မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ အစ်ကိုဖြစ်သူ မလေးရှားလေဆိပ်တွင် အသတ်ခံရ

ဓာတ်ပုံ - ရိုက်တာ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အစ်ကိုဖြစ်သူ ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မလေးရှားနိုင်ငံမြို့တော်၊ ကွာလာလမ်ပူလေဆိပ်ထဲမှာ လုပ်ကြံခံရပြီး သေဆုံးသွားပါတယ်။ ကင်ဂျုံနမ်ဟာ နိုင်ငံကူးလက်မှတ်ပေါ်မှာ နာမည်တုတခုနဲ့ အသုံးပြုထားခဲ့တာဖြစ်ပြီး လေဆိပ်ထဲမှာ မကာအိုကိုထွက်ခွာမယ့် လေယာဉ်နဲ့လိုက်ပါဖို့ စောင့်ဆိုင်းနေချိန် တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဘယ်လိုတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။ ကင်ဂျုံနမ်ကို အမျိုးသမီးတဦးက နောက်ကနေ ဖမ်းချုပ်လိုက်ပြီး မျက်နှာကို အရည်တခုခုဆွတ်ထားတဲ့ အဝတ်တခုနဲ့အုပ်ပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မလေးရှားရဲ ပြောရေးဆိုခွင့်ရသူ ဖက်ဒ်ဇီ အာမက်ဒ်က မလေးရှားစတား သတင်းစာကို ပြောခဲ့ပါတယ်။ ဘာနားမားသတင်းစာမှာတော့ အဝတ်မှာ စပရေးတခုခုဖျန်းထားတာ ဒါမှမဟုတ် အပ်ကို အသုံးပြုထားတာ ဖြစ်နိုင်တယ်လို့ ဖော်ပြထားတာပါ။ တိုက်ခိုက်ခံခဲ့ရပြီးနောက်မှာ သူ့ရဲ့ မျက်လုံးတွေ လောင်ကျွမ်းသွားခဲ့တာဖြစ်ပြီး နီးစပ်ရာ ပူထရာဂျာရာဆေးရုံဆီ ပို့ဆောင်ခဲ့ချိန် လမ်းမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သူသေဆုံးရတဲ့ သတင်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ထိ သတင်းတွေမှာ ဖော်ပြခြင်းမရှိခဲ့ဘဲ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကာ သတင်းတိတိကျကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ တောင်ကိုရီးယားအခြေစိုက် ချိုဆန်းရုပ်သံသတင်းဌာနကတော့ ကင်ဟာ မလေးရှားလေဆိပ်တွင်းမှာ အမည်မသိ အမျိုးသမီး ၂ ဦးက အဆိပ်အပ်သုံး တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးသွားခဲ့တယ်လို့  ထုတ်လွှင့်သွားခဲ့ပြီး ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ မြောက်ကိုရီးယားကို မလေးရှားရဲတွေက သံသယရှိနေတယ်လို့ ဖော်ပြခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up