အမေရိကန်ရှေ့နေချုပ်အဖြစ် ဒေါ်နယ်ထရမ့် အဆိုပြုခဲ့သူကို မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်အတည်ပြု

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ရှေ့နေချုပ်အဖြစ် သမ္မတ ဒေါ်နယ်ထရမ့် အဆိုပြုခဲ့တဲ့ အယ်လာဘားမားပြည်နယ် လွှတ်တော်အမတ် ဂျက်ဖ် ဆက်ရှင်စ် (Jeff Sessions) ကို ဖေဖော်ဝါရီ ၈ ရက်နေ့က လွှတ်တော်မှာ အချေအတင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ကြပါတယ်။ ရီပတ်ဘလစ်ကန်ပါတီ လွှတ်တော်အမတ် ဂျက်ဖ် ဆက်ရှင်စ်ကို အတိုက်အခံ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေက အကြိတ်အနယ် ကန့်ကွက်ခဲ့ကြပြီး ၅၂ မဲ - ၄၇ မဲနဲ့ အတည်ပြုဖြစ်ခဲ့တာပါ။ ဂျက်ဖ် ဆက်ရှင်စ်ဟာ အမေရိကန် လူမှုအခွင့်အရေးနဲ့ ပတ်သက်လာရင် နာမည်ပျက်ရှိခဲ့တယ်လို့ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေက ကန့်ကွက်နေခဲ့ကြပြီး တချိန်က သူ လူမျိုးရေးခွဲခြားမှုရှိခဲ့တဲ့ကိစ္စကို ထောက်ပြအဆိုတင်ခဲ့တဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ်  အဲလိဇဘက်သ် ဝါရန် (Elizabeth Warren) ကိုလည်း လွှတ်တော်က ပိတ်ပင်ခဲ့ပါတယ်။ သူ့ကို သမ္မတသစ် ဒေါ်နယ်ထရမ့်က အမေရိကန်အစိုးရ ရှေ့နေချုပ်အဖြစ် အဆိုပြုခဲ့တာဟာလည်း အပြင်းအထန် အငြင်းပွားစရာတခု ဖြစ်ပါတယ်။ ဂျက်ဖ် ဆက်ရှင်စ်ကို ရှေ့နေချုပ်အဖြစ် အတည်ပြုနိုင်ရး အမေရိကန်ပါတီကြီး ၂ ခုကြား သိသိသာသာ ကွဲပြားခဲ့ကြပြီး အနောက်ဗာဂျီးနီးယားပြည်နယ် ဒီမိုကရက်တစ် လွှတ်တော်အမတ်တဦးတည်းကပဲ အတိုက်အခံအမတ်အဖြစ်နဲ့ ဂျက်ဖ် ဆက်ရှင်စ်ကို ထောက်ခံပေးခဲ့တာပါ။ သူ့ကို မဲအရေအတွက်အသာနဲ့ အတည်ပြုနိုင်ခဲ့အပြီး ရီပတ်ဘလစ်ကန်အမတ်တွေက ထောက်ခံကြိုဆိုခဲ့ကြပါတယ်။ ရှေ့နေချုပ်သစ် ဂျက်ဖ် ဆက်ရှင်စ်ဟာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အသက်တူ၊ အရွယ်တူ အသက် ၇၀ အရွယ်ဖြစ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ကို အရင်ကတည်းက ထောက်ခံခဲ့သူ ဖြစ်ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အငြင်းပွားစရာ အမေရိကန် ပြည်ဝင်ခွင့်မူဝါဒတွေဟာ ဂျက်ဖ် ဆက်ရှင်စ်ရဲ့ နောက်ကွယ်က တွန်းအားပေးမှုတွေ အဓိကပါတယ်ဆိုပြီးတော့လည်း အမေရိကန်ပြည်သူအများက ယုံကြည်နေကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up