Home
မြန်မာသတင်း
ကလေးသူငယ်အခွင့်အရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တိုက်တွန်း
DVB
·
February 13, 2017
သက်ငယ်မုဒိမ်းမှုပပျောက်ရေးအပါအဝင် ကလေးသူငယ်အခွင့်အရေးတွေအတွက် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ဒီနေ့ မုံရွာမှာကျင်းပတဲ့ကလေးများနေ့ အခမ်းအနားမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခမ်းမမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းက ကလေးများနေ့အခမ်းအနားမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က သက်ငယ်မုဒိမ်းအပါအဝင် ကလေးသူငယ် အခွင့်အရေးတွေအတွက် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ပြောကြားခဲ့တာပါ။ “အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ကို မြန်မာနိုင်ငံ ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့ပြီး အနာဂတ်ခေါင်းဆောင်ဖြစ်မယ့်ကလေးငယ်များ ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ နိုင်ငံအပေါ် ချစ်မြတ်နိုးစိတ်၊ အနစ်နာခံစိတ်၊ အမျှော်အမြင်ကြီးမှုနှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန် ကိန်းအောင်းစေရေးအတွက် ဗိုလ်ချုပ်မွေးနေ့နှင့် ကလေးများနေ့ကို ပေါင်းစပ်ကျင်းပတာဖြစ်တယ်”လို့ ဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။ ဒါ့အပြင် ကလေးသူငယ်အခွင့်အရေး ၄ရပ်ဖြစ်တဲ့ အသက်ရှင်သန်ပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်ခွင့်တို့ရရှိရန် ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုပြီး စက်ဆုတ်ရွံ ရှာဖွယ်ကောင်းတဲ့ သက်ငယ်မုဒိမ်းလိုကိစ္စမျိုးအပါအဝင် ကလေးသူငယ်အကြမ်းဖက်ခြင်း၊ လစ်လျုရှုခြင်း၊ ခေါင်းပံဖြတ်ခြင်းတွေကို ဝိုင်းဝန်းကာကွယ်တားဆီးကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကစပြီး နာဂဒေသက ၂ နှစ်အောက် ကလေးငယ်တွေနှင့် ကိုယ်ဝန်ဆောင် မိခင်တွေကို အစိုးရအစီအစဉ်နဲ့ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါတယ်။ သတင်း - အောင်ကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024