လူကုန်ကူးခံရသည့် မြန်မာ ၅ ဦးကို ထိုင်းမှ ပြန်လည်လွှဲပြောင်းပေးအပ်
DVB
·
February 1, 2017
ကော့သောင်းခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၃၁ ရက်က ထိုင်းနိုင်ငံ ရနောင်းခရိုင်ကနေ လွှဲပြောင်းပေးအပ်တဲ့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၅ ဦးကို လက်ခံခေါ်ဆောင်ခဲ့ပြီး မိမိနေရပ် ပြန်လည်ပို့ဆောင်ပေးနိုင်ရေး စီစဉ်ပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနအောက်ရှိ ဂေဟာများမှာ လက်ခံစောင့်ရှောက်ပေးထားတဲ့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားများကို ပြန်လည်လွှဲပြောင်းပေးရာ ဇန်န၀ါရီ ၃၁ ရက် နံနက်ပိုင်းက လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား မိသားစုဝင် ၅ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့ တာဝန်ရှိသူများမှ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ တာဝန်ရှိအဖွဲ့အစည်းများထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံတဝန်း လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနအောက်ရှိ ဂေဟာများမှာ လက်ခံစောင့်ရှောက်ပေးထားတဲ့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၆၄ ဦးရှိရာ ဇန်န၀ါရီ ၃၁ ရက်က မြ၀တီ-မဲဆောက် လမ်းကြောင်းမှ ၄၄ ဦး၊ တာချီလိတ်-မဲဆိုင် လမ်းကြောင်းမှ ၁၅ ဦး၊ ကော့သောင်း-ရနောင်းလမ်းကြောင်းမှ ၅ ဦးကို အသီးသီး လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
သတင်းပေးပို့ - လတ်ကိုကိုဦး