Home
Lead Story
Arm Body Language လက်ပိုက်ထားတာ ဘာအဓိပ္ပာယ်လဲ
DVB
·
February 8, 2017
  မြန်မာပြည်မှာ ဆရာ့ရှေ့ ကျောင်းသားတွေက လက်ပိုက်ထားရတဲ့ အလေ့အကျင့်ရှိတယ်။ လူကြီးရှေ့မှာ လက်အောက်ငယ်သားတွေက လက်ပိုက်ကြရတတ်တယ်။ လူကြီးတွေကလည်း လက်ပိုက်တာ ရှိတယ်။ အဲဒါတွေက စေခိုင်းတာနဲ့ အလေ့အထတွေ ဖြစ်တယ်။ စိတ်ပညာအရ လေ့လာမှုတွေလုပ်ထားတာ ရှိပါတယ်။ လူတယောက် လက်ပိုက်ထားတာ ဝံ့ကြွားတာလား၊ ရဲရင့်တာလား။ ကိုယ့်ကိုယ်ကိုယ် ဒိုင်းလို ကာကွယ်နေတာလည်း ဖြစ်နိုင်တယ်။ ဖုံးကွယ်စရာ ရှိလို့လည်း ဖြစ်နိုင်တယ်။ လက်ပိုက်ထားခြင်းဟာ စိုးရိမ်စိတ်နဲ့ သူများကို မယုံတာလည်း ဖြစ်တယ်။ အတွင်းမှာ အလိုမကျလာလည်း ပါနေနိုင်တယ်။ သက်သောင့်သက်သာ ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။ ယုံကြည်မှုအပြည့် ရှိနေတာလည်း ဖြစ်နိုင်တယ်။ အခြေအနေနဲ့ တခြား ကိုယ်အင်္ဂါတွေနဲ့ မျက်နှာအမူအရာတွေကိုပါ ထည့်စဉ်းစားရမယ်။ မိမိကိုယ်ကိုယ်အားပေးခြင်း လက်ပိုက်ထားပြီး လက်ဝါးတွေက လက်မောင်းကြွက်သားဖြစ်ဖြစ်၊ တံတောင်ဆစ်ဖြစ်ဖြစ် ဆုပ်ထားမယ်ဆိုရင် စိုးရိမ်စိတ်၊ ကြောက်စိတ်ရှိနေမယ်။ အနုတ်သဘော ဖြစ်တယ်။ လုံခြုံမှု နည်းနေချိန် ဖြစ်မယ်။ ကိုယ်ဝန်ဆောင်ဗိုက်ထဲမှာ ကလေးတွေက အဲလိုအနေအထားနဲ့ ရှိခဲ့တယ်။ လက်တဖက်တည်း ပိုက်ထားခြင်း (အမျိုးသား) မိမိကိုယ်မိမိ ယုံကြည်မှုနည်းနေချိန်မှာ လုပ်တယ်။ လူအများရှေ့ စကားပြောရချိန်မျိုး၊ နာရေး တခုခုမှာ၊ စိတ်တည်ငြိမ်မှု နည်းတဲ့အခါတွေမှာ လုပ်ကြတယ်။ (ကန်တော့ပါ) နာဇီအာဏာရှင် အဒေါ့ဖ်ဟစ်တလာမှာ ကျားအစိတဖက်သာရှိပြီး လက်တဖက်တည်း ပိုက်နေတာလည်း မကြာခဏ တွေ့ရတတ်တယ်။ လက်တဖက်တည်း ပိုက်ထားခြင်း (အမျိုးသမီး) ပိုက်ထားတဲ့လက်က နောက်တဖက်ရဲ့ လက်မောင်းကြွက်သားဖြစ်ဖြစ်၊ တံတောင်ဆစ် ဖြစ်ဖြစ်ကို ဆုပ်ကိုင်ထားမယ်။ သူ့ကိုယ်သူ ပွေ့ပိုက်နေသလို ဖြစ်တယ်။ ဒီအမူအရာကို အမျိုးသမီးတွေက ပိုလုပ်ကြတယ်။ မိဘတွေက ကလေးငယ်ကို ဖက်ထားသလို။ နာမည်ကြီးတွေ နိုင်ငံရေးသမားတွေ၊ ဆယ်လီဘရစ်တီတွေဟာ လူရှေ့မှာ ဟန်ကိုယ့်ဖို့ နေတတ်ကြရတယ်။ သူတို့ စိတ်လှုပ်ရှားနေတာကို မသိစေရဘူး။ လက်ကို ရင်ဘတ်ရှေ့မှာ ထားမယ်၊ ယောက်ျားတွေက လက်ပတ်နာရီကို ပြင်သလိုလို အမျိုးသမီးတွေက