Homeမြန်မာသတင်း
သာစည်မြို့နယ်တွင်းရှိ ဘိန်းစိုက်ခင်းများကို ဌာနဆိုင်ရာနှင့်ပြည်သူ ပူးပေါင်းအဖွဲ့ ဖျက်ဆီး
သာစည်မြို့နယ်တွင်းရှိ ဘိန်းစိုက်ခင်းများကို ဌာနဆိုင်ရာနှင့်ပြည်သူ ပူးပေါင်းအဖွဲ့ ဖျက်ဆီး
DVB
·
February 6, 2017
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ မြင်းဒိုက်ကျေးရွာအုပ်စု၊ ဆင်တောင်မကြီးတောင်မှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်း ၃ ဧကခန့်ကို ဒေသခံပြည်သူတွေ၊ ဌာနဆိုင်ရာတွေနဲ့ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးတို့ ပါဝင်တဲ့ လူဦးရေ ၁၇၀ ကျော်က ဖေဖော်ဝါရီလ ၅ ရက် မနက် ၁၀ နာရီခွဲလောက်မှာ စတင်ဖျက်ဆီးခဲ့ပါတယ်။
မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတို့မှ မြင်းဒိုက်ရွာခံပြည်သူတွေကို စည်းရုံး ဟောပြော ရှင်းပြကာ အများအကျိုးရှိပြီး အဆင်ပြေစေမယ့် ဘိန်းအစားထိုး စိုက်ပျိုး လုပ်ဆောင်မှုတွေကို ကူညီဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။
“ကလောမြို့နယ်ဘက်ကနေ ဝင်သွားရတယ်။ မြင်းဒိုက်ရွာကနေ နောက်ထပ် ၁ နာရီလောက် ကားမောင်းပြီး ၁ နာရီကျော်ကျော်လောက် လမ်းလျှောက်မှ တောင်တွေကြားက ဘိန်းစိုက်ခင်းတွေဆီ ရောက်တယ်။ ဘိန်းပင်တွေက အမြင့် ၃ ပေလောက်ရှိနေပြီ။ အပွင့်တွေ၊ အသီးတွေ ဝေဆာနေပြီ။ တပင်မကျန် ဖျက်ဆီးပစ်ခဲ့လိုက်တယ်။ ၁ နာရီကျော်ကြာအောင် ဖျက်ရတယ်။ လူနဲ့ လူ့ပတ်ဝန်းကျင် ဆိုးကျိုးဖြစ်စေတဲ့ မူးယစ်ဆေး ကင်းစင်စေချင်တယ်”လို့ ခရိုင် ရဲအုပ်တင်ထွန်းအောင်က ပြောပါတယ်။
ခရိုင်-မြို့နယ်-ရပ်ကျေးအုပ်ချုပ်ရေးဌာန၊ ခရိုင်-မြို့နယ် ရဲတပ်ဖွဲ့ စိုက်ပျိုးရေး၊ မြေစာရင်း၊ သစ်တော၊ မန္တလေးမူးယစ်၊ သတင်းတပ်ဖွဲ့နဲ့ တပ်မတော်ပြည်သူတို့ ပူးပေါင်းအဖွဲ့မှ ဖျက်ဆီးခဲ့ကြရာ နေ့လယ် ၁ နာရီခန့်မှာ ပြီးစီးခဲ့ပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)