DVB Logo
Home
ဆောင်းပါး
မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ ဂုဏ်သိက္ခာအတွက် မျိုးဆက်သစ်တွေ မွေးထုတ်ဖို့ အချိန်တန်ပြီ
DVB
·
December 20, 2011
မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ ဂုဏ်သိက္ခာအတွက် မျိုးဆက်သစ်တွေ မွေးထုတ်ဖို့ အချိန်တန်ပြီ
1 / 5
Donate to DVB

မြန်မာတို့ရဲ့ ရိုးရာအမွေအနှစ် မြန်မာ့ရိုးရာလက်ဝှေ့ဟာ ၂၀၀၀ ပြည့်လွန် ကာလတွေကစလို့ တကျော့ပြန် ဦးမော့လာတဲ့ အနေအထားကို တွေ့ရပါတယ်။

နိုင်ငံခြားသား လက်ဝှေ့သမားတွေကို မကြာခဏ ဖိတ်ခေါ်ယှဉ်ပြိုင်မှုတွေ ရှိခဲ့ပြီး ပြည်တွင်းမှာလည်း လက်ဝှေ့ပွဲတွေ အဆက်မပြတ် ကျင်းပလာနိုင်တဲ့ အနေအထားမျိုး ဖြစ်လာခဲ့တာပါ။

မြန်မာပြည် အနှံ့အပြားမှာ တနှစ်ပျမ်းမျှ လက်ဝှေ့ပွဲ ပွဲ ၅၀ လောက်အထိ ကျင်းပနေပြီး ပထမတန်း လက်ဝှေ့သမားတဦးရဲ့ တပွဲထိုးသတ်ကြေးကလည်း
၁၀ သိန်းအထက် ဈေးပေါက်နေပါတယ်။ ဖိုးကေ၊ စောငမန်း၊ တွေ့မရှောင်တို့ရဲ့ ထိုးကြေးတွေဆိုရင် ၁၅ သိန်းနဲ့ ၂၅ သိန်းကြားအထိ မြင့်တက်နေတာ တွေ့ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ဟာ ရိုးရာအမွေအနှစ် ကိုယ်ခံပညာ သက်သက် မဟုတ်တော့ဘဲ အသက်မွေးဝမ်းကြောင်းမှု ပြုနိုင်တဲ့ အနေအထား တရပ်အထိ တိုးတက်ရောက်ရှိလာတာ ၀မ်းသာစရာပါပဲ။

ဒါပေမယ့်​ ​လက်ရှိ​ ​မြန်မာ့ရိုးရာ​ လက်ဝှေ့သမားတွေရဲ့ အရည်အသွေးနဲ့ ခံယူချက်၊ မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ လက်ရှိ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကတော့ ​မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ၂၀၁၂ ဒဂုံရွှေအောင်လံလက်ဝှေ့ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ရန်ကုန်မြို့က အမျိုးသားအားကစားပြိုင်ပွဲရုံ ၁ မှာ ကျင်းပခဲ့တယ်။

ပထမတန်းနဲ့ ​ ​အလွတ်တန်း​ ​အောင်လံဆုတွေအတွက် ဒီနှစ်မှာ မြန်မာတွေသာမက နိုင်ငံခြားသားလက်ဝှေ့သမား အချို့ကိုလည်း ဖိတ်ခေါ်ပြိုင်ပွဲ​ ​၀င်စေခဲ့ပါတယ်။ ​ဒီဇင်ဘာ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ ပထမတန်း ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရုရှားလက်ဝှေ့သမား ချာရီကော့ဗ်က မြန်မာလက်ဝှေ့သမား ထွန်းထွန်းကို အမှတ်ပြတ်နဲ့ အနိုင်ယူကာ ဗိုလ်လုပွဲဆီ ခရီးဆက်ခဲ့သလို အလွတ်တန်း ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း အာမေးနီးယားလက်ဝှေ့သမား ဒါဗစ်က
ရန်ကြီးအောင်မြန်မာကို ဒိုင်ပွဲရပ်နဲ့ အနိုင်ယူခဲ့တယ်။

ထွန်းထွန်းဟာ ၂၀၁၀ ဒဂုံရွှေအောင်လံ ပထမတန်းချန်ပီယံဖြစ်ပြီး
ရန်ကြီးအောင်ကလည်း​ ​ရွှေခါးပတ်ချန်ပီယံရထားတဲ့ ပထမတန်း လက်ဝှေ့ သမားတယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးလုံးဟာ ရုရှားနဲ့ အာမေးနီးယား လက်ဝှေ့သမားတွေကို လက်ရည်ခြင်း မယှဉ်နိုင်ခဲ့ဘဲ ရှုံးသင့်ရှုံးထိုက်စွာ​ ​အရှုံးပေခဲ့ကြရတာ​ ​ဖြစ်ပါတယ်။ ဒီနေရာမှာ ထွန်းထွန်းနဲ ​ ​ရန်ကြီးအောင်တို ​ ​အရှုံးဆိုတာထက် မြန်မာတွေရဲ့အရှုံး၊ အထူးသဖြင့် မြန်မာ့ရိုးရာ လက်ဝှေ့ပညာရပ်ရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အရှုံးဖြစ်ပါတယ်။