လက်ဝတ်လက်စားကို ပြင်သလိုလုပ်ကြတယ်။ အမျိုးသားတယောက်နဲ့ စားသောက်စားပွဲမှာ ထိုင်တဲ့အခါ အမျိုးသမီးဟာ သူ သောက်မယ့်ဖန်ခွက်နဲ့ ဆန့်ကျင်ဘက်မှာ ထားတယ်။ အဲဒါ လက်မောင်းတဖက်ကို ရင်ပတ်ရှေ့မှာ ပြုပြင်လို့ လွယ်တယ်။ အသွားနှစ်ဖက်ပါ လက်တွေကို စုံပိုက်ထားခြင်းဟာ သူကလည်းလာဖို့ မဟုတ်။ သူ့ဆီကိုလည်း သူများက လာမှာ မဟုတ်ပါ။ ဟောပြောပွဲတခုမှာ နားထောင်သူတွေက လက်ပိုက်ထားကြရင် ပြောနေတာကို သဘောမတူရာကျတယ်။ တရားခွင်မှာ တွေ့ရတတ်တယ်။ ဘော်ဒီလင်းဂွေ့ခ်ျ ခေါ် ကိုယ်ခန္ဓာက ပြောတဲ့စကားဟာ သူ့ပါးစပ်က ထွက်တာထက် ရိုးသားမှုရှိတယ်။ စိုးရိမ်မှု လက်အနေအထားဟာ မွေးရာပါ တုံ့ပြန်မှုအသိ ဖြစ်တယ်။ အသက် ၆ နှစ်အရွယ်လောက်မှာ ရန်ပြုမှုတခုရှိနေတယ်ထင်ရင် လက်ကို ရင်မှာ ပိုက်ထားကြတယ်။ ဆယ်ကျော်သက်အရွယ်မှာ လက်ပိုက်ထားတာက နည်းနည်းရှုပ်ထွေးလာပြီး အသက်ကြီးတော့ ပိုရှုပ်လာတယ်။ လက်ကို ရင်ဘတ်ရှေ့ထားတာကို မသိစိတ်နဲ့ပါ လုပ်တယ်။ မျောက်တွေနဲ့ ချင်ပန်ဇီတွေမှာလည်း ရှေ့ကရန်သူကို ရင်ဆိုင်ရတဲ့အခါ အဲဒီလိုအသိရှိကြတယ်။ လက်ကို တင်းတင်းပိုက်ထားပြီး လက်သီးလည်း ဆုပ်ထားမယ်ဆိုရင် ရန်လိုတဲ့သဘောနဲ့ ခုခံကာကွယ်မှုသဘော ဖြစ်တယ်။ ပါးစပ်ကိုပါ တင်းတင်းစေ့ထားမယ်ဆိုရင် ဘေးရန်တခုခုကို ရင်ဆိုင်ရတော့မယ်လို့ ထင်မှတ်နေသူ ဖြစ်တယ်။ လက်ကို ကျကျနနပိုက်ထားပြီး လက်သီးကို တင်းနေအောင် ဆုပ်တာကလည်း သွေးမလျှောက်အောင် ဖြူနေသူတွေကို သွားဆေးခန်းမှာ တွေ့ရတတ်တယ်။ နိုင်ငံတကာလေဆိပ်တွေမှာလည်း တွေ့ရတတ်တယ်။ အထက်နဲ့ အောက် လက်မထောင်တယ်ဆိုတာ အခြေအနေကို ထိန်းနိုင်သူ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူ ဖြစ်တယ်။ လက်ပိုက်ခြင်းနဲ့ ပြောင်းပြန်ဖြစ်တယ်။ ရုံးတခုမှာ ဝန်ထမ်းလုပ်သူက လက်ပိုက်ထားတတ်ပြီး အထက်အရာရှိက လက်မပိုက်မထားဘဲ နေတတ်တယ်။ လက်နက် တစုံတရာ ပါလာသူမျိုးက လက်မလည်း မထောင်၊ လက်လည်း ပိုက်မနေတတ်ပါ။ မက်ဆေ့ခ်ျ တချို့က လက်ပိုက်နေရတာ သက်သောင့်သက်သာရှိတဲ့ ပင်ကိုယ်စရိုက်လို့ ပြောကြတယ်။ လူတယောက် ရင်ဘတ်ကို ကာကွယ်နေချိန်ဟာ သူ့ရဲ့ပင်ကိုအရည်အသွေး ကျဆင်းနေချိန် ဖြစ်နိုင်တယ်။ ကိုယ်အမူအရာကနေပေးတဲ့ မက်ဆေ့ခ်ျဆိုတာ ပေးတာရော ယူတာပါဖြစ်တယ်။ ကိုယ်ကတော့ အပိုင်ဆိုပြီး လက်ပိုက်နေတာကို