Home
မြန်မာသတင်း
ချောင်းဦးမြို့ ဗိုလ်ချုပ်ကြေးရုပ်တုဖွင့်ပွဲ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
DVB
·
February 13, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ ဆင်ဖြူရှင်တံတားလမ်းဆုံမှာ ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်အောင်ဆန်း ၁၀၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ် ဗိုလ်ချုပ်ပန်းခြံနှင့် ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တက်ရောက်ဖွင့်လှစ်ပေး ခဲ့ပါတယ်။ ကြေးရုပ်တုကို ကြေးပိဿာချိန် ၃၂၅ ပိဿာနဲ့ ပြည်သူတွေရဲ့ စုပေါင်းထည့်ဝင်ငွေ ကျပ်သိန်း ၂၅၀ ကုန်ကျခဲ့တဲ့ ကြေးရုပ်တုဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေါက်တာ မြင့်နိုင်နဲ့ ဝန်ကြီးများ လာရောက်ဖွင့်လှစ်ပေးခဲ့တာပါ။ ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူနိုင်ရေးအတွက် ၂၀၁၅ ခုနှစ်ကတည်းက နှစ် ၁၀၀ ပြည့်မွေးနေ့အမီ ပြုလုပ်နိုင်ခဲ့ပေမယ့် မြေနေရာအခက်အခဲကြောင့် ၁၀၂ နှစ်ပြည့်မှ ဖွင့်ပွဲပြုလုပ်နိုင်ခြင်းဖြစ်တယ်လို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ၊ မြေနေရာချထားရေးအဖွဲ့မှ ဒီဇိုင်နာ ဦးကျော်မင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ ကြေးရုပ်တုဖွင့်ပွဲမှာ ကြွရောက်လာသူတွေကို ထမင်းစတုဒိသာများ မြို့ခံတေးဂီတနဲ့ဖျော်ဖြေခဲ့ပြီး ဂီတပညာရှင် မြို့မငြိမ်းရဲ့ မြစ်ဖြစ်သူ ၄ တန်းကျောင်းသားလေး မောင်မိုးမြင့်အာကာကလည်း သွေးသစ္စာသီချင်းနဲ့ တကိုယ်တော် ဖျော်ဖြေမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ “ချောင်းဦးမြို့နယ်ကနေ အာဇာနည်သူရဲကောင်းတွေ ပေါ်ထွက်ခဲ့ဖူးတယ်။ ဆရာတော် ဦးဝိစာရဆို အနိမ့်၊ ခုတော့ သုံးပန်လှပေါ့။ အဲဒီရွာသား၊ အိုးဝေ ဦးညိုမြက အမြင့်ရွာသား။ အဲလို သူရဲကောင်းတွေ ပေါ်ထွက်ခဲ့ဖူးတယ်။ ချောင်းဦးနယ်သားဖြစ်ရတာ ဂုဏ်ယူတယ်”လို့ ဦးကျော်မင်းအောင်က ဆိုပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်နဲ့အတူ ဗိုလ်ချုပ်စိတ်ဓာတ်တွေ များများမွေးမြူကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။ သတင်း - အောင်ကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024