DVB Logo
Home
မြန်မာသတင်း
အိမ်ပြန်ပို့စရိတ် လျှော့ချရေး ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆို
DVB
·
December 19, 2011
အိမ်ပြန်ပို့စရိတ် လျှော့ချရေး ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆို
Donate to DVB

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း​ အလုပ်သမားတွေဆီက အိမ်ပြန်ပို့စရိတ်​ ​ကောက်ခံမယ့်ကိစ္စကို လျှော့ချပေးဖို့ မဟာချိုင်ဒေသမှာ​ ရှိတဲ့ မြန်မာအလုပ်သမားတွေက ထိုင်း​ အလုပ်သမားဦးစီးဌာနကို တောင်းဆိုခဲ့ပါတယ်။

[caption id="attachment_18953" align="alignleft" width="300" caption="ထိုင်းအလုပ်သမားရေးရာ တာဝန်ရှိသူနှင့်​ မြန်မာ​ အလုပ်သမားများ ဆွေးနွေးနေစဉ်"][/caption]

ထိုင်းနိုင်ငံမှာ အလုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ခွင့် သက်တမ်းစေ့လို့​ ​နေရင်းတိုင်းပြ​ ည်ပြန်တဲ့ခါ အိမ်ပြန်ပို့စရိတ် တဦးကို ဘတ် ၂၄၀၀ ပေးသွင်းရမှာ ဖြစ်တယ်။

ဒီငွေပမာဏဟာ အဆမတန် များနေတဲ့အတွက် ဘတ် ၁၅၀၀ အထိ လျှော့ချပေးဖို့ ​တောင်းဆိုခဲ့ကြတာလို့ ရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

“အလုပ်ကြမ်းများကို လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားများဟာ လစာလည်း အင်မတန် နည်းပါတယ်။ ပိုလျှံတဲ့ ၀င်ငွေဆိုတာ မရှိဘဲ ပုံမှန်နေလို့ရရုံပဲ ရှိတယ်။ ဒါကြောင့် လုံးဝမဖြတ်သင့်ပါဘူး ဆိုတဲ့အကြောင်းကို ကျနော်တို့ ကန့်ကွက်လိုက်တယ်။ ​နောက် မြန်မာနိုင်ငံသားများ နေရပ်ရင်း​ ​ပြန်မယ်ဆိုရင်၊ နယ်စပ်အထိ သွားမယ်ဆိုရင် ယာယီနိုင်ငံကူး လက်မှတ်တွေ ရှိတဲ့အတွက် ကားခတွေလည်း ၄၀၀ ၀န်းကျင်လောက်ဆို သွားလို့ရတယ်။ အဲဒီလိုနည်းနဲ့ သွားလို့ရတာကို သုံးနှစ် ၂၄၀၀ ဆိုတာ လုံးဝ​ လက်မခံနိုင်ကြောင်း ချေပလိုက်တယ်။”

မဟာချိုင်က အလုပ်သမားပေါင်း ၂၀၀ ကျော်ရဲ့ တောင်းဆိုချက်ကို တာဝန်ရှိသူတွေဘက်က ညှိနှိုင်းပြီးရင် လာမယ့် ဇန်န၀ါရီလထဲမှာ ကြေညာချက် ထုတ်ပေးမယ်လို့ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တခြားအလုပ်သမား အခွင့်အရေး​ ကိစ္စတွေလည်း ကြည့်ရှုပေးဖို့နဲ့ ခေါင်းပုံဖြတ်မှုတွေ ပပျောက်ဖို့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်​ ​ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့အခါ ထည့်သွင်း ဆွေးနွေးပေးဖို့တွက်လည်း  စာပို့ခဲ့တယ်လို့ ဦးအောင်ကျော်က ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံရောက် အလုပ်သမားတွေဆီက အိမ်ပြန်ပို့ငွေ ကောက်ခံရေး ကိစ္စဟာ ၂၀၀၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံခြားသား အလုပ်သမား ဥပဒေထဲမှာ ပါရှိခဲ့တာ ဖြစ်ပြီး အလုပ်သမားတွေဘက်က မတတ်နိုင်ကြောင်း တောင်းဆို ဆန္ဒပြမှုတွေ ရှိခဲ့တဲ့အတွက် တာဝန်ရှိသူတွေက ခေတ္တဆိုင်းငံ့ထားခဲ့ပါတယ်။

ဒါပေမယ့် လာမယ့်နှစ် မတ်လကစပြီး  ငွေပြန်ကောက်မယ်လို့ ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနက ညွှန်ကြားရေးမှူး Mr. Somchai Arkkaratumkoon က ပြောတဲ့အတွက်  ခုလို ပြန်တောင်းဆိုကြပါ။

အလားတူ ချင်းမိုင်က အလုပ်သမားတွေကလည်း အိမ်ပြန်စရိတ်ကောက်ခံရေး ပြဋ္ဌာန်းချက်ကို လုံးဝရုပ်သိမ်းပေးဖို့ အလုပ်သမားတင်မက မိသားစုဝင်ပါ လုံလောက်နိုင်မယ့် လစာတိုးမြှင့်ပေးရေး၊ အနိမ့်ဆုံး လုပ်အားခ တနေ့ဘတ် ၃၀၀ ထိုင်းနိုင်ငံသားများနဲ့ တန်းတူရရှိရေးကို ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားမှာ တောင်းဆိုခဲ့ကြပါတယ်။ မဲဆောက်မြို့မှာလည်း အလုပ်သမား အခွင့်အရေး ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အိမ်ပြန်စရိတ် ရန်ပုံငွေ သတ်မှတ်ကောက်ခံရာမှာ လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေအရ  မြန်မာနဲ့ လာအို ရွှေ့ပြောင်း အလုပ်သမားတွေအတွက် တဦးကို ဘတ်ငွေ ၂၄၀၀ နှုန်း၊ က​မ္ဘောဒီးယား အလုပ်သမားတွေ အတွက် တဦးကို ဘတ်ငွေ ၂၁၀၀ နှုန်း အသီးသီး ကောက်ခံသွားမယ်လို့ သိရပါတယ်။

အလုပ်သမားတွေအနေနဲ့ ၂၀၁၂ မတ်လမှ စပြီး တလကို ဘတ် ၄၀၀ နှုန်းနဲ့ ၆ လခွဲပြီး အစိုးရကို ပေးသွင်းရမှာ ဖြစ်ပြီး နေရပ်ပြန်တဲ့အခါ ဘတ် ၂၄၀၀ အပြည့်အ၀ကို အစိုးရမှ ပြန်ထုတ်ပေးမှာ ဖြစ်ပါတယ်။

အလုပ်သမားတွေ  နေရင်းအရပ် ပြန်မယ်ဆိုရင် အဲဒီငွေကို ပြန်ထုတ်ဖို့ ကိုယ်အလုပ်လုပ်တဲ့ စက်ရုံအလုပ်ရုံ ပိုင်ရှင်တွေကနေတဆင့်  အနည်းဆုံး ၁၅ ရက် ကြိုတင် အကြောင်းကြားရမှာဖြစ်ပြီး သက်ဆိုင်ရာ နယ်စပ်အသီးသီးမှာရှိတဲ့  ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနတွေမှာ ထုတ်ယူရမယ်လို့ အလုပ်သမားရုံးက ကြေညာထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ​ ​မြန်မာနိုင်ငံက အလုပ်သမားပေါင်း ၂ သန်းကျော် ရှိတယ်လို့ အလုပ်သမားအရေးနဲ့ ပတ်သက်တဲ့ အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013