လက်ရှိ မြန်မာ့ရိုးရာလက်ဝှေ့လောကမှာ အကောင်းလက်ဝှေ့သမားတွေထဲမှာ ပါဝင်တဲ့ ထွန်းထွန်း နဲ့ ရန်ကြီးအောင်တို့ဟာ​ ​မြန်မာပြည်မှာ​ ​မြန်မာပရိသတ်နဲ့ မြန်မာဒိုင်တွေရှေ့မှာ​ ​မြန်မာ့ရိုးရာလက်ဝှေ့ စည်းကမ်းအတိုင်း ယှဉ်ပြိုင်ရင်း အရှုံးပေခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီနှစ်ယောက်ထက်ကောင်းတဲ့ လက်ဝှေ့ သမား ရှိဦးမယ်ဆိုရင်တောင် ၂ ဦး၊ ၃ ဦးထက် မပိုပါဘူး။ လုံးချော၊ တွေ့မရှောင်၊ ဖိုးကေတို့နဲ့ ဆိုင်ပေးမယ်ဆိုလည်း မြန်မာဘက်က အနိုင်ရဖို့ အခွင့်အလမ်း နည်းပါတယ်။

ချန်ပီယံဟောင်း လုံးချောက အသက်အရွယ်အရ အကျပိုင်း ရောက်နေပြီ​ ​ဖြစ်သလို တွေ့မရှောင်အနေနဲ့လည်း အရပ်အမောင်း အလုံးအထည်ကွာဟမှုကြောင့် ဆိုင်ပေးလို့မရပါဘူး။ မန္တလေးသား ဖိုးကေကလည်း သူ့ထက်ခေါင်းတလုံးလောက် နိမ့်တဲ့ ထိုင်းလက်ဝှေ့သမား ပါဝိကို ပထမအချီမှာတင် ရှုံးချက်နာခဲ့တာ မကြာသေးလို့ အခုပြိုင်ပွဲမှာ ပွဲထွက်ခွင့်မရခဲ့တဲ့ လက်ဝှေ့သမား ဖြစ်ပါတယ်။

သေချာတာကတော့ လက်ရှိမြန်မာ့ရိုးရာလက်ဝှေ့လောကရဲ့ အနေထားက
ငွေကြေးကြောင့်ကြိုးဝိုင်းပေါ် တက်လာကြသူတွေ မရှားပေမယ့် အမှန်တကယ် လက်စွမ်းထက်မြက်ပြီး အရည်အချင်းရှိတဲ့ လက်ဝှေ့သမားကောင်းတွေ ရှားနေတာ အမှန်ပါပဲ။ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွေဟာ ပွဲသွင်းသူ (စီးပွားရေးသမား) တွေရဲ့ ကြိုးကိုင်မှုအောက်မှာသာ အဓိက သက်ဝင်လှုပ်ရှားနေရကာ
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ရဲ့​ ​ကြိုးပမ်းဆောင်ရွက်မှုတွေကတော့​ ​မှေးမှိန်လျက်ရှိနေတယ်​။ ​မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှာ စနစ်ကျတဲ့ လူငယ်စီမံကိန်းတွေ ရှိသင့်တယ်။ မျိုးဆက်သစ်လူငယ်တွေ ပေါ်ထွက်လာဖို့ အစီအမံတွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။ ၀ါသနာအလျောက် စင်ပေါ်ရောက်လာသူတွေထဲက နာမည်လေးရလာသူတွေကိုရွေးကာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး နိုင်ငံခြားသားတွေနဲ့ ယှဉ်ပြိုင်ခိုင်းနေတာမျိုးကလည်း​ ​မှန်ကန်တဲ့ လုပ်ဆောင်မှုလို့ မဆိုနိုင်ပါဘူး။

မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှာ ဒုတိယတန်း၊ ပထမတန်း၊ အလွတ်တန်း လက်ဝှေ့သမားတွေရဲ့ အဆင့်ကို စနစ်တကျပြုစုထားရမှာဖြစ်ပြီး သက်ဆိုင်ရာ အတန်းအလိုက် ချန်ပီပံ ဘယ်သူ၊ စိန်ခေါ်သူ နံပါတ်တစ် ဘယ်သူ၊ နံပါတ်နှစ်က ဘယ်သူဆိုတာမျိုးကို တိတိကျကျရှိအောင်​ ​ဆောင်ရွက်ထားရမှာ​ ​ဖြစ်ပါတယ်။ ဒါမှသာ ပြည်တွင်းကို နိုင်ငံခြားသားတွေ​ လာရင်ပဲဖြစ်ဖြစ်၊ ကိုယ်က ပြည်ပထွက်ပြီး ယှဉ်ပြိုင်စရာ ပေါ်လာတဲ့အခါမှာပဲဖြစ်ဖြစ် မြန်မာပြည့်ရဲ့ အကောင်းဆုံးလက်ဝှေ့ သမားတွေကသာ မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်ခွင့်ရနေတဲ့ လက်ဝှေ့သမားတွေကို
မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်က ရွေးချယ်ခြင်းမျိုးမဟုတ်ဘဲ စီစဉ်သူစိတ်တိုင်းကျ ဖြစ်နေတဲ့ သဘောသဘာဝကလည်း ပြင်ကိုပြင်ရမယ့် အနေအထား​ ​ဖြစ်နေတာ သေချာပါတယ်။

