DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေး တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
DVB
·
February 9, 2017
ရခိုင်အရေး တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
Donate to DVB

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက်မှု ရှိ မရှိ စစ်ဆေးဖို့ တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းလိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးအေးဝင်း ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၅ ဦးပါ တပ်မတော်စုံစမ်းရေးအဖွဲ့ဟာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာ အပေါ် စုံစမ်းစစ်ဆေးဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ အစိုးရဘက်က စုံစမ်းစစ်ဆေးမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီးတဲ့နောက် တပ်မတော်ဘက်က အလားတူ ကြေညာ လိုက်တာလည်း ဖြစ်ပါတယ်။

ကြေညာချက်ထဲမှာ “လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုသည် လူ့ အခွင့်အရေး ချိုးဖောက်မှု အပါအဝင် ဥပဒေနှင့်မညီသော ဖြစ်စဉ်ဖြစ်ရပ်များ ရှိ၊ မရှိအား စစ်ဆေးနိုင်ရန် တပ်မတော်အနေဖြင့်လည်း အောက်ပါစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်” လို့ ဖော်ပြထားပါတယ်။

တပ်မတော်စစ်ဆေးရေး အရာရှိချုပ်ကိုယ်တိုင် ဦးဆောင်မယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ တွဲဘက် စစ်ရေးချုပ် ဗိုလ်မှူးချုပ် ခွန်သန့်ဇော်ထွန်း၊ အမှတ် ၉ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်ကျော်ဟိုး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယလက်ထောက် စစ်ဥပဒေချုပ် ဗိုလ်မှူးလှမျိုးကျော်နဲ့ စစ်ဥပေဒချုပ်ရုံးက လက်ထောက်စစ်ဥပဒေချုပ် ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းအောင် တို့ ပါဝင်ပြီး ဗိုလ်မှူးကြီး မျိုးဝင်းအောင်က အဖွဲ့အတွင်းရေးမှုးအဖြစ် တာဝန်ယူမှာ ဖြစ်ပါတယ်။

တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ ဘယ်နေ့ဘယ်ရက် ဘယ်သူ့ထံ အစီရင်ခံတင်ပြရမယ် ဆိုတာကိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ မထားပါဘူး။
ရခိုင်၊ မောင်တောအရေးကို အစိုးရဘက်က ဒုတိယသမ္မတဦးမြင့်ဆွေခေါင်းဆောင်တဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးနေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာလို့ အဖွဲ့သက်တမ်းကို ရက်အကန့်အသတ်မရှိ တိုးမြှင့်ပေးထားပြီး စုံစမ်းစစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013