သြစတြေးလျနိုင်ငံကိုလာသည့် ရွက်လှေတစီးပေါ်မှ ကိုကင်း ၁ တန်ခွဲနီးပါး စံချိန်တင်ဖမ်းမိ

ပြီးခဲ့တဲ့တပတ်က သြစတြေးလျနိုင်ငံကို လာရောက်တဲ့ ရွက်လှေတစီးပေါ်မှာ ကိုကင်း ၁ တန်ခွဲနီးပါး စံချိန်တင် ဖမ်းဆီးရမိခဲ့တယ်လို့ သြစတြေးလျရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပြောပါတယ်။ နိုင်ငံထဲ မူးယစ်ဆေးဝါးခိုးသွင်းဖို့ ကြိုးစားမှုနဲ့ သြစတြေးလျနိုင်ငံသား ၅ ဦး အပါအဝင် လူ ၆ ဦးကို စွဲချက်တင်ထားပြီး အခုဖမ်းဆီးရမိတဲ့ ပမာဏဟာ သြစတြေးလျနိုင်ငံမှာ တကြိမ်တည်းနဲ့ ဖမ်းဆီးရမိသမျှထဲ အများဆုံးဖြစ်တယ်လို့ သြစတြေးလျ တရားရေးဝန်ကြီးနဲ့ လူဝင်မှုဝန်ကြီးတို့က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ အခုဖမ်းဆီးရမိခဲ့တဲ့ ကိုကင်း ၁ ဒသမ ၄ တန်ဟာ ကာလတန်ကြေး အမေရိကန်ဒေါ်လာ သန်း ၂၄၀ လောက်ရှိတယ်လို့လည်း သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။ ၂၀၀၁ ခုနှစ်က အနောက်သြစတြေးလျပြည်နယ်မှာ ကိုကင်း ကီလို ၉၀၀ ကျော် ဖမ်းဆီးရမိခဲ့တုန်းကတော့ သြစတြေးလျနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ အများဆုံးစံချိန် ဖြစ်ခဲ့တာပါ။ သြစတြေးလျနိုင်ငံဟာ လက်ရှိမှာ ကမ္ဘာ့ဈေးအရဆုံး မူးယစ်ဈေးကွက်ကြီး ဖြစ်နေတဲ့အတွက် အခုလို ထုနဲ့ထည်နဲ့ ခိုးသွင်းဖို့ ကြိုးစားနေကြတာလို့လည်း သြစတြေးလျ တရားရေးဝန်ကြီးက ပြောပါတယ်။ ဒီမူးယစ်ဆေးဝါးမှောင်ခိုမှုကို ဖော်ထုတ်ဖို့ သြစတြေးလျ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တွေ၊  နယူးဇီလန် အကောက်ခွန်ဌာနတွေ ၂ နှစ်ခွဲကြာ ပူးပေါင်းဖော်ထုတ်ခဲ့ကြတာလို့လည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up