နောက်ထပ်ဝမ်းနည်းစရာကောင်းတဲ့ လက်ရှိ မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ အနေအထားကတော့ မြန်မာအမျိုးသမီးလေးတွေအတွက် အခွင့်အရေးနဲ့ မျှော်လင့်ချက် ပျောက်ဆုံးနေခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄၊ ၅ ရက်တွေမှာ​ နိုင်ငံတကာ စိန်ခေါ်ပွဲတရပ် ရန်ကုန်မှာ လုပ်ခဲ့ပါတယ်။ ဩစတြေးလျသူ တဦး
နဲ့ မြန်မာအမျိုးသမီးတို့ ယှဉ်ပြိုင်တဲ့ ပွဲစဉ်တပွဲလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီလို ယှဉ်ပြိုင်ရာမှာ မြန်မာ လက်ဝှေ့မယ်ဟာ မြန်မာပရိသတ်ရှေ့မှာ တဖက်သတ်ခံနေရလို့ ဒုတိယအချီမှာတင် ပွဲကိုရပ်ပြီး ဩစတြေးလျသူကို အနိုင်ပေးလိုက်ရပါတယ်။

အခုလို မြန်မာအမျိုးသမီးတယောက် အရှက်တကွဲရှုံးနိမ့်ခဲ့ရခြင်းအပေါ်
ဂရုပြုဆောင်ရွက်မှုတွေ လက်ရှိအချိန်အထိ မကြားရ မမြင်ရသေးပါဘူး။ မြန်မာ
ပြည်မှာ မြန်မာအမျိုးသမီးတွေ လက်ဝှေ့ထိုးသတ်ခွင့်ရဖို့ အရမ်းခက်ခဲနေပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးသမား ပွဲသွင်းသူတွေက အမျိုးသမီးပွဲတွေကို ထည့်သွင်းကျင်းပမှုမရှိလို့ပါပဲ။ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ကလည်း အမျိုးသမီးလက်ဝှေ့မယ်တွေအတွက် အခွင့်အလမ်းနဲ့ အလားအလာတွေ ဖန်တီးပေးနိုင်ခြင်း လုံးဝမရှိဘူးဖြစ်နေတယ်။ လက်ရှိ မြန်မာပြည်ရဲ့  အမျိုးသမီး လက်ဝှေ့ချန်ပီယံ ဘယ်သူလဲလို့ မေးရင် မှန်မှန်ကန်ကန်ဖြေနိုင်မယ့်သူ
ရှိနိုင်မယ်မထင်ပါဘူး။

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ပြိုင်ပွဲကြီးတခု ကျင်းပတိုင်း အမျိုးသမီးပွဲစဉ် ၂ ပွဲလောက် ထည့်သွင်းကျင်းပစေဖို့ ပွဲစီစဉ်သူတွေအပေါ်
သတ်မှတ်စည်းရုံးနိုင်မယ်​ ဆိုရင်တော့​ ​မြန်မာအမျိုးသမီးလေးတွေလည်း မြန်မာတို့ရဲ့ ရိုးရာအမွေအနှစ် မြန်မာ့ရိုးရာလက်ဝှေ့အပေါ် အခုထက်ပိုမို​ ​လေ့လာ​ လိုက်စားလာနိုင်ကြမှာ​ ​ဖြစ်ပါတယ်။ ထိုးမယ့်သူ​ ​မရှိလို့ ပွဲမစီစဉ်တာပါလို့​​ ​ပြောကြမယ်ဆိုရင်တော့ .....၊ ပွဲမရှိလို့ ထိုးမယ့်သူ မရှိတာလို့သာ ဆိုရမှာ​ ​ဖြစ်ပါတယ်။

လက်ရှိ မြန်မာ့ရိုးရာလက်ဝှေ့လောကရဲ့ အနေအထားဟာ
အကောင်းဘက်က ကြည့်ရင် ပရိသတ်စိတ်ပါဝင်စားမှု အရင်ကထက် ပိုမိုလာတဲ့ အနေအထားကို ၀မ်းမြောက်ဖွယ် တွေ့နေရပါတယ်။ ဒီအနေအထားအပေါ်မှာ ငွေးကြေးအကျိုးအမြတ်ရဖို့သက်သက် ဆောင်ရွက်နေတာမျိုးတွေ လျှော့ချပြီး မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာအတွက် လက်ဝှေ့ လူချွန်မျိုးဆက်သစ်တွေ စနစ်တကျ မွေးထုတ်ပေးနိုင်ရေး အတွက်လည်း ဆောင်ရွက်ချိန်တန်ပြီ ဖြစ်ပါကြောင်း.....

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013