တဖက်သားက အလိုမကျဖြစ်တယ်။ ကျားနဲ့ မ လက်ပိုက်တာမှာ အမျိုးသမီးနဲ့ အမျိုးသား မတူကြပါ။ ယောက်ျားတွေက လက်ပိုက်တဲ့အခါ အတွင်းဘက်ကို နည်းနည်းလေး လှည့်ထားကြတယ်။ ပစ်ခတ်တဲ့အခါ ချိန်သားကိုက်ဖို့ အသုံးတည့်တယ်။ အမျိုးသမီးတွေက အပြင်ဘက်ကို လှည့်ကြတယ်။ ကလေးပွေ့ရတာ ပိုအဆင်ပြေစေတယ်။ အမျိုးသမီးတွေက လက်ပိုက်မထားခြင်းဟာ ဆန့်ကျင်ဖက်လိင်ကို ပိုပြီး ဆွဲဆောင်မှုရှိစေတယ်။ (ကန်တော့ပါ) လက်ပိုက်ရင်လည်း လက်ကို ရင်သားအောက်မှာ ထားကြတယ်။ ယုံကြည်မှုရှိခြင်း လက်ပိုက်ထားပြီး လက်မတွေ ထောင်ထားတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ မာနရှိတယ်။ အခြေအနေတရပ်ကို ထိန်းထားနိုင်သူဖြစ်မယ်။ သူ့ကိုသူကိုလည်း ကာကွယ်မှု ယူထားတယ်။ လက်ပိုက်ထားမယ်။ သူ့နှလုံးနေရာကို ကာကွယ်ထားတယ်။ အမျိုးသမီးဆိုရင် ရင်သားတွေကိုပါ ဖုံးကာထားတယ်။ စိတ်တည်ငြိမ်မှုနည်းနေတာကို အနိုင်ယူဖို့ ကြိုးစားနေတယ်။ မျောက်တွေလည်း အဲလိုအခြေအနေမှာ သည်အတိုင်း လက်ပိုက်တတ်ကြတယ်။ လူတွေက သူစိမ်းတွေနဲ့ ရှိနေချိန်မျိုးမှာ လုပ်ကြတယ်။ ကိုယ့်ကိုယ်ကို လက်ပိုက်ထားခြင်း လူတွေရှေ့မှာ လုပ်တာများတယ်။ အခြေအနေတခုမှာ နှစ်သိမ့်မှုရအောင်လုပ်တာ ဖြစ်မယ်။ ဟောပြောမှုတခုအစပိုင်းကို သက်သောင့်သက်သာ နားထောင်နေချိန် ဖြစ်နိုင်တယ်။ လက်ပိုက်ထားခြင်းကနေ ပြသနေတာတွေ အမျိုးမျိုးဖြစ်နိုင်တယ်။ စိုးရိမ်မှုနဲ့ အကြောက်ရှိခြင်း၊ စိတ်ပျက်လက်ပျက်ဖြစ်ခြင်း၊ ခွန်အား(ပါဝါ) ရှိတာကို ပြသခြင်း၊ စော်ကားသလို ပြုခြင်း၊ စိတ်ဖိအားရှိနေစဉ်မှာ သက်သာစေမယ်။ ကလန်ကဆန်လုပ်တာ မဟုတ်ပါ။ လုံခြုံမှုနည်းတာကို ပြခြင်းမျိုးကို အမျိုးသမီးတွေက ပိုလုပ်လေ့ရှိတယ်။ အမျိုးသားတွေထဲမှာ နမူနာကောင်းတွေ ရှိတယ်။ ၁၉၆ဝ အမေရိကန်သမ္မတလောင်းတွေ ဖြစ်ကြတဲ့ ကနေဒီနဲ့ နစ်ဆင်တို့ စကားစစ်ထိုးကြစဉ်က နစ်ဆင်က လက်ပိုက်ထားတယ်။ လုံခြုံမှုအရှိဆုံး ဘောလုံးသမားတွေ တဖက်အသင်းကနေ ဖရီးကစ်ရှူးတော့မယ်ဆိုရင် ဂိုးဧရိယာ အစပ်နားကနေ တန်းစီပြီး တံတိုင်းလို ကာထားကြတဲ့အခါ လက်တွေကို ကိုယ်ရှေ့ (ကန်တော့ပါ) ကိုယ့်လိင်အင်္ဂါရှေ့မှာ ကာထားကြတယ်။ အဲဒါဟာ လုံခြုံမှုအရှိဆုံး အနေအထားတခု ဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024