သမ္မတ လာဘ်စားမှုနှင့်ပတ်သက်ပြီး ဆမ်ဆောင်းအကြီးကဲကို ၁၅ နာရီကြာ စစ်ဆေး

ဓာတ်ပုံ - အေအက်ဖ်ပီ
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးရဲ့ လာဘ်စားမှုနဲ့ပတ်သက်ပြီး ဆမ်ဆောင်းကုမ္ပဏီအုပ်စု အကြီးအကဲ မစ္စတာ ဂျေးလီကို အထူးအမှုစွဲရှေ့နေချုပ်ရုံးက ဖေဖော်ဝါရီ ၁၃ ရက်နေ့က ၁၅ နာရီကျော်ကြာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ မစ္စတာလီဟာ ၂၀၁၅ ခုနှစ်က ဆမ်ဆောင်းကုမ္ပဏီနှစ်ခု လုပ်ပိုင်ခွင့်ရရှိရေးအတွက်  သမ္မတ ပတ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ ချိုအီစွန်းစီနဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကိုရီးယားဝမ်ငွေ ၄၃ ဘီလျံ လာဘ်ထိုးခဲ့ကြောင်း သမ္မတပတ်ရဲ့ အတိုက်အခံတွေက စွပ်စွဲပါတယ်။ မစ္စတာလီ၊ သမ္မတ ပတ်နဲ့ ချိုအီစွန်းစီတို့ ၃ ဦးစလုံးကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ ဒါပေမယ့် မစ္စတာလီဟာ ရှည်လျားတဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က စစ်ဆေးမှုအပြီးမှာ သတင်းထောက်တွေရဲ့အမေးကို တစုံတရာ ပြန်လည်ဖြေကြားတာမျိုး မလုပ်ခဲ့ပါဘူး။ မစ္စတာလီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ ပထမအကြိမ် ခေါ်ယူစစ်ဆေးခံရပြီး အဲ့ဒီအချိန်က နာရီပေါင်း ၂၂ နာရီကျော် ကြာမြင့်ခဲ့ပါတယ်။ အဲဒီ့နောက် မစ္စတာလီကို တရားဝင်ဖမ်းမိန့်ထုတ်ပေးဖို့ ရှေ့နေချုပ်ရုံးက တင်ပြခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပြီး အခု ဒုတိယအကြိမ် ခေါ်ယူစစ်ဆေးတာ ဖြစ်ပါတယ်။ အမှုစွဲရှေ့နေချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်ကတော့ မစ္စတာလီအပြင် နောက်ထပ် ဆမ်ဆောင်းကုမ္ပဏီအရာရှိ ၄ ဦးကို ခေါ်ယူမေးမြန်းဖို့ရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ သမ္မတ ပတ်က လာဘ်စားမှုနဲ့ စွဲချက်တင်မတင် အပြီးသတ်ဆုံးဖြတ်ချက်ချရေးဟာ ဆမ်ဆောင်းကုမ္ပဏီနဲ့ ငွေရေးကြေးရေးပတ်သက်မှု ရှိခဲ့ မရှိခဲ့ ဆိုတဲ့အချက်အပေါ် အများကြီးမူတည်နေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြောင်း ဒီကနေ့ ဆိုးလ်မြို့ကပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up