ပြည်သူ့လွှတ်တော်ရေးရာကော်မတီ မီဒီယာသမားများနှင့် တွေ့ဆုံမည်
DVB
·
December 16, 2011
ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ရန်ကုန်က မီဒီယာသမားတွေကို ဒီဇင်ဘာ ၂၃ ရက်နေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
တတိယအကြိမ် လွှတ်တော်မှာ မီဒီယာ ဥပဒေကို တင်တဲ့အခါ ပြင်ဆင်ဖို့နဲ့ အကြံပေးနိုင်ဖို့ ရန်ကုန်က မီဒီယာသမားတွေနဲ့ တွေ့ဆုံရတာဖြစ်တယ်လို့ အဲဒီကော်မတီအဖွဲ့ဝင် ရှမ်းပြည်နယ် သီပေါမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။
“လွှတ်တော်မပြီးခင်တုန်းက ကျနော်တို့ ကော်မတီမှာ အစည်းအဝေးတခု လုပ်တယ်။ အဲဒီမှာ တတိယအကြိမ် အစည်းအဝေး ပြန်လုပ်ရင် မီဒီယာက မီဒီယာဥပဒေ တင်လာဖို့ ရှိတယ်လို့ကြားရတယ်။ သူတို့ပြီးပြီလား၊ မပြီးသေးဘူးလားတော့ မသိဘူး။ ဒါပေမယ့် တတိယအကြိမ်မှာတော့ တင်လိမ့်မယ်။ တင်လို့ရှိရင် ကျနော်တို့ ကော်မတီက အဲဒါကို ဦးစီးပြီးတော့ ပြင်ဖို့၊ အကြံပေးဖို့တို့ လုပ်ရမှာဆိုတော့ မီဒီယာသမားတွေ အနေနဲ့ ဘယ်လိုဖြစ်စေချင်တယ်၊ ဘာတွေအဆင်မပြေတာတွေ ရှိလဲ ဆိုတာကို ကြိုသိထားရင်ကောင်းတယ် ဆိုပြီးတော့ ဆွေးနွေးတာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့နဲ့ တတိယအကြိမ် ဆွေးနွေးပွဲ မတိုင်ခင်မှာ တွေ့ဆုံရအောင် ကျနော်တို့က စဉ်းစားထားတယ်။ အဲဒါကို ဥက္ကဋ္ဌ သူရဦးဝင်းမြင့်က ပိတ်တဲ့ရက်မှာ စီစဉ်လိုက်မယ်ဆိုပြီးတော့ အခု ချိန်းပြီးတော့ သူတို့စီစဉ်တာထင်တယ်။”
အရင်တကြိမ်တုန်းက နေပြည်တော်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး မီဒီယာသမားတွေနဲ့ စုံစုံလင်လင် မတွေ့ရတဲ့အတွက် အခုတကြိမ် ရန်ကုန်မှာ ကျင်းပရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မီဒီယာသမားတွေနဲ့ တွေ့ဆုံတာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး ဘာတွေ ဆွေးနွေးခွင့်ရမလဲ ဆိုတာကို စောင့်ကြည့်ရဦးမယ်လို့ မြန်မာသမာဓိ စီးပွားရေးဂျာနယ် အယ်ဒီတာချုပ် ကိုသက်ဇင်က ပြောပါတယ်။
“တကယ်တမ်း ဆွေးနွေးတဲ့ အခါမှာ ဘယ်သူတွေကို ဖိတ်ကြားမလဲဆိုတာ နည်းနည်း စဉ်းစားရမယ့် အပိုင်းဖြစ်တယ်။ တဖက်က ဖိတ်ကြားတဲ့လူဘက်ကလည်း စဉ်းစားမှာပဲ။ ဖိတ်ကြားခံရမယ့် သူတွေဘက်ကလည်း ငါတို့တော့ ဖိတ်ကြားခံရပါ့မလား၊ အဲ့လိုပြဿနာရှိတယ်။ ဘာကြောင့်လဲဆိုတော့ မီဒီယာ ဥပဒေဆိုတာ မီဒီယာလောကသား အားလုံးနဲ့ ပတ်သက်နေတဲ့တော့ စာပေစာနယ်ဇင်း အဖွဲ့ဝင်တွေပဲ ဖိတ်မှာလား၊ ဒါမှမဟုတ် ဒီမှာရှိနေတဲ့ မီဒီယာလောကသားတွေ အကုန်လုံးပေါ့လေ။ အယ်ဒီတာချုပ်တွေ၊ ဂျာနယ်ထုတ်ဝေတဲ့သူတွေ၊ စာပေလောကသားတွေ အတွက်ကြည့်ရင်လည်း အယ်ဒီတာချုပ်တွေကြီးပဲ ဖိတ်မှာလား။ စီအီးအိုကြီးပဲ ဖိတ်မလား။ ဒါမှမဟုတ်ရင် အယ်ဒီတာတွေ အကုန်ပါမလား။ သတင်းထောက်တွေရော ပါခွင့်ရမလား။ ဘယ်လောက်အချိုးအစားနဲ့ ပါဝင်ခွင့်ရမလဲ။
“ဒါပေမယ့် အဲ့ဒါ ကြားတာနဲ့ ပတ်သက်ပြီး အခုချိန်ထိ ကျနော်တို့ကိုယ်တိုင် ဖိတ်ကြားမခံရသေးဘူး။ ကျနော်တို့ တိုက်ကိုလည်း ဖိတ်ကြားစာ မလာသေးဘူး။ ကျနော်တို့အနေနဲ့ ဒီကိစ္စကို ဘာမှကြိုပြောလို့ မရသေးဘူး။ ၂၃ ရက်နေ့ မတိုင်ခင်ထိ စောင့်ကြည့်ရမယ်။ အဲဒီမှာမှ ကျနော်တို့က ဖိတ်ကြားခံရလား။ အဲဒီပွဲကို ရောက်သွားရင် ဘယ်သူတွေ တက်ရောက် ဆွေးနွေးခွင့် ရှိသလဲ ဆိုတာကို မူတည်ပြီးတော့မှ ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်တယ် ဆိုတာကို မှတ်ချက်ပေးလို့ရမှာပေါ့။”