Home
မြန်မာသတင်း
မောင်တောတွင် သံဃာ ၂ ပါးကို စိတ်ကြွဆေးပြား ၄ သန်းကျော်နှင့် ဖမ်းမိ
DVB
·
February 7, 2017
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ သံဃာတော် ၂ ပါးကို စိတ်ကြွရူးသွပ်ဆေးပြား ၄၂ ဒသမ ၄ သိန်းနဲ့ လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက် ညနေက မောင်တောမြို့နယ်၊ နယ်မြေ ၇၊ ဗောဓိကုန်းစစ်ဆေးရေးစခန်းမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းအရ စောင့်ဆိုင်းနေစဉ် ဥူးပညာနန္ဒ (ခ) မင်းနိုင် မောင်းနှင်ပြီး ဦးအာစာရ (ခ) အေးလွင် လိုက်ပါလာတဲ့ KLUGER ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းထဲမှာ မြွေရေခွံအိတ် ၂ အိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်းနဲ့ ငွေကျပ် ၁၀ သိန်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းတို့သီတင်းသုံးတဲ့ ရွှေဗဟိုရွာ၊ ရွှေဗဟိုဘုန်းကြီးကျောင်းကို ဝင်ရောက်ရှာဖွေရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၄ သိန်းပြား၊ ၉၁ လက်ပစ်ဗုံး ၁ လုံး၊ ဖျုစ် ၁ ခု၊ ၅ ဒသမ ၅၆ ကျည် ၅၅ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၃၉ တောင့်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ သံဃာ ၂ ပါးကို မောင်တောမြို့မကျောင်းတိုက်မှာ သိက္ခာချလူဝတ်လဲပြီး ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေပြီး မူးယစ်ဆေးတွေ ရွှေဗဟိုဘုန်းကြီးကျောင်းတိုက်ကို လာရောက်ပို့ဆောင်သူ လင်းအောင်ရွှေ ဆိုသူကိုလည်း ဖမ်းဆီးနိုင်ရေး စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။ သိမ်းဆည်းရမိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်းမှာ ၄၂ ဒသမ ၄ သိန်းပြားရှိပြီး တန်ဖိုးအားဖြင့် ငွေကျပ် ၈၄၈၀၀ သိန်းလောက်ရှိမယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024