Home
မြန်မာသတင်း
ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ဥပဒေကြမ်းကို ပြဋ္ဌာန်းရန်မသင့်ဟု ဥပဒေကြမ်းကော်မတီပြော
နေဖြိုးဝင်း
·
February 9, 2017
ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ဥပဒေကြမ်းကို ပြဋ္ဌာန်းရန်မသင့်ကြောင်း ဖေဖော်ဝါရီ ၉ ရက်နေ့  အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဥပဒေကြမ်းကော်မတီက ပြောကြားလိုက်ပါတယ်။ ဒီဥပဒေကြမ်းကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးကျော်မျိုးက တင်သွင်းခဲ့တာဖြစ်ပြီး ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက လေ့လာတွေ့ရှိချက် အစီရင်ခံစာ ဖတ်ကြားတာမှာ အခု ပြဋ္ဌာန်းဖို့ မသင့်ဘူးလို့ ပြောတာဖြစ်ပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ဟာ စီးပွားရေးဆန်ဆန် ရပ်တည်ဆောင်ရွက်နိုင်ခြင်း မရှိတာကို တွေ့ရသလို ဈေးကွက်စီးပွားရေးစနစ်နဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတော် ဘတ်ဂျက်ပြင်ပမှ ဆောင်ရွက်တဲ့ ပြင်ပအဖွဲ့အစည်းအဖြစ် ပြောင်းလဲဆောင်ရွက်မယ်ဆိုရင် ပြည်ထောင်စုရဲ့ ပြင်ဆင်ရန်ပုံငွေစနစ်ထူနိုင်ခြင်း မရှိသေးတဲ့အတွက် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းများစွာ ကြုံတွေ့ရနိုင်တယ်လို့လည်း ပြောပါတယ်။ “ဥပဒေပါအချက်အလက်တွေမှာ အစိုးရပိုင်အဖွဲ့အစည်းဆိုပြီး အခွင့်ထူးဆောင်ရွက်နိုင်တဲ့ ပြဋ္ဌာန်းချက်တွေပါတဲ့အတွက် ထိုသို့ဆောင်ရွက်နိုင်ဖို့ သင့်လျော်မှုမရှိကြောင်း လေ့လာတွေ့ရှိရ ပါတယ်” လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းလွင်က ဆိုပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့အောက်မှာ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းတွေ အနေနဲ့ အများပြည်သူပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးနှင့် မြန်မာ့အမျိုးသားလေကြောင်းတွေဟာ နိုင်ငံတော်ဘတ်ဂျက်ပြင်ပမှာ အထောက်အပံ့မယူဘဲ ရေရှည်ရပ်တည်ဖို့ ခက်ခဲလျက်ရှိကြောင်း လေ့လာတွေ့ရှိရတယ်လို့ ပြောပါတယ်။ “ဒါကြောင့် ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေကြမ်းကို အထက်ဖော်ပြပါ အကြောင်းပြချက်များ အရ ပြဋ္ဌာန်းဆောင်ရွက်ရန် မသင့်ကြောင်း လေ့လာတွေ့ရှိရပါတယ်” လို့ ဆိုပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေကြမ်းကို ၁၉၆၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ရုပ်သိမ်းခဲ့ပေမယ့် အခုအခါ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကနဲ့ ပူးပေါင်းပြီး ပြောင်းလဲဆောင်ရွက်နိုင်တဲ့ ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေ လိုအပ်လာတဲ့အတွက် အသစ်ရေးဆွဲရတာဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024