မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် သုံးမျိုးစုံပြိုင်ပွဲ (Triathlon) ကျင်းပမည်

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် သုံးမျိုးစုံပြိုင်ပွဲ (Triathlon) ကို လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်မှာ စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။ သုံးမျိုးစုံ အားကစားပြိုင်ပွဲမှာ တောင်တက်စက်ဘီးစီးပြိုင်ပွဲ ၄၁ ကီလိုမီတာ၊ ရေကူးပြိုင်ပွဲ ၈၀၀ မီတာနဲ့ အပြေးပြိုင်ပွဲ ၁၀ ကီလိုမီတာ ပြိုင်ပွဲသုံးမျိုး ယှဉ်ပြိုင်ရမှာဖြစ်ပြီး လှည်းကူးမြို့နယ်နဲ့ မှော်ဘီမြို့နယ်ကြားမှာရှိတဲ့ ငါးဆူတာင်နဲ့ ကလိတောဆည်တို့မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အိမ်ရှင်မြန်မာနိုင်ငံ အပါအ၀င် ဂျာမနီ၊ သြစတြေးလျ၊ အမေရိကန်၊ ဂျပန်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ပြင်သစ်၊ ဒိန်းမတ်၊ အင်္ဂလန် စတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံက ကစားသမား စုစုပေါင်း ၅၀ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက သုံးမျိုးစုံအားကစားလက်ရွေးစင် ၅ ဦးအပါအဝင် စုစုပေါင်း ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အခြားနိုင်ငံတွေက ကစားသမား ၃၀ ဦး ပါဝင်မှာဖြစ်တယ်လို့ ပြိုင်ပွဲဦးဆောင်ကျင်းပမယ့် My Pay ကုမ္ပဏီက CEO တင်ရှက်ဖ်မန်းက ပြောပါတယ်။ ဒီပြိုင်ပွဲမှာ ပထမဆုရတဲ့ ကစားသမားကို အမေရိကန်ဒေါ်လာ ၁၅၀၊ ဒုတိယ ၇၅ ဒေါ်လာ၊ တတိယ ၃၅ ဒေါ်လာ ချီးမြှင့်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ သုံးမျိုးစုံ အားကစားဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ ကစားသမားတွေ စိတ်ပျော်ရွှင်စေဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ စက်ဘီးစီး၊ ရေကူး၊ အပြေးပြိုင်ပွဲတွေ ပါဝင်တဲ့ သုံးမျိုးစုံအားကစားပြိုင်ပွဲဟာ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ထည့်သွင်းကျင်းပနေတဲ့ အိုလံပစ်အားကစားနည်းတခုဖြစ်ပြီး လာမယ့် မလေးရှားဆီးဂိမ်းပြိုင်ပွဲမှာလည်း ထည့်သွင်းကျင်းပမှာ ဖြစ်ပါတယ်။ လွှမ်းမိုးအောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up