DVB Logo
Home
မြန်မာသတင်း
ထိုးစစ်ရပ်ပြီး နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် သူရဦးရွှေမန်းကို ဆန္ဒပြ
DVB
·
December 14, 2011
ထိုးစစ်ရပ်ပြီး နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် သူရဦးရွှေမန်းကို ဆန္ဒပြ
Donate to DVB

ကချင်ထိုးစစ်ရပ်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အိန္ဒိယနိုင်ငံ​ ​ရောက်နေတဲ့​ ​ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့​ အဖွဲ့ကို နယူးဒေလီအခြေစိုက်​ ​မြန်မာ့အရေး​ လှုပ်ရှားနေသူတွေက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

[caption id="attachment_18759" align="alignleft" width="310" caption="ဦးရွှေမန်း​"][/caption]

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဂျန်တားမန်တားပန်းခြံမှာ ဒီမနက် ၁၁ နာရီက တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာရယ်၊ ကချင်ဒေသကို ထိုးစစ်ဆင်တာ ရှိသေးတဲ့အတွက် ထိုးစစ်ရပ်ပြီး နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြတာလို့ (Burma Center New Delhi) ခေါင်းဆောင်​ ​ဒေါက်တာတင့်ဆွေက ပြောပါတယ်။

ဒါ့ပြင်  မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အိန္ဒိယနိုင်ငံ လွှတ်တော်မှာ အရေးတယူ ဆောင်ရွက်နေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကိစ္စကို အဓိကထား လေ့လာဖို့ စတဲ့ တိုက်တွန်း အကြံပြုလွှာကို ပေးပို့တယ်လို့ ပြောပါတယ်။

ဒေါက်တာတင့်ဆွေက         “မြန်မာပြည်က အခု အပြောင်းအလဲ တစုံတရာ ဖြစ်နေတာမှန်တယ်။ သို့သော်လည်း လုပ်စရာတွေ အများကြီးရှိသေးတယ်။ နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ကချင်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ကိစ္စတွေ ရှိနေတဲ့အတွက် လက်ရှိ အုပ်ချုပ်သူ အစိုးရအဖွဲ့ကို ကျနော်တို့ ယုံကြည်မှု အတိုင်းအတာ တစုံတရာသာ ရှိသေးတယ်။ ဦးရွှေမန်းတို့အဖွဲ့ကို အိန္ဒိယကို ဖိတ်ကြားသလိုမျိုး ဒီနေ့မြန်မာပြည် အပြောင်းအလဲမှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပါ အိန္ဒိယက ဖိတ်ကြားတာကို မြင်ချင်တယ်လို့ ကျနော်တို့ ထည့်ပါတယ်။

“အိန္ဒိယက ကမ္ဘာ့ဒီမိုကရေစီ အကြီးဆုံးနိုင်ငံ ဖြစ်ပြီးတော့ အိန္ဒိယ ပါလီမန် ဒီမိုကရေစီကလည်း တော်တော်လေး အမြစ်တွယ်နေတယ်။ ဒီအတွက် မြန်မာပြည်က ပွင့်သစ်စ ဒီမိုကရေစီ ပါလီမန်ကနေ လာလေ့လာတဲ့ အချက်ကတော့ ကောင်းတယ်။ ထောက်ခံပါတယ်။ နောက်တချက်က အိန္ဒိယ ဒီမိုကရေစီကို မြန်မာပြည်က တကယ် ကျကျနန လေ့လာသင့်တယ်။ ဥပမာ အိန္ဒိယ လွှတ်တော်ထဲမှာ အတိုက်အခံဆိုတဲ့ နိုင်ငံရေး ပါတီ၊ နိုင်ငံရေးအင်အားစုဟာ လက်ရှိ အာဏာရ ၀န်ကြီးချုပ်နဲ့ တန်းတူလောက် အရေးပါတဲ့ အနေအထား ရှိတယ်။ ဗမာပြည်မှာတော့ အတိုက်အခံဆိုတာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်က မဟုတ်တဲ့ပါတီတွေကို သူတို့က အတိုက်အခံ သဘောမျိုး ဖြစ်ပြီးတော့ သူတို့ရဲ့ အခန်းကဏ္ဍက ဘာမှမရှိလောက်အောင် မေ့မေ့နေတာ ဖြစ်တယ်။ ဒီဟာတွေကိုလည်း လေ့လာသင့်တယ်လို့ ကျနော်တို့က ထောက်ပြပါတယ်။ ​နောက်တခုကလည်း အိန္ဒိယလို ဒီမိုကရေစီရော တရားစီရင်ရေး စနစ်ကလည်းပဲ လွတ်လပ်မျှတတဲ့ စနစ်အောက်မှာတောင်မှ အဂတိ လိုက်စားမှုတွေ ကြီးမားနေလို့ ဒီနေ့ အိန္ဒိယလွှတ်တော်ထဲမှာ အဂတိ လိုက်စားမှု ပပျောက်ရေးအတွက် ဥပဒေတရပ် ပြဌာန်းဖို့ ကိစ္စက အကြီးအကျယ် ငြင်းခုံနေတဲ့ ကာလဖြစ်တော့ မြန်မာပြည်ကလည်း ခြစားမှု၊ လာဘ်စားမှုများလွန်းနေတော့ ဦးရွှေမန်းတို့အဖွဲ့ကလည်း ပြည်သူလူထုအင်အားနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို လွှတ်တော်ထဲထိ ရောက်အောင် လုပ်မှသာလျှင်​ ​မြန်မာပြည်အတွက်လည်း ကောင်းနိုင်မယ်။ ဒါကိုလည်း လေ့လာသင့်တယ်လို့ အကြံပြုလွှာမှာ ရေးသားထားပါတယ်။”

အကြံပြုလွှာကိုလည်း အိန္ဒိယလွှတ်တော်ဆီ ပေးပို့တယ်လို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ် အယောက် ၃ဝ ဟာ အိန္ဒိယ အထက်နဲ့အောက် လွှတ်တော် ဥက္ကဋ္ဌတွေရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံကို ငါးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်နေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013