သမိုင်းမှတ်တမ်း မှားယွင်းဖော်ပြမှုကို ပြင်ဆင်ပေးရန် တောင်းဆို
DVB
·
December 11, 2011
ဗိုလ်မှူးကြီး စိန်မြ ကျဆုံးခြင်းအပေါ် လွဲမှားသည့် ဖော်ပြချက်အား ပြင်ဆင်ပေးရန် ပြည်သူ့ကာကွယ်ရေးတပ် (PDF)က ဒီဇင်ဘာလ ၁၂ ရက်နေ့က အိတ်ဖွင့်ပေးစာနဲ့ တောင်းဆိုလိုက်ပါတယ်။
ဗိုလ်မှူးကြီး စိန်မြဟာ လွန်ခဲ့တဲ့ ၁၈ နှစ်က ငှက်ဖျားရောဂါနဲ့ ထိုင်းနိုင်ငံ ဇင်းမယ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပေမယ့် မဆလခေတ်က ၀န်ကြီးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်တင့်ဆွေ (တင့်ဆွေ-ဖျာပုံ)က သူ့ရဲ့ စာအုပ် ကျောပိုးအိတ်လေးကို ချီကာလွယ်ထဲမှာတော့ ကရင် သောင်းကျန်းသူများကြောင့် သေဆုံးခဲ့တဲ့အကြောင်း၊ မြန်မာစစ်တပ်ကပဲ သဂြိုင်္ဟ် ပေးလိုက်ရတဲ့အကြောင်း ရေးသားထားတဲ့အပေါ် တောင်းဆိုလိုက်တာပါ။
ပီဒီအက်ဖ် နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထက်က သမိုင်းအမှန်ကို အမှားပြင်ဆက်ချက်အနေနဲ့ ပြင်ဆင်ပေးဖို့ တောင်းဆိုပါတယ်။
“ဗိုလ်မှူးကြီး စိန်မြက တိုင်းပြည်လွတ်လပ်ရေးသမိုင်းမှာ ရွပ်ရွပ်ချွံချွံ ပါခဲ့တယ်။ ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာလည်း ပါခဲ့တယ်ဆိုတော့ လူပုဂ္ဂိုလ်တယောက်ရဲ့ သမိုင်းကို မဟုတ်မမှန် သရုပ်ဖျက်တာမျိုး လုပ်တာကတော့ ကျနော်တို့က မသင့်တော်ဘူး ထင်တယ်။ နောက်တခုက သူ့ရဲ့ ဆွေမျိုးသားချင်းတွေ၊ နောက်လာနောင်သားတွေ ဒီသမိုင်းကို ကြည့်လိုက်ရင် ဒီပုဂ္ဂိုလ်ကြီးက မရှုမလှနဲ့ ဟိုမှာသွားပြီး သေရပါလားလို့ ကျနော်တို့ သမိုင်းအမှားကြီးကို တင်ကျန်မနေရစ်စေချင်ဘူး။ ဒါကြောင့် ကျနော်တို့က စာရေးသူအနေနဲ့ သမိုင်းအမှန်ကို အမှားပြင်ဆက်ချက် လုပ်ပေးပါဆိုပြီး အိပ်ဖွင့်ပေးစာ ပေးလိုက်တာပါပဲ။”
ဗိုလ်မှူးကြီး စိန်မြကို ကရင်သောင်းကျန်းသူတွေက သေနတ်နဲ့ ပစ်သတ်ပြီး မြန်မာပြည်ဘက်အခြမ်းကို လာရောက်ပစ်ထားတယ်လို့ ဒေသခံတပ်တွေက သတင်းပို့တဲ့အတွက် အလောင်းကို ကောင်းမွန်စွာ သဂြိုင်္ဟ်လိုက်ပါဟု ပြောခဲ့ကြောင်း တင့်ဆွေ (ဖျာပုံ)က ရေးသားထားပါတယ်။
ရှမ်းပြည်နယ် ပြည်ထဲရေးဝန်ကြီးဌာနကို ပြောင်းရွှေ့ပြီးနောက် အနားယူသွားတဲ့ ဗိုလ်မှူးကြီးစိန်မြဟာ သောင်းကျန်းသူတွေနဲ့ ဆက်သွယ်ပြီး ထိုင်းနိုင်ငံနယ်စပ်မှာ မွန်ပြည်သစ် ပါတီဝင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ပီဒီအက်ဖ်ရဲ့ အိတ်ဖွင့်ပေးစာမှာတော့ ဗိုလ်မှူးကြီး စိန်မြဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ပြည်သူဘက်က ရပ်တည်ခဲ့ပြီး ၉၃ ခုနှစ် မာနယ်ပလော ဗဟိုဌာနချုပ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မှူး၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ နိုင်ငံရေး ဦးဆောင်ကော်မတီ အကြံပေးအဖွဲ့ဝင်၊ စစ်ရေးကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဗဟိုစည်းရုံးရေးကော်မတီဝင်အဖြစ် ထမ်းဆောင်နေစဉ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ငှက်ဖျားရောဂါနဲ့ ဇင်းမယ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဗိုလ်မှူးချုပ်တင့်ဆွေရဲ့ မှားယွင်းရေးသား ထုတ်ဝေမှုကိုလည်း ဦးကျော်ထက်က အခုလို ထောက်ပြပါတယ်။
“တာဝန်တွေ ထမ်းဆောင်နေရင်းနဲ့ ငှက်ဖျားပိုးက ဦးနှောက်ထဲ ၀င်သွားတာပေါ့ဗျာ။ အဲဒီမှာ ရှိတဲ့ ရဲဘော်တွေက ဇင်းမယ် ဆေးရုံကြီးမှာ ကြိုးစားကုပေမယ့် ဇင်းမယ် ဆေးရုံကြီးမှာပဲ ကွယ်လွန်သွားတယ်။ ဒါက အဖြစ်အမှန်ပါ။ အဲဒီတုန်းက ဗိုလ်မှူးကြီး စိန်မြကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး သဂြိုင်္ဟ်ခဲ့ရတာတွေ ပြုစုခဲ့ရတဲ့သူတွေ အများကြီး ရှိပါသေးတယ်။ အဲတော့ ကျနော်တို့ ထောက်ပြတာက စာရေးသူ ဗိုလ်မှူးချုပ် တင့်ဆွေက ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံနဲ့ အတူ မဆလက ချုပ်ငြိမ်းသွားပြီ။ ကျနော်ပြောချင်တာက ဗိုလ်မှူးကြီး စိန်မြ ကျဆုံးတဲ့အချိန်မှာ သူလည်း တပ်မတော်ထဲမှာ မရှိတော့ဘူး။”
ဗိုလ်မှူးကြီး စိန်မြဟာ ၁၃၀၀ ပြည့် အရေးတော်ပုံမှ အစပြုပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)၊ ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)စတဲ့ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ ဖက်ဆစ် တော်လှန်ရေးတွေမှာ ပါဝင်ခဲ့သူ တဦး ဖြစ်ပါတယ်။