Home
မြန်မာသတင်း
ကုလသမဂ္ဂစောင့်ရှောက်ရေးအဖွဲ့များ လိုင်ဇာရောက်ချိန် တိုက်ပွဲများ ဆက်ဖြစ်
DVB
·
December 13, 2011
ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF အပါအ၀င် ကုလသမဂ္ဂ လူသားချင်းစာနာရေး အထောက်အကူ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ UNOCHA နဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အဖွဲ့ ၃ ဖွဲ့ ကချင်ဒုက္ခသည်တွေကို ဒီကနေ့ လာရောက် ကြည့်ရှုကြတယ်လို့ စစ်ပြေးဒုက္ခသည် ကူညီစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဒွဲဒီဆန်းက ပြောပါတယ်။ “လိုင်ဇာကိုမနေ့ည ၄ နာရီကျော်မှာရောက်တယ်။ ဒီမနက် ကျနော်တို့  IDP ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ စခန်းကိုလိုက် ကြည့်ရှုပြီးမှ အခု လိုင်ဇာအပြင်ဘက်က စခန်းမှာ ရောက်နေကြတယ်။ အခုတော့ သူတို့ ဒုက္ခသည်တွေရဲ့ အခြေအနေကို လာလေ့လာတဲ့သဘော။ လေ့လာပြီးမှ နောက် ဘာတွေကူုညီရမလဲ ဆိုတာ နောက်မှသူတို့ ဆုံးဖြတ်မယ်နဲ့ တူတယ်။ အခုတော့ အိမ်သုံးပစ္စည်းပါတယ်။ ပစ္စည်းတင်တဲ့ကားက ၇ စီး။ အရာရှိတွေ စီးတဲ့ကားက ၂ စီး အားလုံး ၁၀ စီးပါတယ်။” လောလောဆယ် လိုင်ဇာဒုက္ခသည်စခန်း ၄ ခုမှာ ကချင်ဒုက္ခသည် တသောင်းကျော် ရှိပါတယ်။ လိုင်ဇာအပြင်ဘက်မှာလည်း တသောင်းကျော်ရှိပြီး ကချင်ပြည်နယ် မြစ်ကြီးနားအရှေ့ဘက်ကနေ ရှမ်းပြည်နယ်စပ်အထိ စုစုပေါင်း ကချင်ဒုက္ခသည် ၄၅၀၀၀ ထောင်ကျော် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကုလသမဂ္ဂအဖွဲ့တွေ ရောက်နေပေမယ့် ကချင်ပြည်နယ် လိုင်ဇာဒေသကို မြန်မာ အစိုးရတပ်တွေက တပ်အင်အား အမြောက်အမြားတိုးပြီး ထိုးစစ်ဆင်နေဆဲ ဖြစ်တယ်လို့  ဦးဒွဲဒီဆန်းက ဆက်ပြောပါတယ်။ “သတင်းအရတော့ ဒီဇင်ဘာ ၁၀ ရက် နေ့စွဲနဲ့ အပစ်အခတ်ရပ်ဖို့ အမိန့် ပေးထားတယ် ဆိုတာတော့ ကြားပါတယ်။ လက်တွေ့ ရှေ့တန်းမှာတော့ တိုက်ပွဲတော့ ဖြစ်နေတုန်းပဲ။ တပ်ရင်းပေါင်း ၁၄၀ ပတ်ဝန်းကျင် ရောက်နေတယ်။ တပ်မ ၈၈၊ ၃၃၊ ၂၂၊ ၉၉ ပြန်တက်လာတယ်လို့ ပြောကြတယ်။ ဒီနေ့လည်း ဆင်လုံဟဲ ဟိုဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်။” နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ကေအိုင်အိုနဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေ တရုတ်ပြည်နယ်စပ် ရွှေလီမြို့မှာ အပစ်အခတ်ရပ်စဲရေး အတွက်​ ​တွေ့ဆုံ ဆွေးနွေးခဲ့ကြပေမယ့် မြန်မာစစ်တပ်က ထိုးစစ်တွေကို ရပ်နားခဲ့တာတွေ မရှိခဲ့ပါဘူး။ ဒီဇင်ဘာလ ၁၀ ရက်နေ့က သမ္မတဦးသိန်းစိန်ကနေပြီး  ကေအိုင်အိုကို တိုက်နေတာတွေ ရပ်ဖို့ အမိန့်ထုတ်ပြန်ခဲ့တဲ့ ကြားက စစ်တပ်က ထိုးစစ်ဆင်မှုတွေကို တိုးမြှင့် လုပ်ဆောင်နေခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024