ရာသီဥတုပြောင်းလဲခြင်း ကုလညီလာခံမှာ ဂိမ်းကစားသလို ပြောဆိုဆွေးနွေးခဲ့ကြဟုဆို
ရွှေအောင်
·
December 15, 2011
ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညီလာခံ တက်ရောက်ခဲ့ကြတဲ့ နိုင်ငံတော်တော်များများက ကိုယ်စားလှယ်တွေဟာ ညီလာခံမှာ ဂိမ်းကစားသလို ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
[caption id="attachment_16891" align="alignright" width="300" caption="ဦးထွန်းလွင်"][/caption]
တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့မှာ ကျင်းပခဲ့တဲ့ ရာသီဥတုညီလာခံကို တက်ရောက်ခဲ့သူ မြန်မာမိုးလေဝသပညာရှင် ဦးထွန်းလွင်က ခုလို ပြောဆိုလိုက်တာပါ။
ကာဗွန်လျှော့ချထုတ်လွှတ်ရေးအတွက် ရန်ပုံငွေထည့်ဝင်ကြဖို့ ဆွေးနွေးကြတဲ့နေရာမှာ ဂိမ်းကစားသလို လုပ်နေတာလို့ ဦးထွန်းလွင်က ဥပမာပေး ပြောဆိုလိုက်တာပါ။
“ဓာတ်ငွေ့တွေ ဘယ်လိုလျှော့မယ်၊ ဥပမာ သင့်လျော်တဲ့ ငွေကြေးထောက်ပံ့မှု လုပ်မယ်။ အဲဒီ fund (ငွေကြေးထောက်ပံ့မှု) ကို ဘယ်လောက်ထည့်မယ် ပြောလိုက်တာ အကုန်လုံး ယေဘုယျတွေပဲ။ ဒါပေမယ့် ဘယ်သူက ဘယ်လောက်ထည့်မယ် မထည့်ရင် ဘာဖြစ်မယ် အဓိက legal (တရားဝင်) မပါဘူး။ နောက်ပြီးတော့ တိတိကျကျနဲ့ ဥပမာအားဖြင့် ဒေါ်လာ ၁၀၀ မှာ ဆိုကြပါစို့။ ‘အေ’ နိုင်ငံက ၅၀ ထည့်မယ်၊ ‘ဘီ’ နိုင်ငံက ၂၀၊ ဒီလို အတိအကျ မရှိဘူးဗျ။ အဲဒါက ကျန်တဲ့လူတွေအတွက် ဒုက္ခရောက်တာပေါ့။ ဂိမ်းကစားသလို့ပဲ လှည့်ပတ်ပြီးတော့ ပြောဆိုလုပ်နေတဲ့ သဘောပဲဗျ။”
ဒါပေမယ့်လည်း ညီလာခံနောက်ဆုံးနေ့မှာတော့ ကာဗွန်လျှော့ချထုတ်လုပ်ရေး ကျိုတိုသဘောတူစာချုပ် နောက်ထပ်သက်တမ်း ငါးနှစ်တိုးဖို့ သဘောတူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
စက်မှုဖွံ့ဖြိုးပြီး တိုင်းပြည်တွေအနေနဲ့ ကမ္ဘာကြီးပူနွေးစေပြီး ရာသီဥတုတွေ ပြောင်းလဲစေတဲ့ ကာဗွန်ဓာတ်ငွေ့ လျှော့ချထုတ်လုပ်ရေးအတွက် ၁၉၉၂ ခုနှစ်က ဂျပန်နိုင်ငံ ကျိုတိုမြို့မှာ သဘောတူ လက်မှတ်ထိုးခဲ့ကြပြီး အဲ့ဒီကျိုတို သဘောတူညီချက်ဟာ လာမယ့် ၂၀၁၂ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
အခု ဒါဘန်မှာ ကျင်းပခဲ့တဲ့ညီလာခံမှာ ကာဗွန်ထုတ်လုပ်မှု လျှော့ချရေးနဲ့ ပတ်သက်ပြီး၊ တရုတ်ကိုယ်စားလှယ်က အတက်ကြွဆုံး ဆွေးနွေးသွားခဲ့လို့ ညီလာခံတက်ရောက်ခဲ့တဲ့ ကျန်နိုင်ငံတွေ အံ့ဩတကြီးဖြစ်ခဲ့ကြရတယ်လို့လည်း ဦးထွန်းလွင်က ပြောပါတယ်။ တရုတ်နိုင်ငံဟာ ကာဗွန်ထုတ်လွှတ်မှု ထိပ်တန်းနိုင်ငံ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်မှာ ကျင်းပပြီးစီးခဲ့ပြီး နှစ်ပတ်ကြာကျင်းပခဲ့တဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလညီလာခံကို နိုင်ငံပေါင်း ၁၉၄ နိုင်ငံက အဆင့်မြင့်နဲ့ အထက်တန်းအဆင့်အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။