက်) ဆိုသူ မြန်မာအလုပ်သမားတဦး ရင်ဘတ်နဲ့ ခန္ဓာကိုယ်အနှံ့ အပူလောင်ဒဏ်ရာတွေရခဲ့ပြီး အန်ထောင်းဆေးရုံကို အမြန်ပို့ဆောင်ပေး ခဲ့ရတယ်လို့ အန်ထောင်းနယ်မြေရဲစခန်း ဒုရဲမှူး နတ့်သ်ဖုန်း နုခ်ျကျလွန်းက သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမယ့် ဒဏ်ရာရသူမှာ အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း ၊ ပေါက်ကွဲမှုကြောင့် အုတ်တံတိုင်း နဲ့ စက်ရုံခေါင်မိုးတွေ ပျက်စီးကုန်ပြီး ဘွိုင်လာအိုးထားရှိရာ အဆောက်အဦ မီးလောင်သွားတာကြောင့် အချိန် ၁ နာရီကြာအောင် မီးငြိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
စက်ရုပိုင်ရှင်ကတော့ အခင်းဖြစ်ပွါးချိန်မှာ သူက တခြားကိုရောက်နေကြောင်း၊ အဆိုပါ ဘွိုင်လာအိုးမှာ ပျက်နေလို့ ပြင်ဆင်နေဆဲလို့ ပြောပါတယ်။
အခုလိုပေါက်ကွဲသွားတာကြောင့် စက်ရုံအဆောက်အဦတခုလုံး မီးလောင်ပျက်စီးပြီး ဆုံးရှုံးမှုတန်ဘိုး အနည်းဆုံး ဘတ် ၅ သန်းလောက်ရှိမယ်လို့လည်း သူက ခန့်မှန်းပြောဆိုသွားပါတယ်။
ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း