ရေးမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်ကျဆင်းရေး အသိပညာပေးဟောပြော
DVB
·
February 3, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စုံနံ့သာကျေးရွာ၊ အာယုတောင်ကျေးရွာမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်ပိုင်းက ကျောင်းသားနဲ့ ပြည်သူတွေကို မှုခင်းအန္တရာယ်ကျဆင်းရေး အသိပညာပေး ပြခန်းယာဉ်နဲ့ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က လိုက်လံဟောပြောခဲ့ပါတယ်။
"လက်ကမ်းစာစောင်တွေလည်း ဖြန့်ဝေပေးပြီး မူးယစ်ဆေးဝါးနဲ့ ပါဝင်ပတ်သက်တဲ့ ပြစ်မှု ပြစ်ဒဏ်တွေ၊ ဆိုးကျိုးတွေကို ဗွီနိုင်းကားချပ်ပါ နမူနာပုံစံတွေနဲ့ အသိပညာပေး ရှင်းလင်းပြောကြားရာကို စိတ်ဝင်တစား လာရောက်လေ့လာခဲ့ကြတယ်"လို့ မူးယစ်တပ်ဖွဲ့စု ၃၉ မှ တာဝန်ခံ ဒုရဲမှူး နိုင်အောင်ခိုင်က ပြောပါတယ်။
“အခုလို မူးယစ်ဆေးဝါးတွေကို အသိပညာပေး၊ တားဆီးနှိမ်နင်းဖမ်းဆီးနေရုံနဲ့ မပျောက်နိုင်ပါဘူး။ သုံးစွဲနေခြင်းနဲ့ သုံးစွဲနိုင်သော လူငယ်လူရွယ်များ၊ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးအန္တရာယ်များ အရေးယူတဲ့ မူးစိတ်ပုဒ်မများ၊ ပြစ်ဒဏ်များကို သိရှိပြီး မူးယစ်ဆေးဝါး သုံးစွဲဓလေ့ လျော့နည်းပပျောက်စေဖို့ ရည်ရွယ်ပါတယ်။”
အဆိုပါ မှုခင်းအန္တရာယ်ကျဆင်းရေး ပြခန်းယာဉ်ဟာ ရေးမြို့နယ် လူစည်ကား အချက်အချာကျတဲ့ ဈေး၊ ကားဂိတ်၊ ကျောင်းတွေမှာ ဟောပြောပြသခဲ့တာ ၅ ကြိမ်မြောက် ဖြစ်တယ်လို့ ဆိုပါတယ်။
သတင်း - နေမျိုးထွဋ်