Home
မြန်မာသတင်း
ဧရာဝတီမြစ်တွင်း ရှင်ဥပဂုတ္တဖောင်တော် ပင့်ဆောင်ပူဇော်ပွဲနှင့် လှေလှော်ပြိုင်ပွဲပြုလုပ်
မင်းညို
·
February 7, 2017
ပဲခူးတိုင်း ပြည်မြို့၊ ဧရာဝတီမြစ်အတွင်း ရှင်ဥပဂုတ္တဖောင်တော် ပင့်ဆောင်ပူဇော်ပွဲ အထိမ်းအမှတ်အနေနဲ့ ရေလုပ်သားများက လှေလှော်ပြိုင်ပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို ပြည်မြို့၊ ဖိုးခေါင်ရပ်ကွက်အပိုင်၊ ဧရာဝတီမြစ်ထဲမှာ ပြုလုပ်ကြတာဖြစ်ပြီး၊ ဒေသခံ ပြိုင်ပွဲဝင်သူ ၈၄ ယောက် ပါဝင်ဆင်နွှဲခဲ့ကြတာဖြစ်ပြီး၊ ရှင်ဥပဂုတ္တရဟန္တာက ရေလုပ်သားတွေကို ကူညီစောင့်ရှောက်တယ်လို့ ယုံကြည်ချက်နဲ့ ကျင်းပပြုလုပ်ကြတာ ဖြစ်ပါတယ်။ “ကျနော်တို့ ရေလုပ်သားတွေက ဒီရဟန္တာဖောင်လှေလှော်ပွဲ ပြုလုပ်တာက မိုးလေ၀သဒဏ်ကိုလည်း ကာကွယ်ပြီးသားဖြစ်အောင် ဒီရှင်ဥပဂုတ္တဖောင်တော်ကို ပူဇော်ပသရခြင်း ဖြစ်တယ်။ နောက်ပြီး ကျွန်းခုံကြီးတွေ၊ သောင်ခုံကြီးတွေပေါ်လာစေဖို့၊ ရှိပြီးသား သောင်ခုံတွေကိုလည်း ကမ်းမပြိုအောင် ကာကွယ်ဖို့အတွက်၊ အဲဒီသောင်ခုံတွေမှာလည်း သီးနှံတွေ ဖြစ်ထွန်းစေဖို့အတွက် အခုလိုပူဇော်ပွဲတခုအနေနဲ့ လုပ်တာ"လို့ ဖိုးခေါင်ရပ်ကွက်မှ ဦးသန်းနိုင်က ပြောပါတယ်။ “အခုလိုပြိုင်ပွဲလုပ်တော့ လူငယ်တွေ စုပြီးသားဖြစ်ပြီး ဖောင်တော်ကိုဆွဲဖို့အတွက်လည်း လူစုပြီးသားဖြစ်သွားတယ်၊ လူငယ်တွေလည်း ပျော်ပွဲရွင်ပွဲတခု ဖြစ်သွားတာပေါ့"လို့ ပြိုင်ပွဲဝင် ကိုထွန်းမင်းနိုင်က ပြောပါတယ်။ ရှင်ဥပဂုတ္တဖောင်တော်ကို  ပြီးခဲ့တဲ့ ၀ါဆိုလဆန်း ၈ ရက်နေ့က ညောင်ဦးမြို့မှ စတင်ပူဇော်ကာ မြစ်အတွင်း မျှောလိုက်တာဖြစ်ပြီး မြစ်ကမ်းတလျှောက် ကျေးရွာတွေ၊ မြို့တွေက ပုံစံအမျိုးမျိုးနဲ့ ဖောင်တော်ကို ပူဇော်ကန်တော့ကြပြီး ရေဆက်လက်မျှောလိုက်ကြပါတယ်။ အခု ဖောင်တော်ဟာ ပြည်မြို့အထက်ပိုင်းကိုရောက်ရှိလာပြီး ဖိုးခေါင်ရပ်ကွက်သားများက မကွေးတိုင်း စစ်စရံကျေးရွာကနေတဆင့် သွားရောက်ပင့်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်ဆိပ်ကမ်းမှာ ၂၀ ရက်ခန့်ထားရှိ ပူဇော်ပြီး၊ ဧရာဝတီမြစ်ထဲကို ဆက်လက်မျှောသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၅ ရက်၊ ၆ ရက်၊ ၇ ရက် ကျင်းပမှာဖြစ်ပြီး အသင်း ၁၂ သင်း ၀င်ရောက်ယှဉ်ပြိုင်ကြပြီး လှေတစီးကို လူ ၆ ယောက်နဲ့ ပြိုင်ကြမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024